BEC-TERO TV

မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်တွင် ဦးကျော်ဟိန်း (ခ) ဆရာတော် ကိတ္တိသာရ၏ ရုပ်တု ထားရှိသွားမည်

23 Jul 2020     1,517 Views


ပြီးခဲ့တဲ့ရက်သတ္တပတ်ကျော်က ဘ၀တစ်ပါးသို့ပျံလွန်တော်မူသွားခဲ့တဲ့ တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်ရှင်​​လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့သူ အကယ်ဒမီများရှင် ရုပ်ရှင်မင်းသားကြီးကျော်ဟိန်းတစ်ဖြစ်လဲ ဆရာတော် ဦးကိတ္တိသာရ၏ရုပ်တုကို မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်တွင် ထားရှိသွားမည်ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့အနုပညာ ရုပ်ရှင်လောကရဲ့ နာမည်ကြီး စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အကယ်ဒမီဆုကြီး ၅ ဆုကို ပိုင်ဆိုင်ရရှိထားတဲ့ ဦးကျော်ဟိန်းဟာ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်သာမက ယခုခေတ် လူငယ်အနုပညာရှင်တွေကြားမှာပါ မမေ့နိုင်စရာသူတစ်ဦးမို့ ဦးကျော်ဟိန်း၏ရုပ်တုကို မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်တွင် မှတ်တမ်းတင်ထားရှိသွားမှာဖြစ်ပါတယ်။

ထပ်ဆင့် အကယ်ဒမီဆုရှင် ကျော်ဟိန်း(ခ) ဆရာတော် ကိတ္တိသာရ၏ ရုပ်တုကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှိ ရုပ်ရှင်သမိုင်းပြတိုက် စိန်ရတုခန်းမတွင် ထားရှိသွားမည့်အကြောင်းကိုတော့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က

"မြန်မာ့ရုပ်ရှင်မှာ ဦးကျော်ဟိန်းဆိုတာလည်း တစ်ခေတ်ပါပဲလေ။ ဦးကျော်ဟိန်းက ရုပ်ရှင်ကောင်စီခေတ်မှာပဲ မင်းသားဖြစ်ခဲ့တယ်။ ရုပ်တုထားရှိဖို့တော့ ကိုလူချောတို့အဖွဲ့က ဦးအောင်ခိုင်က အကြံဉာဏ်ပေးတယ်။ အလှူရှင်တွေလည်း ရှိတယ်။ ကျန်ရစ်သူမိသားစုလည်း သဘောကျပါတယ်။ ဒီရုပ်ရှင်အစည်းအရုံးမှာ လက်ရှိ သမိုင်းပြတိုက်နေရာက အဆောက်အအုံမှာ သူ့ရုပ်တုလေးရှိရင် ပိုကောင်းမယ်။ စိန်ရတုခန်းမမှာ သူ့ရုပ်တုကို ထားပါမယ်။ ကျော်ဟိန်း၊ ဇော်ဝမ်း ဒီတစ်ခေတ်ကလည်း ရှိခဲ့တယ်။ ဦးညွန့်ဝင်းတို့နဲ့ ခေတ်ပြိုင်မင်းသားတွေပေါ့"ဟု ပြောသည်။

လက်ရှိအချိန်တွင် ဦးကျော်ဟိန်းပုံရုပ်တုကို မင်းသားဘ၀ကပုံ အရပ်ဝတ်ဖြင့်လည်းကောင်း၊  ရဟန်းဝတ်ဖြင့်လည်းကောင်း ထားရှိရန်ရွေးချယ်ကြရာ ဘုန်းကြီးဝတ်ဖြင့်ပုံကိုထားရှိရန် ဆန္ဒပြုသူများပြားနေကြောင်း သိရသည်။ ဦးကျော်ဟိန်း၏ရုပ်တုကို ရုပ်ရှင်သမိုင်းပြတိုက် စိန်ရတုခန်းမတွင်ထားရှိရန် ကိုလူချောအဖွဲ့မှ ဦးအောင်ခိုင်တို့က အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

(ပိုပိုလေး)

 


23 Jul 2020     1,517 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment