BEC-TERO TV

ကျိုက်ထီးရိုးဒေသ မီးဖြတ်ထားသဖြင့် ထိုဒေသမှကလေးငယ်များ ပညာသင်ယူခွင့် အခက်အခဲရှိနေ

14 Jul 2020     1,338 Views


ကျိုက်ထီးရိုးဒေသ နေထိုင်သူတွေကို မွန်ပြည်နယ်အစိုးရအဖွဲ့က လျှပ်စစ်မီးအပါအဝင် ကားအသုံးပြုခွင့် ဖြတ်တောက်ပိတ်ပင်ထားလို့ အဲဒီဒေသက ကလေးငယ်တွေ ပညာသင်ယူခွင့် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆံတော်ရှင် ကျိုက်ထီးရိုးဒေသ နေထိုင်သူတွေကို မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက် ကြောင့် ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့ကတည်းက လျှပ်စစ်မီးအပါအဝင် ကားအသုံးပြုခွင့်ကို ဂေါပကအဖွဲ့က ဖြတ်တောက်ပိတ်ပင်ထားတာပါ။

ကျိုက်ထီးရိုးဒေသမှာ နေထိုင်တဲ့ ကလေးငယ်တွေဟာ တောင်ပေါ်ရှိ အစိုးရပိုင် မူလွန်ကျောင်း အပါအဝင် ဘုန်းတော်ကြီး ပညားရေးကျောင်းနဲ့ တောင်အောက်က ကင်းမွန်ချောင်းနဲ့ ကျိုက်ထို အ.ထ.က စာသင်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားဦးရေဟာ ၄၀၀ နီးပါး ရှိနေတာပါ။ အခုအခါ မကြာမီ ကျောင်းပြန်ဖွင့်မယ့် အခြေအနေမှာ အဲဒီဒေသ နေထိုင်သူတွေကို လျှပ်စစ်မီးနဲ့ ကားအသုံးပြုခွင့် ပိတ်ပင်ထားဆဲဖြစ်လို့ ကလေးငယ်တွေ ပညာသင်ယူခွင့် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကျိုက်ထီးရိုးရင်ပြင် ရာအိမ်မှူး ဦးကျော်မင်းဦးက ပြောပါတယ်။

ကျိုက်ထီးရိုးဒေသမှာ နေထိုင်တဲ့ ကလေးငယ်တွေ ပညာသင်ယူခွင့်ရဖို့ အရင်က တောင်အောက်မှာ ကျောင်းသွားတက်တဲ့ ကလေးငယ်တွေအတွက် ဂေါပကအဖွဲ့က ကျောင်းကြိုကျောင်းပို့ကား ၂ စီး ချထားပေးခဲ့တာပါ။ အခုအခါမှာတော့ ပြည်နယ် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကြောင့် လျှပ်စစ်မီးအပါအဝင် ကားအသုံးပြုခွင့် အားလုံး ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုကိစ္စရပ်ကို ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုပေးဖို့ ညွှန်ကြားလာရင် အသုံးပြုခွင့် ပြန်ပေးသွားမယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးကျော်ဝင်းလှိုင်က ပြောပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုးဒေသမှာတော့ အိမ်ထောင်စု ၅၀၀၊ လူဦရေး ၃၀၀၀ နီးပါးဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက အမြဲတမ်းနေထိုင်လာကြတာပါ။ မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ ကျိုက်ထီးရိုးဒေသက ကျူးကျော်တွေ လာရောက်နေထိုင် တဲ့ ဆင်ချောက်ရွာကိုပဲ လျှပ်စစ်မီးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ကျိုက်ထီးရိုးဒေသခံတွေကတော့ ဂေါပကအဖွဲ့အနေနဲ့ ကျိုက်ထီးရိုးဒေသက နေရာအားလုံးကို မီးဖြတ်ထားတာဖြစ်ပြီး ဟိုတယ်တွေနဲ့ ဂေါပကပိုင် အဆောက်အဦတွေကိုသာ မီးအသုံးပြုခွင့် ပေးထားတယ်လို့ ဆိုကြပါတယ်။

ကျိုက်ထီးရိုးဒေသ လျှပ်စစ်မီးအပါအဝင် ကားအသုံးပြုခွင့် ဖြတ်တောက်ခံထားရမှုကို မွန်ပြည်နယ်လွှတ်တော်က ပြန်လည် အသုံးပြုခွင့်ပေးဖို့ ဇူလိုင် ပထမအပတ်မှာ ညှိနှိုင်းစာပေးပို့ထားပေမယ့် အစိုးရက တစုံတရာ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောပါတယ်။ ကျိုက်ထီးရိုးဒေသခံတွေကတော့ မကြာမီ စာသင်ကျောင်း ပြန်ဖွင့်တော့မယ့် အခြေအနေ ကြောင့် သူတို့ကလေးတွေ ပညာသင်ယူခွင့် မဆုံးရှုံးရအောင် အစိုးရအနေနဲ့ လျှပ်စစ်မီးနဲ့ ကားအသုံးပြုခွင့် ပြန်ပေးဖို့ လိုလားနေကြပါတယ်။


14 Jul 2020     1,338 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS