BEC-TERO TV

ကိုဗစ်ကာလတွင် နစ်နာခဲ့သည့် ဧရာဝတီတိုင်းက လုပ်သား ၅၀၀၀ ကျော် လူမှုဖူလုံရေး အကျိုးခံစားခွင့်ရရှိ

15 Jul 2020     1,280 Views


ဧရာဝတီတိုင်းအတွင်း COVID - 19 ရောဂါကပ်ဘေးကြောင့် စက်ရုံတွေ ယာယီပိတ်ထားတဲ့ကာလမှာ နစ်နာခဲ့တဲ့ အလုပ်ဌာန ၁၃ ခုက အလုပ်သမား ၅၀၀၀ ကျော် အတွက် ကျပ်သိန်း၂၀၁၇ ကျော် လူမှုဖူလုံရေးအကျိုးခံစားခွင့် ပေးအပ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက “အခြားကလာတဲ့ ပိုက်ဆံမဟုတ်ဘူး။ အလုပ်သမားတွေ အလုပ်ရှင်တွေက ထည့်ဝင်ထားတဲ့ငွေပဲ။

အလုပ်ဌာန ၁၃ ခု၊ အလုပ်သမား ၅၆၈၉ ဦးအတွက် ကျပ်သိန်း၂၀၁၇ ကျော်ကို ဇူလိုင်လ ၁၂ ရက်နေ့မှာ ပုသိမ်မြို့၊ လူမှုဖူလုံရေး ၄၀ ရာခိုင်နှုန်း အကျိုးခံစားခွင့် ပေးအပ်ခဲ့တယ်”လို့ ပြောပါတယ်။ ကိုဗစ်ကာလအတွင်း လုပ်ငန်းခွင်မှ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အာမခံအလုပ်သမားတွေအတွက်လည်း အလုပ်လက်မဲ့ဖြစ်တဲ့ နေ့ကစပြီး တစ်နှစ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဖိုးနဲ့ ခရီးစရိတ်ပြန်အမ်းငွေခွင့်ပြုထုတ်ပေးတာ စတဲ့ အချက် ၅ ချက်ကို လူမှုဖူလုံရေး အာမခံအလုပ်သမားတွေ ကိုဗစ်ကာလမှာ ခံစားရရှိနိုင်ကြောင်း သိရှိရပါတယ်။

လူမှုဖူလုံရေးအဖွဲ့လက်ထောက်ညွန်ကြားရေးမှူးဒေါ်မြတ်မြတ်ဦးက “တချို့ကလည်း ပိတ်လိုက်ရတယ်။ တချို့ကလည်း အလုပ်လျှော့ခံလိုက်ရတယ်။ အဲဒီမှာ ပါသွားတဲ့ လုပ်ငန်းခွင်မှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အာမခံအလုပ်သမားတွေအတွက် အလုပ် လက်မဲ့ဖြစ်တဲ့နေမှ စပြီး တစ်နှစ်အတွင်းကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဖိုးနဲ့ ခရီးစရိတ်ပြန်အမ်းငွေ ခွင့်ပြုထုတ်ပေးတာတွေကို ကိုဗစ်ကာလမှာ အာမခံလုပ်သားများ အကျိုးခံစားခွင့်ရှိတယ်”လို့ ပြောပါတယ်။

ကိုယ်ဝန်ဆောင်ထားရတဲ့ အာမခံအလုပ်သမားတွေအတွက် ကိုယ်ဝန်ဆောင်မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ၊ ဧပြီလ ၂၀ ရက်မှ မေလ ၁၅ ရက်နေ့အထိ အစစ်ဆေးခံဖို့ ခေတ္တပိတ်ထားတဲ့ စက်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားတွေအတွက် ထောက်ပံ့မှု အကျိုးခံစားခွင့် ၄ ရာခိုင်နှုန်းရရှိပါတယ်။ အကျိုးခံစားခွင့်ရရှိသူ Huabo Time စက်ရုံမှ H.Rမန်နေဂျာ ဒေါ်စုစံဝင်းက “ဘယ်လို လုပ်သားပဲဖြစ်ဖြစ်ပေါ့ လူမှုဖူလုံရေးမှာ အကျိုးခံစားခွင့်ရဖို့အတွက်တော့ အကျုံးဝင်တဲ့ လုပ်သားမှန်လို့ရှိရင် ထည့်ဝင်ကြေးပေးသွင်းသင့်ပါတယ်။

ကိုယ်သွင်းရတဲ့ ပိုက်ဆံက နည်းနည်းလေးနဲ့ အခုလိုမျိုးပြန်ရတယ်ဆိုရင် ကိုယ့်အတွက် အာမခံချက်တွေလည်း အများကြီး ရှိတယ်။ ငွေရေးကြေးရေနဲ့ တခြားအာမခံချက်တွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ အများကြီးရရှိတဲ့အတွက် အတတ်နိုင်ဆုံး လူမှုဖူလုံရေးဆို ထည့်ဝင်ဖို့မရှောင်ဘဲ ပေးသွင်းစေချင်ပါတယ်၊အဲဒါကြောင့်ကိုယ်အတွက် အာမခံချက်က အလုပ်သမားတိုင်းရရှိမယ်။” လို့ ပြောပါတယ်။ စက်ရုံအလုပ်ရုံတွေမှာ ကိုဗစ်ကာလ ငွေကြေးအကြပ်အတည်းအခက်အခဲများဖြစ်တဲ့အတွက် လစဉ်ထည့်ဝင်ကြေးကို ၃ လ နောက်ဆုတ်ပေးထားကြောင်းနဲ့ နောက်ဆုတ်ပေးတဲ့အတွက် နောက်ကျကြေး ကင်းလွတ်ခွင့်ပြုထားကြောင်း သိရှိရပါတယ်။

စက်ရုံအလုပ်ရုံတွေက အလုပ်သမားများ အခြေခံလစာ ၂ ရာနှုန်းကို လစဉ် လူမှုဖူလုံရေး ပေးသွင်းရတာဖြစ်ပြီး ပေးသွင်းတဲ့ အလုပ်ဌာနတွေနဲ့ စက်ရုံတွေအနေနဲ့ ကိုဗစ်ကာလ ယာယီစက်ရုံပိတ်သိမ်းချိန်မှာ အကျိုးခံစားခွင့် ၄၀ ရာနှုန်းပြန်လည်ရရှိတာ ဖြစ်ပါတယ်။


15 Jul 2020     1,280 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS