BEC-TERO TV

ရှောက်သီးက ပေးစွမ်းနိုင်သော အလှအပဆိုင်ရာ အာနိသင်များ

17 Nov 2020     1,633 Views


ရှောက်သီးကို အလှအပ အတွက် သဘာဝ အိမ်သုံးပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။
 

(၁) ဆံသားတောက်ပြောင်စေတယ်

ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားအနှံ့ကို ရှောက်ရည်တစ်ဆနဲ့ ရေတစ်ဆရောထားတဲ့ အရည်ကို လိမ်းပါ။ မိနစ် အနည်းငယ် ထားပြီးနောက် ရေနဲ့ သန့်စင်ပေးပါက ဆံသားတွေ တောက်ပြောင်လှပစေပါတယ်။
 

(၂) မျက်နှာလိမ်း တိုနာအဖြစ် အသုံးပြုနိုင်တယ်

ရှောက်ရည်က ချွေးပေါက်တွေကို ကျုံ့စေတဲ့ အာနိသင်ရှိပါတယ်။ ရှောက်ရည် အနည်းငယ်ကို ဂွမ်းစအနည်းငယ်နဲ့ တို့ယူပြီး တိုနာအဖြစ် သင့်မျက်နှာပေါ်မှာ လိမ်းပေးပါက မျက်နှာအဆီပြန်တာကို သက်သာစေပါတယ်။
 

(၃) လက်သည်းဖြူစေတယ်

လက်သည်းအရောင်က ဝါကြန့်ကြန့်ဖြစ်လို့ အရောင်မလှ ဖြစ်နေရင် ရှောက်ရည်ကို အသုံးပြုနိုင်ပါတယ်။ ရှောက်သီးကို အရည်ညှစ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ပါ။ အဲဒီပန်းကန်ထဲကို လက်ချောင်းလေးတွေ ထည့်စိမ်ထားပြီး မိနစ်အနည်းငယ် ကြာတဲ့အခါ လက်မှာ စွန်းထင်းနေတာတွေ ပျောက်ပြီး လက်သည်းတွေ ဖြူဖွေးလာပါလိမ့်မယ်။
 

(၄) ချွေးနံ့ပျောက်စေတယ်

ရှောက်ရည်ထဲမှာပါဝင်တဲ့ စစ်ထရစ် အက်စစ်က အနံ့အသက်ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချိုင်း (ဂျိုင်း) ချွေးနံ့ ပျောက်လိုပါက ချိုင်း (ဂျိုင်း) အောက်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။
 

(၅) တင်းတိပ်တွေကို ဖယ်ရှားပေးတယ်

ရှောက်ရည်က တင်းတိပ်နဲ့ သက်ကြီး အစက်အပြောက်တွေကို ဖယ်ရှားပေးတယ်လို့ ယုံကြည်မှု အစွဲအလမ်းတွေ ရှိတတ်ကြပါတယ်။ ရှောက်ရည်ကို ဂွမ်းစနဲ့တို့ပြီး အစက်အပြောက်ရှိတဲ့ နေရာကို တစ်နေ့တစ်ကြိမ် လိမ်းပေးပါ။
 

(၆) အစွန်းအထင်းတွေကို ဖယ်ရှားပေးတယ်

အဝတ်အစားတွေမှာ အစွန်းအထင်းတွေ ရှိခဲ့ရင် ရှောက်ရည်နဲ့ အစွန်း ချွတ်ပေးနိုင်ပါတယ်။ မပျက်ဘဲ စွဲထင်နေမယ်ဆိုရင်တော့ ရှောက်ရည်ကို ဆားနဲ့ရောပြီး အစွန်း ချွတ်ပေးနိုင်ပါတယ်။ အဝတ်စက နူးညံ့လွန်းတဲ့အစ ဖြစ်နေရင်တော့ ရှောက်ရည်တစ်မျိုး တည်းကိုသာ အစွန်းချွတ်ဆေးအဖြစ် အသုံးပြုပါ။
 

(၇) ဗောက်ပျောက်စေတယ်

ရှောက်ရည်ကို ဗောက်မထအောင် ကာကွယ်တဲ့ အနေနဲ့တော့ အသုံးပြုလို့ မရပါဘူး။ ဗောက်ထနေခဲ့ရင်တော့ ဦးရေပြားပေါ်က ဗောက်တွေကို ဖယ်ရှားဖို့ အသုံးပြုနိုင်ပါတယ်။ ရှောက်ရည်ကို ဆံသားအနှံ့လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပါ။ ၁၀ မိနစ်လောက် ထားပြီးမှလျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။
 

(၈) ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်တယ်

 
ရှောက်ရည်၊ ဆားနဲ့ သံလွင်ဆီတို့ကို ဆတူရောပြီး သဘာဝ ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
 
Credit: 

17 Nov 2020     1,633 Views




RELATED

Most Popular of Health Fix

Most Popular of Life Style