BEC-TERO TV

ဇင်ဘာဘွေဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများမလောက်ငှ၍ တစ်ညတည်း၌ မွေးကင်းစအရွယ်ကလေး ၇ ဦး သေဆုံး

05 Aug 2020     1,408 Views


ဇင်ဘာဘွေအာဏာပိုင်အစိုးရ၏ ကိုဗစ်ကာကွယ်ရေး ဆေးဝါးများဝယ်ယူခြင်းအရှုပ်တော်ပုံကြောင့် ကျန်းမာရေးဝန်ထမ်းများ အလုပ်ရပ်နားကာ ဆန္ဒပြလျက်ရှိပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများမလောက်ငှ၍ မြို့တော် ဟာရာရီ ရှိဆေးရုံတစ်ခုမှာ ကိုယ်ဝန်ဆောင်သည်များအား အရေးပေါ်ဗိုက်ခွဲမွေးဖွားခြင်းအချိန်မီမပြုလုပ်ပေးနိုင်၍ တစ်ညတည်း၌ မွေးကင်းစအရွယ်ကလေးငယ် ၇ ဦး သေဆုံးသွားခဲ့ပါတယ်။

ဆေးရုံ၏ ကယ်ဆယ်ရေးလုပ်ငန်းများက အလွန်နှေးကွေးခဲ့၍ မိခင် ၂ ဦးမှာ သားအိမ်ပေါက်သွားခဲ့ရာ အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး နောက်ထပ် မိခင် ၆ ဦးကလည်း သဘာဝအတိုင်းမီးဖွားဖို့အခက်အခဲရှိ၍ ခွဲမွေးရန် လိုအပ်ခဲ့ပါတယ်။ သို့သော် ဆရာဝန်မလောက်၍ ခွဲစိတ်မှုများအချိန်မီမလုပ်နိုင်ခဲ့ကာ ကလေးငယ်လေးများသေဆုံးရခြင်းဖြစ်ကြောင်း ဆရာဝန်တစ်ဦးက ပြောပါတယ်။ မြို့တော်ရဲ့ အဓိကအစိုးရဆေးရုံ ၂ ခုမှာ အလွန်ဆိုးရွားသောအခြေအနေကြုံတွေ့နေရပါတယ်။

ကျန်းမာရေးဝန်ထမ်းများက အလုပ်ရပ်နားကာဆန္ဒပြထားလို့ ဆေးရုံမှာရှိသလောက်ဝန်ထမ်းဦးရေနဲ့ပဲ လက်မလည်အောင် အလုပ်တွေလုပ်နေကြရတယ်။ ထို့အပြင် အခြားအဆင်မပြေမှုများဖြစ်သော ဝန်ထမ်းများအတွက် PPE အကာအကွယ်ပစ္စည်းများ၊ ကိုယ်ဝန်အဆိပ်သင့်ကုသဆေး၊ ကလေးမီးဖွားစဉ်သွေးထွက်ခြင်းမှ ကုသရန်လိုအပ်သောသွေးများ အစရှိသောပစ္စည်းများပြတ်လပ်နေ၍ ယခုအလွန်လိုအပ်နေကြောင်း ၎င်းဆရာဝန်မှ ထပ်မံပြောကြားသွားခဲ့ပါတယ်။ ဆေးရုံမှာ သူနာပြုဝန်ထမ်းအတော်များများမှာလည်း လူလတ်ပိုင်းအရွယ်အမျိုးသမီးများဖြစ်ပြီး ကျပ်တည်းတဲ့ဒီအခြေအနေကြီးကို ကိုယ်တွယ်ဖြေရှင်းရန် မနိုင်သည့်အပြင် ဆရာဝန်လူငယ်များသည်လည်း ကိုယ်ဝန်ဆောင်စဉ်အတွင်း ထပ်ဆင့်ဖြစ်ပွားသောလက္ခဏာများကို ဖော်ထုတ်ရန် အတွေ့အကြုံနည်းပါးနေတာလည်းပါတယ် ဒါပေမယ့် အားလုံးက အစွမ်းကုန်ကြိုးစားခဲ့ပါတယ်လို့ ဆိုပါတယ်။

အပြင်က ဆေးခန်းတွေကအစ နေရာတော်တော်များများလည်း ကျန်းမာရေးဝန်ထမ်းများဆန္ဒပြလို့ ဇွန်လကတည်းကစပြီး ပိတ်ထားခဲ့ကြပါတယ်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ မြို့တော်ရှိအစိုးရဆေးရုံသို့ လာပြရပြီး သားဖွားဆောင်တွေမှာ လူပြည့်လူလျှံတွေဖြစ်သွားခဲ့ရတယ်။ ဆရာဝန်တစ်ဦး၏ပြောကြားချက်အရ ဒီလိုအဖြစ်အပျက်က ဒီတစ်ခေါက်မှဖြစ်တာမဟုတ်ဘူး၊ နေ့တိုင်းလိုလိုကို ဖြစ်နေတာပါ။ သူတို့သေဆုံးသွားတာကို ကြည့်နေတာကလွဲလို့လည်း ဘာမှမတတ်နိုင်ပါ။ ဒါဟာ မဖြစ်သင့်တဲ့ မိသားစုများအတွက်အရမ်းရင်နင့်ဝမ်းနည်းစရာကောင်းတဲ့အဖြစ်တွေပါ။

ဇင်ဘာဘွေ၏သားဖွားမီးယပ်ဆိုင်ရာအသင်းအဖွဲ့က ယခုအခက်အခဲကိုခံစားခဲ့ရသော မိခင်နှင့်ကလေးများ၏အခွင့်အရေးကို ကူညီငဲ့ငြာဖို့ သက်ဆိုင်သူများအားလုံး၊ အစိုးရ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ တို့ကိုအသိပေးတိုက်တွန်းထားပါတယ်။ အရှုပ်တော်ပုံတွင် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိသော ဆေးဝါးများဝယ်ယူခြင်းနှင့်ပတ်သက်ပြီး ဈေးနှုန်းကပုံမှန်ထက်အရမ်းမြင့်မားနေသောကြောင့် ဇင်ဘာဘွေကျန်းမာရေးဝန်ကြီးအား ရာထူးမှထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။ သူနာပြုအများစုလည်း PPE ဝတ်စုံဝတ်ဆင်ရန်မရှိ၍ တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအလုပ်ရပ်နားဆန္ဒပြခဲ့ကြပါတယ်။

သားဖွားဆောင်များ၌ ကိုယ်ဝန်ဆောင်သည်များ ပြည့်လျှံရတဲ့ပြဿနာဟာလည်း ငွေကြေးဖောင်းပွမှုအဆမတန်ရှိသောနိုင်ငံများ၏ အခြေအနေကို ဖော်ပြနေလျက်ရှိပြီး၊ လွတ်လပ်ရေးရပြီးကတည်းက ဇင်ဘာဘွေကိုအုပ်ချုပ်သော တစ်ခုတည်းသော နိုင်ငံရေးပါတီ ZANU-PF ပါတီကို ဆန့်ကျင်တော်လှန်သောဆန္ဒပြခြင်းလည်း ဖြစ်ပါတယ်။ အကြီးတန်းဆရာဝန်များသည် ဇင်ဘာဘွေအစိုးရသို့ အလုပ်ခွင်၌အဆင်မပြေမှုများနှင့် အလုပ်ရပ်နားကာဆန္ဒပြသွားမည်ဟု စာတစ်စောင်ရေးသားတိုင်ကြားပြီး ခြိမ်းခြောက်ခဲ့ကာ အစိုးရဘက်ကလည်း ဆေးရုံများ၌အလုပ်ခွင်အဆင်မပြေမှုများ၊ ဆေးဝါးများနှင့် ထောက်ပံ့ရေးပစ္စည်းများ အကြီးအကျယ်လိုအပ်နေသောပြဿနာများအားလုံးကိုမိမိတို့လက်ခံသိရှိပြီးဖြစ်၍ ပြည်သူ့ကျန်းမာရေးအလုပ်မှ အလုပ်နှုတ်ထွက်ရန်ရည်ရွယ်ချက်ကို ပြန်လည်သုံးသပ်ရန် ကျန်းမာရေးဝန်ထမ်းများအားတောင်းဆိုခဲ့ပါတယ်။

#popolay #popolaytv #news #Zinbabwe


05 Aug 2020     1,408 Views




RELATED

Most Popular of International News

Most Popular of NEWS