BEC-TERO TV

တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး ရှေ့နှစ်အစောပိုင်းတွင် ရနိုင်

25 Sep 2020     1,323 Views


COVID-19 ကာကွယ်ဆေး ထုတ်လုပ်နေတဲ့ တရုတ်ဆေးဝါးကုမ္ပဏီတခုက သူတို့ရဲ့ဆေးတွေ ရှေ့နှစ်အစောပိုင်းရောက်ရင် အမေရိကန်အပါဝင် တကမ္ဘာလုံးဆီ ဖြန့်ချီဖို့ အဆင်သင့် ဖြစ်လာနိုင်တယ်လို့ ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။ တရုတ်ဆေးဝါးကုပဏီဖြစ်တဲ့ the SinoVac Biotech Ltd ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Yin Weidong က အဲဒီလိုပြောလိုက်တာဖြစ်ပြီး တတိယအဆင့်နဲ့ နောက်ဆုံးအဆင့် လူတွေကိုစမ်းသပ်မှုပြီးတာနဲ့ အမေရိကန်ပြည်ထောင်စုဆီ ရောင်းချနိုင်ဖို့ အမေရိကန် အစားအစာနဲ့ဆေးဝါးဌာနဆီ တင်ပြထားပြီးဖြစ်တယ်လို့ပြောပါတယ်။

-''ဒီအစီစဉ် စလုပ်စဉ်တုန်းကတော့ တရုတ်နဲ့ ဝူဟန်ဒေသကို အဓိကစဉ်းစားခဲ့တာပါ။ ဇွန်- ဇူလိုင်ရောက်တော့ ဒီရောဂါက တကမ္ဘာလုံးနဲ့ဆိုင်လာတဲ့အတွက် ကျနော်တို့ရဲ့ ဗျုဟာကလည်း တရုတ်ကိုတင် ဦးတည်တာမဟုတ်ပဲ ကမ္ဘာ့ ဒေသအသီးသီးဆီဦးတည်လာပါတယ်''- လို့ သူကဆိုပါတယ်။ ဒီဆေးကို နိုင်ငံအသီးသီးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မှတ်ပုံတင်သွားဖို့ သူတို့ကုပဏီက ရည်ရွယ် ထားပြီး အဲဒီလိုလုပ်နိုင်မှသာ တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ရောဂါဆိုးကို တိုက်ဖျက်နိုင်မှာဖြစ်တယ်လို့ Yin Weidong က ပြောပါတယ်။

SinoVac ကုမ္ပဏီဟာ ထိပ်တန်းတရုတ်ဆေးဝါးကုမ္ပဏီ ၄ ခုထဲက တခုဖြစ်ပြီး အစိုးရပိုင် SinoPharm နဲ့ စစ်တပ်ပိုင် CanSino ကုမ္ပဏီတွေဟာလည်း ထင်ရှားပါတယ်။ ဒီဆေးအတည်ပြုနိုင်ရေးအတွက် လူပေါင်း 24,000 ကျော်ကို ဘရာဇီး၊ တူရီကီ၊ အင်ဒိုနီးရှားတို့မှာ စမ်းသပ်နေပြီး နောက်ထပ်လည်း ဘင်္ဂလားဒေ့ရှ်နဲ့ ချီလီတို့မှာ ဆက်လက် စမ်းသပ်သွားဖို့ရှိတယ်လို့ သူကဆိုပါတယ်။

အစဥ်အလာအားဖြင့်ဆိုရင်တော့ အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ သြစတေလျတို့ဟာ တရုတ်ရဲ့ ဆေးဝါးတွေ သူတို့နယ်မြေထဲ တင်သွင်းခွင့်ကို တင်းကျပ် ပိတ်ပင်ထားလေ့ရှိတယ်။ ဒါပေမယ့် အခုလို ကိုဗစ်ဖြစ်နေချိန်မှာတော့ အရင်ကသဘောထားတွေ ပြောင်းသွားလိမ့်မယ်လို့ သူ မျှော်လင့်တယ် ဆိုပြီး တရုတ်ဆေးဝါးကုမ္ပဏီအရာရှိကပြောပါတယ်။ ဒီဆေးနဲ့ပတ်သက်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှာ မှတ်ပုံတင်ရအောင်လုပ်ရေးဟာ ဆယ်စုနှစ်နဲ့ချီပြီး ကြာကောင်းကြာနိုင်ပါတယ်။ ဒီအခက်အခဲဟာ SinoVac ကုမ္ပဏီအတွက်တင်မဟုတ်ဘူး။

နိုင်ငံအသီးသီးဖက်မှာလည်း ရှိနေပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေး နိုင်ငံအားလုံးဆီ မြန်မြန် ရောက်နိုင်အောင် နိုင်ငံအသီးသီးနဲ့ ကျနော်တို့ကြားမှာ သဘောထားကြီးစွာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ဖို့လိုနေပါတယ်လို့ Yin Weidong က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။. ။

Source: AP One


25 Sep 2020     1,323 Views




RELATED

Most Popular of International News

Most Popular of NEWS