BEC-TERO TV

ကိုရီးယားသမ္မတ နိုင်ငံအစိုးရနှင့် ပြည်သူများက ကူးစက်ရောဂါရှာဖွေရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

30 Sep 2020     1,269 Views


ကိုရီးယား သမ္မတနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကူးစက်ရောဂါရှာဖွေရေးသုံး ပစ္စည်း (Standard Q Covid-19 Ag) များထောက်ပံ့လှူဒါန်းခြင်း အစီအစဉ်ကို ၂၉ရက်နေ့ ညပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည်။

ယင်းလှူဒါန်းမှုကို KOFIH ၏အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ အထောက်အကူပြု ပစ္စည်းများ ယနေ့ ညပိုင်းတွင် လေကြောင်းခရီးဖြင့်ရောက်ရှိလာရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံသံရုံးတို့ မှတာဝန်ရှိသူများကကြိုဆိုကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံသံရုံး ဒုတိယ အကြီးအကဲ မစ္စတာ ဟမ်းဂျောင်းဟန်းက မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကူးစက်ရောဂါရှာဖွေရေးသုံး ပစ္စည်းများကို လွှဲပြောင်း ပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က လက်ခံရယူသည်။

လှူဒါန်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံသံရုံး ဒုတိယ အကြီးအကဲ မစ္စတာ ဟမ်းဂျောင်းဟန်းက``မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်ရေးအတွက် ကိုရီးယားနိုင်ငံ အစိုးရအနေနဲ့ လှူးဒါန်းတာဖြစ်ပါတယ်။ ဒီကနေ့တန်ဖိုး ကတော့ အမေရိကန်ဒေါ်လာ လေးသောင်းနှစ်ထောင်ကျော်တန်ဖိုးရှိတဲ့ ကူးစက်ရောဂါရှာဖွေရေးသုံး ပစ္စည်း တွေပါ ။

ဒီပစ္စည်းတွေကလည်း လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ အင်မတန် အရေးပါတဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒီနေ့ကတော့ ပထမဆုံး အကြိမ် ရောက်ရှိတာပါ ။ ဆက်လက်ပြီးတော့လည်း ရောက်ရှိလာဦးမှာဖြစ်ပါတယ် ´´ ဟုပြောသည်။ ယနေ့လှူဒါန်းမှုမှာ ကိုရီးယား သမ္မတနိုင်ငံ အနေဖြင့် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ ကူးစက်ရောဂါရှာဖွေရေးသုံးပစ္စည်းများထောက်ပံ့ လှူဒါန်းမည့် အစီအစဉ်မှ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိလာခြင်းဖြစ်ပြီး လူဦးရေ ၄၀၀၀ ကို စစ်ဆေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က``ဒီကနေ့ရောက်ရှိလာတာက ရောဂါရှာဖွေရေးမှာ အသုံးပြုတဲ့ ပစ္စည်းတွေပါ။ လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါရှာဖွေတဲ့နေရာမှာ အဓိက အသုံးပြုတာကတော့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကို စစ်ဆေးတဲ့နည်းနဲ့ပဲ စစ်ဆေး နေကြတာ ဖြစ်ပါတယ်။ အဲဒီစစ်ဆေးတဲ့နည်းမှာ အဆင့်ဆင့်ရှိတဲ့အတွက် အချိန်အားဖြင့် အဖြေတစ်ခု ထွက်ဖို့ အတွက် ငါးနာရီကျော်၊ ခြောက်နာရီလောက်စောင့်ရတယ်။ အခုရောက်ရှိလာတဲ့ Test Kits ရဲ့အားသာ ချက် ကတော့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကိုတော့ ယူရတယ်။

ယူပြီးတော့ ဓာတ်ခွဲခန်းကြီး တွေမှာ လုပ်စရာမလိုတော့ဘဲ လုံခြုံတဲ့အခန်းတစ်ခုမှာ အချိန် နာရီဝက်လောက်အတွင်းမှာ အဖြေကို ထုတ်နိုင်မှာဖြစ်ပါတယ်” ဟု ‌ပြောသည်။ ယနေ့လာရောက်လှူဒါန်းသည့် Test Kit များသည် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးမှု ရလဒ်ကို အချိန် မိနစ် ၂၀ တွင် ရရှိနိုင်မည်ဖြစ်ပြီး Rapid Test Kit များထက် အရည်အသွေးပိုမိုကောင်းမွန်ကာ ပုံမှန် PCR Test Kits များကဲ့သို့ပင် အဖြေတိကျမှုရှိကြောင်းနှင့် ယင်း Test Kit များ အသုံးပြုပုံမှာလည်း လွယ်ကူရိုးရှင်းပြီး အပူချိန် -15°C မှ -20°C ကြားတွင် သိမ်းဆည်းထားရမည်ဖြစ်ကြောင်း သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော် MDN


30 Sep 2020     1,269 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS