BEC-TERO TV

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ...

04 Sep 2020     1,346 Views


အစားအသောက်တွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်သလို အိပ်စက်မှုကို နှောင့်ယှက်တဲ့ အစားအသောက်တွေလည်း ရှိနေပါတယ်။
 

ထရစ်တိုဖန် ကြွယ်ဝသော အစားအစာ

 
နွားနို့ ပူပူနွေးနွေး တစ်ခွက်က သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အိပ်စက်မှုကို ကောင်းစေတဲ့ ထရစ်တိုဖန် (Tryptophan) ပါဝင်တာကြောင့်ပါ။ နို့နဲ့ နို့ထွက်ပစ္စည်းအပြင် အစေ့အဆန်၊ ငှက်ပျောသီး၊ ပျားရည်နဲ့ ဥအမျိုးမျိုးတွေမှာလည်း ထရစ်တိုဖန်များစွာ ပါဝင်တာကြောင့် အိပ်စက်မှုကို ကောင်းမွန်စေပါတယ်။
 

ကာဗိုဟိုက်ဒရိတ် စားပါ

 
ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်တဲ့ အစားအစာတွေက အိပ်ပျော်စေတဲ့ ထရစ်တို ဖန်တွေကို သွေးထဲမှာ များပြားအောင် လုပ်ဆောင်ပေးပါတယ်။ နို့၊ ကွေကာ၊ ဒိန်ချဉ်၊ ပေါင်မုန့်၊ ချိစ် စတဲ့ အစာတစ်ခုခုကို မအိပ်ခင်မှာ အနည်းငယ် စားပေးတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
 

အိပ်ချိန်မှာ သွားရည်စာ အနည်းငယ်စားပါ

 
သင်ဟာ တစ်ခါတစ်ရံမှာ အိပ်စက်မရဘဲ မျက်စိကြောင်နေတာမျိုး ကြုံတွေ့နိုင်ပါတယ်။ သွားရည်စာ အနည်းငယ် စားပေးတာက အိပ်ပျော်သွားစေပါတယ်။ သင့်အိမ်မှာ သွားရည်စာမုန့် အနည်းငယ် ဆောင်ထားဖို့တော့ လိုပါတယ်။ ဗိုက်ပြည့်တင်းအောင်တော့ မစားမိပါစေနဲ့။
 

ဘာဂါနှင့် ဆီကြော်စာများကို ရှောင်ပါ

 
အဆီများတဲ့ အစားအစာတွေကို ရှောင်ဖို့ လိုပါတယ်။ လေ့လာမှုအရ အဆီများတဲ့ အစားအစာတွေ စားသုံးမှုက ကိုယ်အလေးချိန်ကို တက်စေပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေတာကို တွေ့ရပါတယ်။
 

ညနေခင်းတွေမှာ ကော်ဖီမသောက်ပါနှင့်

 
ညနေဘက်မှာ ကော်ဖီသောက်တာက အိပ်စက်မှုကို သိသိသာသာ နှောင့်ယှက်နိုင်ပါတယ်။ ကော်ဖီအပြင် ကဖင်းဓာတ်ပါတဲ့ ချောကလက်၊ ကိုလာ၊ လက်ဖက်ရည်နဲ့ ကဖင်းဓာတ် ဖယ်ထားတဲ့ ကော်ဖီ သောက်သုံးမှုတွေကိုလည်း ရှောင်ရှားဖို့ လိုပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေဖို့ အိပ်ရာမဝင်မီ လေးနာရီကနေ ခြောက်နာရီအတွင်း ကဖင်း ပါတာတွေကို မသောက်မိပါစေနဲ့။
 

ကဖင်းဓာတ်ပါသော ဆေးများကို ရှောင်ပါ

 
တချို့ဆေးဝါးတွေမှာ ကဖင်းတွေ ပါဝင်နေတတ်ပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ကိုယ်အလေးချိန် လျှော့ချဆေး၊ ဆီးဆေးနဲ့ အအေးမိနှာစေး ပျောက်ဆေး စတဲ့ ဆေးတွေမှာ ကက်ဖင်းဓာတ်ပါဝင်တဲ့ ဆေးမျိုးတွေ ရှိနေပါတယ်။ သင့်အနေနဲ့ ဆေးသောက်မယ်ဆိုရင် ဆေးညွှန်းကို ဖတ်ကြည့်ဖို့တော့ လိုပါတယ်။
 

အရက်မသောက်ပါနှင့်

 
အရက်သောက်တာက အလျင်မြန်ဆုံး အိပ်ပျော်သွားတတ်ပေမယ့် မကြာခဏ ပြန်နိုးတတ်ပြီး အနားရစေတဲ့ အိပ်ပျော်မှုကို မရရှိတာ၊ ခေါင်းကိုက်တာ၊ ညဘက် ချွေးထွက်တာနဲ့ ကယောင်ကတမ်း ဖြစ်စေပါတယ်။ ညနေဘက်မှာ အရက်သောက်မယ် ဆိုရင် အရက်နဲ့ ညီမျှတဲ့ ရေကို သောက်ပေးဖို့ လိုပါတယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့ အတွက်တော့ အိပ်ရာမဝင်မီ လေးနာရီမှ ခြောက်နာရီအတွင်း အရက်သောက်တာကို ရှောင်ရှားဖို့ လိုပါတယ်။
 

အပူအစပ် လွန်ကဲသော အစားအစာများကို အလွန်အကျွံ မစားပါနှင့်

 
ဗိုက်တင်းအောင် ညစာစားပြီး အိပ်စက်တာက သင့်ကို သက်သောင့်သက်သာ မဖြစ်စေပါဘူး။ ဘာကြောင့်လဲဆိုတော့ အိပ်စက်နေချိန်မှာ အစာခြေစနစ်က အလွန် နှေးကွေးတာကြောင့်ပါ။ အထူးသဖြင့် ညစာမှာ အပူအစပ် လွန်ကဲတဲ့ အစားအစာတွေကို စားထားပါက ရင်ပူတာကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ လေးနာရီလောက်ကွာပြီး ညစာစားပေးပါ။
 

ပရိုတင်း လျှော့စားပါ

 
ပရိုတင်းက သင့်တစ်နေ့တာ အတွက် မရှိမဖြစ် လိုအပ်ပေမယ့် ညအိပ်ခါနီးမှာတော့ ပရိုတင်းများစွာ မစားသုံးသင့်ပါဘူး။ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေက အစာကြေညက်မှုကို ခက်ခဲစေပါတယ်။ ညအိပ်ရာဝင်ခါနီးမှာ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးမယ့်အစား နွားနို့တစ်ခွက် သောက်တာနဲ့ ခရက်ကာ မုန့်အနည်းငယ် စားတာတွေ ပြုလုပ်ပါ။
 

ည ၈ နာရီနောက်ပိုင်း အရည်မသောက်ပါနှင့်

 
ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝနေဖို့အတွက် ရေသောက်ပေးဖို့ လိုအပ်တယ် ဆိုပေမယ့် ည ၈ နာရီ နောက်ပိုင်းမှာတော့ ရေနဲ့ တခြားအရည်တွေ သောက်သုံးတာကို ရပ်သင့်ပါတယ်။ အိပ်ခါနီးမှာ ရေသောက်များတာက မကြာခဏ ဆီးသွားချင်တာကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့်ပါ။
 

ဆေးလိပ်မသောက်ပါနှင့်

 
ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းက လှုံ့ဆော်ပေးတဲ့ အာနိသင်ရှိပြီး ကဖင်းဓာတ်နဲ့ အာနိသင် တူပါတယ်။ အိပ်ခါနီး ဆေးလိပ်သောက်တာနဲ့ ညဘက် တစ်ရေးနိုးလာတဲ့အခါ ဆေးလိပ် သောက်တာမျိုးတွေကို ရှောင်ကြဉ်ပါ။ နစ်ကိုတင်းရဲ့လှုံ့ဆော်မှုကြောင့် အိပ်မရ ဖြစ်တတ်ပါတယ်။
 
Credit:

04 Sep 2020     1,346 Views




RELATED

Most Popular of Health Fix

Most Popular of Life Style