BEC-TERO TV

စဉ့်ကိုင်မြို့နယ် ပလိပ်အင်းဒေသသို့ ဆောင်းခိုငှက် အများအပြား ဝင်ရောက်ကျက်စား

26 Nov 2020     1,423 Views


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်အင်းရေတိမ်ဒေသတွင် ဆောင်းခိုငှက်များ စတင်ဝင်ရောက်လာပြီဖြစ်သည်။ ဆောင်းခိုငှက်များမှာ နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး ယခုအခါ ပိုမိုများပြားစွာ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ ပလိပ်အင်းဒေသသည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ အနောက်တောင်ဘက် ၉ မိုင် ၃ ဖာလုံအကွာတွင် တည်ရှိသည်။

ပလိပ်အင်းမှာ ရေတိမ်ပြီး သဘာဝအင်းအမျိုးအစား ဖြစ်သည်။ ရေတိမ်ဒေသ အမျိုးအစား အမျိုးမျိုးရှိရာတွင် ပလိပ်အင်းမှာ ကုန်းတွင်းရေတိမ်ဒေသ (Inland Wetland)၊ အင်းအိုင် (Pond) အမျိုးအစားဖြစ်သည်။ မိုးရာသီတွင် အင်းရေပြင် ၃၂၇ ဒသမ ၇၆ ဟက်တာကျယ်ပြီး နွေရာသီတွင် ၄ဝ ဒသမ ၄၇ ဟက်တာကျယ်သည်။ ဧရာဝတီမြစ်လက်တက်ဖြစ်သော မြစ်ငယ်မြစ်မှ အင်းအတွင်း ရေဝင်ရေထွက်ရှိသည်။ အင်းအတွင်း ရေငှက်မျိုးစိတ် ၃၇ မျိုး၊ အခြားငှက်မျိုးစိတ် ခုနစ်မျိုး၊ ငါးမျိုးစိတ် ရှစ်မျိုး ကျက်စားကြောင်း မှတ်တမ်းပြုထားသည်။

ကွင်းဆင်းလေ့လာမှု မှတ်တမ်းများအရ ရေငှက်မျိုးစိတ် ၃ဝ၊ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားသည့် ဆောင်းခိုငှက် ၁၁ မျိုးနှင့် ဒေသမျိုးရင်း ငှက်မျိုးစိတ် ၁၉ မျိုး ကျက်စားကြောင်း သိရသည်။ လက်ရှိကာလ နိုဝင်ဘာလဆန်းပိုင်းတွင် အဦးဆုံးရောက်ရှိလာသော ငှက်များဖြစ်သည့် တောငန်းရိုင်း၊ ခရုတုတ်၊ ဟင်္သာ၊ ဥပန်းငှက်နှင့်အတူ အခြား ရှားပါးငှက်မျိုးစိတ်များ ရောက်ရှိနေပြီဖြစ်သည်။

ပလိပ်အင်းအတွင်း ဆောင်းခိုငှက်များ ဝင်ရောက်လာပြီဖြစ်သည့်အတွက် ငှက်ချစ်မြတ်နိုးသည့် ဓာတ်ပုံဆရာများမှ အင်းအတွင်း ငှက်အလှဓာတ်ပုံများ နေ့စဉ်ရိုက်ကူးလျက်ရှိသည်။ ငှက်များ အနှောင့်အယှက်မဖြစ်ရေး သဘာဝအတိုင်း နေထိုင်ကျက်စားမှုကို အထူးဂရုပြု ရိုက်ကူးရကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ ငှက်ချစ်မြတ်နိုးသူများ၊ ဓာတ်ပုံဆရာများ ဆောင်းခိုငှက်များကို မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနိုင်ပြီဖြစ်ကြောင်း ဆောင်းခိုငှက်များကို အလှဓာတ်ပုံရိုက်ကူးသည့် ဒေသခံ ငှက်ချစ်သူတစ်ဦးက ပြောပြသည်။

တိမ်တမန် MDN


26 Nov 2020     1,423 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS