BEC-TERO TV

Quarantine စင်တာအတွင်း မူးယစ်ရမ်းကားသူများ ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

22 Sep 2020     1,304 Views


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ကလေးတက္ကသိုလ်တွင် Quarantine ဝင်နေသူ လူငယ် ၇ ဦးသည် မူးယစ် သောက်စားပြီး နိုင်ငံပိုင် ကျောင်းတံခါးကို ဖျက်ဆီးခဲ့သဖြင့် ၎င်းတို့ကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်ထားသည်ဟု တာဟန်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဇော်မိုးအောင်က ပြောသည်။

ကျူးလွန်သူ ၇ ဦးမှာ မောင်လားပတ်တလွန်း၊ မောင်ဇိုးမိန်းထန်း၊ မောင်ဗန်လားဟရဲ၊ မောင်ဗန်ဘွဲ့အုပ်၊ မောင် ဘွဲ့နှောင် အုပ်၊ မောင်ချမ်းမင်းဦးနှင့် မောင်ထင်းနွန်မွောင်းတို့ဖြစ်ပြီး ၎င်းတို့ကို သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲ မှု ဥပဒေအပြင် နိုင်ငံတော်ပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆(၁)ဖြင့် စက်တင်ဘာ ၂၀ ရက်က အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။ ဒုရဲအုပ် ဇော်မိုးအောင်က“စင်တာကတော့ ဒီနေ့မှ သဘာဝဘေးနဲ့ အမှုဖွင့် အရေးယူတယ်။

သူတို့ကို ၆(၁)နဲ့ ကတော့ အမှုဖွင့်ထားပြီးသားပါ”ဟု ပြောသည်။ မူးယစ်ရမ်းကားသူ ၇ ဦးသည် ကလေးမြို့ရှိ လက်ပံချောင်း၊ မင်းလှ၊ စမ်းမြို့၊ ပျဉ်းတောဦး၊ တာဟန်း ရပ်ကွက်များတွင် နေထိုင်ကြသူဖြစ်ပြီး လွန်ခဲ့သည့် စက်တင်ဘာ ပထမ အပတ်က တရုတ်နိုင်ငံမှ ပြန်ရောက်လာပြီး ကလေးတက္ကသိုလ်တွင် Quarantine ဝင်နေကြခြင်းဖြစ်သည်။

ကလေးတက္ကသိုလ်၊ ဗန္ဓုလအဆောင်တွင် Quarantine ဝင်နေသည့် မောင်လားပတ်တလွန်း အပါအဝင် ၇ ဦးသည် စက်တင်ဘာလ ၁၇ ရက်၊ ည ၂ နာရီခွဲအချိန်ခန့်တွင် မူးယစ်သောက်စားကာ စင်တာတွင် နေထိုင် စားသောက်ရေး အဆင်မပြေမှုကို အကြောင်းပြကာ ဆူပူအော်ဟစ်သောင်းကျန်းခဲ့ကြောင်း၊ တာဝန်ကျ လူမူကူညီရေးအဖွဲ့များ အုပ်ချုပ်ရေး မှူးများ၏ တားမြစ်မှုကို လက်မခံသလို စင်တာ၏ စည်းကမ်းများ အား မလိုက်နာဘဲ ကျောင်းတံခါးမှန် ၂ ချပ်ကို ရိုက်ခွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၇ ဦးကို စင်တာထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်ဇေယျာဖြိုးက တရားလိုပြုလုပ်ကာ စက်တင်ဘာလ ၂၀ ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ အမှုဆောင် ဒါရိုက်တာ ဦးကျော်သက်ဝင်းထံမှ သိရသည်။ စစ်ကိုင်းတိုင်း၊ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အတွင်းရေးမှူး တဦးလည်း ဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေး ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးကလည်း အဆိုပါစည်းကမ်းဖောက်ဖျက်သူ ၇ ဦးကို တရားစွဲထားပြီး Quarantine ပြီးပါက အရေးယူမှုပြုလုပ်မည်ဟု ဆိုသည်။ ကလေးမြို့နယ်တွင် စက်တင်ဘာလအတွင်း၌ ယခုအမှုအပါအဝင် စင်တာစည်းကမ်းချိုးဖောက်သဖြင့် အရေး ယူထားသည့် အမှု ၂ မှုရှိပြီဟု သိရသည်။

လဲ့လဲ့(ဧရာဝတီ)


22 Sep 2020     1,304 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS