BEC-TERO TV

ရန်ကုန်ပြည်သူ့ဆေးရုံတွင် Positive လူနာ ၂၅၀ အတွက် ပြင်ဆင်ထားရှိကာ ကုသပေးလျက်ရှိ

23 Oct 2020     1,379 Views


ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံ အဆောက်အဦအနီ (ရန်ကုန်မြို့ပြအမွေအနှစ်)အား ကိုဗစ်-၁၉ ရောဂါ Positive လူနာ ၂၅၀ အတွက် ပြင်ဆင်ထားရှိ၍ ကုသပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါအဆောက်အဦ အပေါ်ဆုံးထပ်သုံးလွှာ၌ Positive လူနာ ၂၅၀ ထားရှိနိုင်ပြီး ICU အတွက် ခုတင် ၃၀ မှအပ ကျန်သောခုတင်အားလုံး အောက်ဆီဂျင်ရရှိရန် ပြင်ဆင်ထားရှိ၍ လူနာများကို အောက်တိုဘာပထမပတ် တနင်္လာနေ့မှစ၍ ကုသပေးလျက်ရှိသည်။

 

“Positive လူနာကို ထားတဲ့အခါမှာ ကိုဗစ်-၁၉ ရောဂါမဟုတ်တဲ့သူတွေအတွက် နေရာကျုံ့သွားတယ်။ သူတို့ကို အနီဆောင်မဟုတ်တဲ့ အခြားအဆောင်သစ်တွေမှာ ပြောင်းရွှေ့ထားတယ်။ Positive လူနာတွေကို လက်ခံဆောင်ရွက်တဲ့အခါမှာ ဆရာဝန်၊ ဆရာမ ပိုပြီးလိုအပ်လာတယ်။ လူ ၂၅၀ အတွက်လည်း အောက်ဆီဂျင်လိုအပ်တယ်။ ဆေးဝါးနဲ့ ပစ္စည်းကိရိယာတွေက တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်မှုနဲ့ အဆင်ပြေတယ်။ ပြီးတော့ လူနာတွေအတွက် ပရဟိတလူငယ်တွေ လိုလာတယ်။ Positive လူနာတွေဖြစ်တဲ့အတွက် Negative ဖြစ်တဲ့ ပရဟိတလူငယ်တွေ လိုလာပါတယ်။ လက်ရှိ ကိုဗစ်-၁၉ လူနာ ၂၀၀ နီးပါးကို ကုသပေးနေတယ်။ ကျန်းမာရေးဝန်ထမ်းများအနေနဲ့ အားစိုက်ပြီး ကုသပေးနေပါတယ်။ တာဝန်ချိန်များပြီး ကူးစက်မှုတွေရှိပေမယ့် အင်နဲ့အားနဲ့ လုပ်ဆောင်နေဆဲပါပဲ။ ကျွန်တော်တို့ကို ကူညီချင်တယ်ဆိုရင် ကူးစက်မှုမရှိအောင် နေထိုင်ပေးကြပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာပေးကြပါ။ အဲ့ဒီလိုလိုက်နာမယ်ဆိုရင် ကျန်းမာရေးဝန်ထမ်းများလည်း သက်တောင့်သက်သာ ဖြစ်စေမှာပါ။ ကူညီပေးဖို့လည်း မေတ္တာရပ်ခံပါတယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနမှ ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောသည်။

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ပင်မဆောင်ကို ၁၉၀၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး လျှပ်စစ်မီး၊ မေ့ဆေးခန်းနှင့် ခွဲစိတ်ခန်းတို့ကို ထည့်သွင်းတည်ဆောက်ခဲ့ကာ ၁၉၁၁ ခုနှစ်၌ ၃၄၂ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကြီးအဖြစ် ဖွင့်လှစ်ခဲ့၍ ၁၉၆၂ ခုနှစ်တွင် ခုတင် ၁၅၀၀ ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က ရန်ကုန်မြို့ပြအမွေအနှစ်၏ ၁၉ ခုမြောက်အဖြစ် အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သံသယရှိသူ(PUI)တို့ကို နှာခေါင်းတို့ပတ်ယူခြင်းနှင့် ကုသခြင်းတို့ကို ဆောင်ရွက်ပြီး Positive လူနာတွေ့ရှိပါက ဖောင်ကြီး၊ ဝေဘာဂီ၊ သုဝဏ္ဏတို့ရှိ ကုသရေးစင်တာသို့ ပို့ဆောင်၍ ကုသမှုတွင် အဆိုပါကုသရေးစင်တာသို့ ပို့ဆောင်မည့် လက္ခဏာထက်ပိုမိုသော လူနာများရှိလာသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသရန်လိုအပ်လာသောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်ရှိ ရန်ကုန်မြို့ပြအမွေအနှစ် အနီရောင်ဆေးရုံအဆောက်အဦကြီးအား ပြန်လည်ပြင်ဆင်၍ အပေါ်ဆုံးသုံးထပ်တွင် ကိုဗစ်-၁၉ ရောဂါ Positive လူနာ ၂၅၀ အတွက် ပြင်ဆင်ထားရှိကာ လက်ရှိတွင် လူနာ ၂၀၀ ကို ကုသပေးလျက်ရှိကြောင်း သိရသည်။

 

သန်းထိုက်/MDN

 


23 Oct 2020     1,379 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS