BEC-TERO TV

ပုဂံဒေသရှိ နာမည်ကြီး စေတီပုထိုး ၁၇ဆူကို ဝင်ရောက်ဖူးမြော်ခွင့်ပိတ်

29 Jul 2020     1,774 Views


ရှေးဟောင်းမြို့တော်ပုဂံဒေသရှိ နာမည်ကြီး စေတီပုထိုး ၁၇ဆူအတွင်းသို့ ဝင်ရောက်ဖူးမြော်ခွင့်ကို ယနေ့(ဇူလိုင် ၂၉ရက်)ကစ၍ တရားဝင် ပိတ်ပင်လိုက်သည်။ “ ပြည်တွင်းခရီးသွားတွေက သူတို့ဘာသူတို့ဘုရားလာဖူးကြတယ်။ ပုဂံဘုရားတွေကအများကြီးပဲ။ အုတ်တံတိုင်းနဲ့ ခြံစည်းရိုးရှိတဲ့ ဘုရားကနည်းတယ်။

အများစုက ဒီတိုင်းဝင်ဖူးကြတယ်။ ဟိုတယ်တွေက လည်းဖွင့်တယ် ။ ခရီးသွားလုပ်ငန်းတွေက လည်းပြန်ဖွင့်တော့ ဘုရားဖူးတွေက လာကြတာပေါ့။ လာတော့ ဂေါပကအဖွဲ့တွေကလည်း ကျန်းမာရေးနဲ့ပတ်သက်တာကို တတ်နိုင်သလောက်လုပ်ပေးကြတာပေါ့ ။ တရားဝင်တော့ ဖွင့်တာမဟုတ်ဘူး။ သူတို့ဘာသူတို့ လာဖူးကြတာကို ဓာတ်ပုံရိုက်ပြီးပါလာတော့ တစ်မျိုးဖြစ် သွားတာပေါ့။ အဲဒါကို အခုလောလောဆယ်ပဲ ပြည်ထောင်စုက ညွှန်ကြားချက်အရရော ပြန်လည်ထိန်းသိမ်းပြီး ပိတ်ထားပေးဖို့ ပြောထားတယ် ”ဟု ပုဂံရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။

ပုဂံဒေသတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်ဟုဆိုကာ ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း ပုဂံဒေသခံများက ပြောသည်။ ဘုရားဂေါပကအဖွဲ့ရှိသော အာနန္ဒာ၊ သဗ္ဗုညု၊ ဂေါဓောပလ္လင်၊ ထီးလိုမင်းလို၊ ဓမ္မရံကြီး၊ ရွှေဆံတော် စသည့် လူသိများထင်ရှားသည့် ဘုရားများအပါအဝင် စေတီပုထိုး ၁၇ ဆူကို ဘုရားဖူးဧည့်သည်များ ဝင်ရောက်ဖူး မြော်ခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ “ ဇူလိုင် ၂၈ရက်က အစည်းအဝေးမှာ တန်ခိုးကြီးဘုရား ၁၇ဆူက ဂေါပကတွေနဲ့ ညှိနှိုင်းတော့ အဲဒါတွေကို ပိတ်လိုက်မယ်လို့ လုပ်တယ်။ ရက်အကန့်အသတ်လည်းမရှိဘူး။

ပုဂံကိုတော့ လာလို့ရတယ်။ ဒါပေမယ့် ပိတ်ထားတဲ့ ဘုရားတွေတော့ ဝင်ပြီးဖူးမြှော်လို့မရဘူးပေါ့ ”ဟု ညောင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိန်က ပြောသည်။ အဆိုပါ စေတီပုထိုး ၁၇ဆူအတွင်း၌ ဒေသခံများက ယွန်းထည်များအပါအဝင် အမှတ်တရပစ္စည်းများ ရောင်းချ နေသည့် စေတီပုထိုးများဖြစ်၍ ထိုကဲ့သို့ ပိတ်ပင်လိုက်ခြင်းကြောင့် စားဝတ်နေရေးအတွက် အခက်အခဲများ ရှိနေကြောင်း ဒေသခံများက ပြောသည်။ “ ၁၇ဆူပဲ ပိတ်လိုက်တာပါ။ ကျန်တဲ့ဘုရားတွေက သွားဖူးလို့ရပါတယ်။ ပိတ်လိုက်တယ်ဆိုတာကလည်း အပြင်ကနေဖူးလို့ရပါတယ်။ ပုဂံဒေသကို လာချင်တဲ့သူက ဒီဘုရားတွေ ဝင်လို့မရလည်း ကျန်တဲ့နေရာတွေ အလှတရားတွေအများကြီးပါ”ဟု အာနန္ဒာဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပုဂံဒေသတွင်းဧည့်လမ်းညွှန်အသင်း နာယကဖြစ်သူ ဦးဇော်ဝင်းချိုကလည်း “ပြီးခဲ့တဲ့ရက်က ဘုရားဖူး ဧည့်သည်တွေများတော့ ဒေသခံတွေရဲ့ စီးပွားရေးအဆင်ပြေတယ်ကွာ။

ကိုဗစ်ကိုလည်း သူ့ရဲ့စည်းကမ်းနဲ့အညီ ဘုရားတစ်ဆူမှာ လူဘယ်နှယောက်ခွင့်ပြုပေးမယ်ဆိုတာမျိုးနဲ့ ခွင့်ပြုပေးရမှာ။ အခုတော့ ဒေသခံတွေရဲ့ စီးပွားရေးထိခိုက်တာပေါ့။ ကြာလာတော့ ဒေသခံတွေလည်း မခံနိုင်တော့ဘူး”ဟု ပြောသည်။ “ အခု ခရီးသွားတွေဝင်လာလို့ အဆင်ပြေမယ်ဆိုမှ ပိတ်လိုက်တော့ နစ်နာမှုတွေရှိကုန်တယ်။ အကြံပြု ချင်တာကတော့ ဘုရားတွေကို စနစ်တကျ လူဦးရေအကန့်အသတ်နဲ့ဖွင့်။ ဈေးရောင်းသူတွေလည်း စနစ်တကျ ရောင်း။ ဘုရားလာဖူးသူတွေကလည်း ကျန်းမာရေးညွှန်ကြားချက်ကို လိုက်နာကျ။

အဲဒီလိုလုပ်မှ အားလုံး အတွက် အဆင်ပြေမယ်” ဟု ပုဂံဒေသခံကိုမြင့်ဇော်က ပြောသည်။ လက်ရှိတွင် ကိုဗစ်ကပ်ရောဂါကြောင့် ပုဂံဒေသရှိ စေတီပုထိုးများသို့ လာရောက်ဖူးမြော်ခွင့်နှင့် စေတီပုထိုး များအတွင်း ဈေးရောင်းချခွင့်ကို ဧပြီ၇ရက်ကတည်းက ပိတ်ပင်ထားသည်။ သို့သော် ဘုရားဂေါပကအဖွဲ့များ၏ နားလည်မှုအရ ဇူလိုင်လဆန်းတွင် ပြန်လည်ဖွင့်ခွင့်ပြုပေးထားခြင်း ဖြစ်သည်။ ထို့အပြင် လက်ရှိတွင် ပုဂံဒေသရှိ ဟိုတယ်အချို့လည်း စတင်ဖွင့်လှစ်နေသည်။

Credit : ငြိမ်းချမ်း, စည်သူလင်း

#popolay #popolaytv #news #Bagan #ပုဂံ


29 Jul 2020     1,774 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS