BEC-TERO TV

ကမ္ဘာ့အနက်မှောင်ဆုံးအမည်းရောင်ရှိသော ပင်လယ်ရေနက်ငါး

29 Jul 2020     1,466 Views


ပင်လယ်ရေနက်သတ္တဝါမျိုးစိတ်အနည်းဆုံး ၁၆ မျိုးကို ကမ္ဘာပေါ်တွင်အနက်မှောင်ဆုံး အမည်းရောင်အဖြစ်သတ်မှတ်ထားသည့် Vantablack အရောင်နှင့် အနီးစပ်ဆုံးရှိသည့် အထူးအမည်းရောင်ရှိသောအသားအရေရှိသည်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘယ်လောက်တောင်မည်းလဲဆိုတာ ဓါတ်ပုံဆရာများ သာမန်အလင်းချိန်နည်းနှင့် ဓါတ်ပုံမရိုက်နိုင်လောက်အောင် မည်းနက်လွန်းပါတယ်။ ဤရှာဖွေတွေ့ရှိချက်သည် အမေရိကန်ပြည်ထောင်စုနှင့်ဗြိတိသျှဇီဝဗေဒပညာရှင်အဖွဲ့မှ Current Biology ဂျာနယ်တွင်ပုံနှိပ်ထုတ်ဖော်ထားပါတယ်။

ဤပင်လက်ရေနက်သတ္တဝါများသည် နက်ရှိုင်းမှောင်မည်းသော ပင်လယ်အောက်ခြေ မီတာ ၂၀၀ ကျော်အနက်တွေမှာ နေထိုင်ကြလေ့ရှိပါတယ်။ သူတို့ရဲ့နက်မှောင်တဲ့အသားအရေတွေက အမဲလိုက်ငါးများမှလွတ်မြောက်ရန် သူတို့ကိုဖုံးကွယ်ထားပေးပါတယ်။ Smithsonian Institute မှသုတေသနအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ “ကာရင် အော့စ်ဘွန်း” ၏ပြောကြားချက်တွင် တစ်ခါက သူမမှာ ပင်လယ်ရေနက်ငါးမျိုးစိတ်အချို့ဓါတ်ပုံရိုက်ကူးရန်ကြိုးစားနေစဉ် ပြဿနာကြုံတွေ့ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့အသားအရေက ဓါတ်ပုံဆရာ၏မီးအလင်းမှ အလင်းရောင်အားလုံးနီးပါးကို စုပ်ယူသောကြောင့် ပုံရဲ့ရုပ်ထွက်က မှောင်ပြီးကြည်လင်ပြတ်သားမမြင်ရဘဲဖြစ်စေတယ်။ သို့ဖြစ်၍ ဤပင်လယ်ရေနက်သတ္တဝါများ၏ပြောက်ကျားပုံနည်းလမ်းများကိုလေ့လာရန်အတွက် အစဖြစ်စေတယ်။

အချို့အကောင်တွေမှာဆိုရင် အလင်းကို ၉၉.၉၅၆% အထိစုပ်ယူထားနိုင်စွမ်းရှိတယ်။ ဒါဟာ ၉၉.၉၆% အထိအလင်းစုပ်ယူနိုင်သော Vantablack အမည်းရောင်နှင့်ညီမျှသော အသားအရေရှိကြောင်း တွေ့ရတယ်။ ပင်လယ်ရေနက်သတ္တဝါများ၏အရေပြားဆိုင်ရာလေ့လာခြင်း၏အဖြေအရ သူတို့မှာ သိပ်သည်းဆအလွန်များသော အရောင်ခြယ်သဆဲလ်များ ဖွဲ့စည်းတည်ဆောက်ပုံရှိတယ်။ ထို့အပြင် ပြင်ပက အလင်းကို အရေပြားအတွင်းသို့စုပ်ယူသိမ်းဆည်းထားနိုင်ပြီး၊ အရောင်ပြန်ဟပ်ခြင်းမရှိတဲ့အစွမ်းသတ္တိများရှိကြောင်း တွေ့ရှိရပါတယ်။

အဆိုပါထူးခြားသော အရောင်ဆဲလ်ဖွဲ့စည်းပုံများကြောင့် ပင်လယ်ရေနက်ရှိ ဟင်းလင်းပြင်နေရာမျိုးတွေမှာ ခန္ဓာကိုယ်ဖုံးကွယ်ရန် ထိရောက်စွာအထောက်အကူဖြစ်စေတယ်။ အထူးသဖြင့် အလင်းရောင်ရှိသော အမဲလိုက်ငါးများမှ လွတ်မြောက်စေတယ်။ ဒါမှမဟုတ် အရောင်ပြန်ဟပ်မှုရှိသောသတ္တဝါများမျိုချသောအခါမျိုးမှာ ထင်ထင်ရှားရှားမဖြစ်အောင်လည်း ကွယ်ဝှက်ပေးထားတယ်။ ဤအသိပညာဖြင့် ဒေါက်တာ အော့စ်ဘွန်းသည် အလွန်နက်မှောင်သောပင်လယ်ရေနက်ငါးများဓါတ်ပုံရိုက်ရန်မှာ အလင်းချိန်သောနည်းလမ်းသစ်တစ်ခုကို တီထွင်နိုင်ခဲ့တယ်။

ထို့အပြင် ဤနည်းပညာဖြင့် ကင်မရာ (သို့) အဝေးကြည့်မှန်ပြောင်းအတွင်း၌ ဖုံးအုပ်ရန်အထူးအနက်ရောင်ပစ္စည်းများကို တီထွင်ကြံဆနည်းလမ်းများဖြစ်စေတယ်။ လက်ရှိမှာ ဤနည်းပညာနှင့်ပတ်သက်ပြီးတိုးတက်မှုတစ်ခုကတော့ အမေရိကန်နည်းပညာတက္ကသိုလ် (MIT) မှ Vantablack ထက် ၁၀ ဆပိုမိုနက်မှောင်သော၊ ၉၉.၉၉၅% အထိပိုမိုစုပ်ယူနိုင်သည့် ပစ္စည်းသစ်တစ်ခုကို ဖော်ထုတ်ပြသသွားတာ တွေ့ရှိရပါတယ်။


29 Jul 2020     1,466 Views




RELATED

Most Popular of International News

Most Popular of NEWS