BEC-TERO TV

လောင်းလုံးမြို့နယ်၌ ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ် မီးလောင်

28 Sep 2020     1,301 Views


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သာယာကုန်း ရပ်ကွက်၊ ထားဝယ်-ရှင်မော် ကားလမ်းဘေး (ဓာတ်ဆီဆိုင်နှင့် ကုန်စုံဆိုင်) နေအိမ်တွင် စက်တင်ဘာ (၂၇) ရက်၊ နံနက် (၉) နာရီ (၄၀) မိနစ် ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထားဝယ်-ရှင်မော် ကားလမ်းဘေး(ဓာတ်ဆီဆိုင်နှင့်ကုန်စုံဆိုင်) အိမ်ပိုင်ရှင် ဒေါ်မြစိန် နေအိမ်တွင် ဖုန်းအားသွင်းရာမှ အပူရှိန်လွန်ကဲပြီး ဘေးနားရှိ ဓါတ်ဆီပုံးအား ကူးစက်လောင်ကျွမ်းကာ ၎င်းမှတစ်ဆင့် နေအိမ်အား မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်သည့်နေအိမ်သို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဦး ဦးဆောင်၍ ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၊ လောင်းလုံးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၃၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး ၊ မီးငြိမ်းသတ်ယာဉ် (၆)စီး၊ ရေသယ်ယာဉ် (၃)စီး နှင့်အတူ ရဲတပ်ဖွဲ့၊ ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့နှင့် ရပ်ကွက် သူ /ရပ်ကွက်သားများ သွားရောက် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြရာ နံနက် (၁၀)နာရီ (၂၅) မိနစ် ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုတွင် လူနေအိမ် RC (၂) ထပ် (၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး၊ တန်ဖိုး ငွေ ကျပ် (၈၇၅၀၀၀၀)ခန့် ဆုံးရှုံးခဲ့ကာ မီးအပူဟပ်၍ အိမ်ပိုင်ရှင်သားဖြစ်သူ မောင်အောင်မြတ်သူ ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူအား ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးယာဉ်ဖြင့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ မီးလောင်မှုနှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင် ဒေါ်မြစိန်အား မောင်းမကန် နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)


28 Sep 2020     1,301 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS