BEC-TERO TV

မကြာခဏ နုံးချည့်ညောင်းညာတတ်သူတို့ စွမ်းအင်တိုးစေမည့်နည်းများ

13 Aug 2020     1,452 Views


 
မကြာခဏ နုံးချည့်ညောင်းညာပြီး ပင်ပန်းသလိုလို စွမ်းအင်မရှိသလိုလို ဖြစ်နေပါသလား။  ရိုးရှင်းတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိလာပါလိမ့်မယ်။
 

(၁) ရေများများသောက်ပေးပါ

 
ရေဓာတ်ခန်းခြောက်မှုဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့်ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက်ပေးရပါမယ်။

(၂) ကဖင်းဓာတ်ကို သတိထားပါ

 
တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင်တိုးစေပြီး စိတ်ရွှင်လန်းစေပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်ကို များများမှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင်ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာတို့ကို ဖြစ်စေနိုင်ပါတယ်။
 

(၃) နံနက်စာကို ပုံမှန်စားပါ

 
နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ်ပေါ်မှာ မူတည်နေတဲ့အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲနေရင် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတာကြောင့် နုံးချည့်နွမ်းနယ်မှု ဖြစ်လွယ်ပါတယ်။
 

(၄) အာဟာရပြည့်ဝအောင်စားပါ

 
ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝစေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ်ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာတတ်တာကြောင့် အဆီနည်းအသားလို သံဓာတ်ပါဝင်မှုများတဲ့ အစာ စားပေးသင့်ပါတယ်။
 

(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်

 
ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတိုအတွင်း အလေးချိန်ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာလျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့်ညောင်းညာ နိုင်ပါတယ်။
 

(၆) အိပ်ရေးဝဝအိပ်ပါ

 
တစ်ညကို ရှစ်နာရီလောက် အိပ်ချိန်ပေးသင့်ပါတယ်။ အိပ်စက်ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေထွက်လေ မှတ်တာ၊  ဘုရားစာရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက်အနားယူပါ။
 

(၇) အိပ်ဆေးမသောက်ပါနှင့်

 
အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့အတွက် ဘာကြောင့် အိပ်မပျော်ရတာလဲဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့်ညောင်းညာနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။
 
Credit:

13 Aug 2020     1,452 Views




RELATED

Most Popular of Health Fix

Most Popular of Life Style