BEC-TERO TV

တိုင်းပြည်ကောင်းအောင် လုပ်ရန်သာ အရေးကြီးကြောင်း သမ္မတဟောင်း ဦးသိန်းစိန်ပြောကြား

23 Oct 2020     1,301 Views


တိုင်းပြည် ကောင်းဖို့ဆိုရင် ဘယ်သူပဲလုပ်လုပ်၊ တိုင်းပြည်ကောင်းအောင်လုပ်ဖို့သာ အရေးကြီးတယ်လို့ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပါတီဝင်တွေနဲ့ ပါတီဝန်းရံသူတွေရဲ့ တင်ပြတောင်းဆိုချက်အရပေးပို့တဲ့ သတင်းစကားမှာ ထည့်သွင်းပြောကြားထားတာပါ။

“တိုင်းပြည် ကောင်းဖို့ဆိုရင် မည်သူပဲလုပ်လုပ်၊ တိုင်းပြည်ကောင်းအောင်လုပ်ဖို့သာ အရေးကြီးပါကြောင်း” လို့ ဦးသိန်းစိန်က ပြောကြားခဲ့တာပါ။ ရွေးကောက်ပွဲနီးကပ်နေပြီဖြစ်လို့ ယှဉ်ပြိုင်ကြရာမှာလည်း သန့်သန့်ရှင်းရှင်းနဲ့ ယှဉ်ပြိုင်ကြဖို့ လိုအပ်တယ်လို့ သတင်းစကားမှာ ပါရှိပါတယ်။

ယှဉ်ပြိုင်တာဖြစ်လို့ ရှုံးတာ နိုင်တာရှိပြီး နိုင်ရင်လည်းဝမ်းမသာဖို့ ရှုံးရင်လည်း စိတ်မပျက်ဖို့ ပြောကြားထားပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံတွေ့နေရချိန်မှာ ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်နေတာကတော့ ကံဆိုးတာဖြစ်တယ်လို့ ပြောဆိုပါတယ်။ “ကိုဗစ်ကပ်ရောဂါနဲ့ ကြုံတွေ့နေရချိန်မှာ ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်နေတာက တော့ ကံဆိုးတာလို့ ပြောရမှာဖြစ်ကြောင်း၊ ပြည်သူတွေ မဲသွားပေးချင်ပေမဲ့ ရောဂါကူး စက်မှာကို ကြောက်နေကြပါကြောင်း၊ မတတ်နိုင်ပါ။

ပြည်သူတွေရဲ့ ဆန္ဒအတိုင်းသာ ဖြစ်ပါကြောင်း၊ မဲသွားပေးမယ်ဆိုရင်တော့ ရောဂါမကူးစက် နိုင်အောင် ကိုယ့်ကိုကိုယ် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့အညီ စနစ်တကျ ကာကွယ်ကြရန် အထူးလိုအပ် ပါကြောင်း” ပြောကြားခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါက လူမျိုးမရွေး၊ ဘာသာမရွေး၊ အရွယ်မရွေး၊ ရဟန်းရှင် လူမရွေး အသက်တွေကို နုတ်ယူ သွားတာဖြစ်လို့ အလွန်ကြောက်ဖို့ ကောင်းပြီး သတိထား ဆောင်ရွက်ကြဖို့နဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ၊ပါတီဝင်တွေနဲ့ ပါတီဝန်းရံသူတွေအားလုံး ကိုဗစ် ကပ်ရောဂါက ကင်းဝေးစေဖို့ နေ့စဉ် ဆုတောင်းမေတ္တာ ပို့သပေးနေတယ်လို့ ပြောကြားထားပါတယ်။

သတင်း- ငြိမ်းချမ်းအောင်

Photo -- USDP


23 Oct 2020     1,301 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS