BEC-TERO TV

ဓာတ်ခွဲနမူနာ(Swab) ရယူရာတွင်မန္တလေးဆေးတက္ကသိုလ်ဦးဆောင်သော စေတနာ့ဝန်ထမ်း ၃၀ ဦး ပါဝင်ကူညီနေ

24 Sep 2020     1,322 Views


COVID 19 အတည်ပြုလူနာနှင့်ထိတွေ့မိသူ၊သံသယစောင့်ကြည့်လူနာများထံမှ ဓာတ်ခွဲနမူနာ (Swab) ရယူရာတွင် မန္တလေးဆေးတက္ကသိုလ် ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော စေတနာ့ဝန်ထမ်း ၃၀ ဦး ပါဝင် ကူညီနေပြီ ဖြစ်ကြောင်း ဆေးတက္ကသိုလ် (မန္တလေး) သိရသည်။

ကူညီပေးမည့် စေတနာ့ဝန်ထမ်းများမှာ မန္တလေးမြို့ရှိ ဆေးတက္ကသိုလ်၊ သွားဘက် ဆိုင်ရာ ဆေးတက္က သိုလ်၊ သူနာပြုတက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဝန်ထမ်းများနှင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ ဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။

“ထဲထဲဝင်ဝင်ဝင် စစ်တာမျိုးမှာတော့ မဟုတ်ဘူးပေါ့၊ သံသယဖြစ်တဲ့ လူတဲ့လူနာတွေ Swab ယူတဲ့ နေရာမှာလည်း ကူညီ မယ်၊ အဲဒီလို ကူညီဖို့ Volunteer တွေခေါ်လိုက်တယ်၊ Volunteer တွေက လည်း ဆရာဝန်တွေ အများဆုံး ပါပါတယ်၊ အဲဒီအဖွဲ့တွေနဲ့ Quarantine Center တွေမှာ Swab ယူ ဖို့အတွက် ကူညီပေးသွားမှာပါ”ဟု ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် က ပြောသည်။

အဆိုပါ စေတနာ့ဝန်ထမ်း ၃၀ ဦးအား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဓာတ်ခွဲခန်းမှ ပါမောက္ခ ဒေါက်တာနီလာဝင်း ဦးဆောင်သည့်အဖွဲ့က PPE ဝတ်နည်း၊ ချွတ်နည်းနှင့် ဓါတ်ခွဲနမူနာ ရယူနည်းများ ကို စက်တင်ဘာလ (၂၁) ရက်က စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။ ယခုအခါ သင်တန်းပေးထားသည့် စေတနာ့ဝန်ထမ်းများနှင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဓါတ်ခွဲခန်းမှ တစ်ဦးတို့ ပူးပေါင်း၍ ခြောက်ဦးတစ်ဖွဲ့ ဖွဲ့ကာ Quarantine Center များရှိ ထိတွေ့နှင့် စောင့်ကြည့်လူနာများထံမှ ဓါတ်ခွဲနမူနာများ သွားရောက်ယူဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ပိုးတွေ့လူနာများပြားလာသောကြောင့် အတည်ပြုလူနာများနှင့် ထိတွေ့မိပြီး Quarantine ဝင်ရသူ အရေအတွက် တိုးလာသောကြောင့် လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်း များ၏ ကိုယ်၊ စိတ်ပင်ပန်းမှုကို လျှော့ချပေးရန်နှင့် လုပ်ဆောင်ပေးရသည့် တာဝန်များ လျော့နည်း စေရန်အဓိကရည်ရွယ်၍ ကူညီကြခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)တွင် ဓါတ်ခွဲနမူနာရယူခြင်း၊စစ်ဆေး ခြင်းများကို မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဓါတ်ခွဲကျွမ်းကျင်များနှင့် မြို့နယ် များရှိ ကျန်းမာရေးဝန်ထမ်းများက လုပ်ဆောင်နေခြင်းဖြစ်ပြီး အဆိုပါဌာနသို့ မန္တလေးဆေးတက္ကသိုလ် အနုဇီဝဗေဒဌာနမှ ဆရာဝန် ၄ ဦးကို ပေးပို့ထားကြောင်းလည်း သိရသည်။

“ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)အတွက် ဝန်ထမ်းတွေကို UN ကနေ သင်တန်းတွေ ပေးပြီး လုပ်နေ တာ တော်တော်လေးကို လုပ်နိုင်နေကြပါပြီ၊ လက်ရှိအချိန်မှာ ဓာတ်ခွဲနမူတွေ များလာတဲ့အတွက် အနုဇီဝဌာနက ဆရာ၊ ဆရာမ လေးယောက်ကို အားဖြည့်ပေးထားပါတယ်၊ ကျနော်တို့ကျောင်းကို တိုင်းဒေသကြီးကလည်း အကူအညီတောင်းလာတဲ့အတွက် ဘွဲ့ကြို သင်တန်းတွေကလည်း ပိတ်ထား တဲ့အတွက် ဆရာ၊ ဆရာမတွေကိုယ်တိုင်ကလည်း ကူညီနိုင်တဲ့အတွက် ဆေးတက္ကသိုလ်မိ သားစုတွေ က သွားပြီး ကူပေးနေတာပါ”ဟု ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်က ဆက်လက် ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် စက်တင်ဘာလ၂၂ ရက်အထိ စာရင်းများအရ တိုင်းအတွင်း ၂၈ မြို့နယ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း (Facility Quarantin)နေရာ ၃၄၄ နေရာတွင် Quarantin ဝင်ရောက်နေသူ ၂၅၀၀ ကျော်နှင့် ဟိုတယ် ၁၀ ခုတွင် Hotel Quarantin ဝင်ရောက်နေသူ ၄၈၀ ကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

နိုင်ထူး(PM)

ဓာတ်ပုံ-ဒေါက်တာခင်မောင်လွင်


24 Sep 2020     1,322 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS