BEC-TERO TV

ကိုဗစ်ကာကွယ်ဆေးကို ခရစ်စမတ်ကာလမှာ ရရှိနိုင်ဟု EU အရာရှိပြော

26 Nov 2020     1,338 Views


ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံထဲက ပထမဆုံး ကိုဗစ်ကာကွယ်ဆေး အထိုးခံရမယ့်နိုင်ငံသားဟာ ဒီဇင်ဘာလမကုန်ခင်မှာ ရှိလာနိင်တယ်လို့ ဥရောပ ကော်မရှင်ဥက္ကဌ Ursula von der Leyen က ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။ EU ဥပဒေပြုအမတ်တွေကို သူမက အဲဒီလိုပြောသွားတာဖြစ်ပြီး သန်းနဲ့ချီရှိမယ့် ဒီဆေးတွေ အချိန်မီရောက်ရှိနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေးကိစ္စ အသေချာပြင်ထားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

"နောက်ဆုံးတော့ ဥမင်လှိုင်ခေါင်းရဲ့အဆုံးမှာ အလင်းရောင်လေး မြင်လာနေရပြီ'' လို့ သူမ က တင်စားပြောဆိုပြီး ကာကွယ်ဆေး အချိန်မီရရှိဖို့အတွက် ဆေးဝါးထုတ်လုပ်ရေးကုပဏီ ၆-ခုနဲ့ သဘောတူစာချုပ် ချုပ်ထားပြီး အခု ၇-ခုမြောက်ကုပဏီနဲ့ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ ဒီကုပဏီတွေဆီကနေ ဆေးအလုံးရေ သန်း ၈၀၀ ဝယ်ယူဖို့ အီးယူ က ပြင်ဆင်ထားပြီး ဒါဟာ အဖွဲ့ဝင်၂၇ နိုင်ငံရှိ လူဦးရေ သန်း ၄၆၀ ရဲ့ နှစ်ဆနီးပါးဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေက ဒီဆေးတွေအတွက် အဆင်သင့်ဖြစ်နေဖို့လိုတယ်။

ဆေးအရေအတွက်အပြင် သန်းနဲ့ချီလိုအပ်တဲ့ ဆေးထိုးအပ်တွေ၊ စလင်းတွေ၊ သယ်ယူပို့ဆောင်ရေးအတွက် အအေးခန်းပစ္စည်းတွေ၊ ဆေးဝန်ထမ်းတွေ၊ စသဖြင့် လိုအပ်ချက်အားလုံးအတွက် ကျမတို့ ဆွေးနွေးနေတယ်လို့ အီးယူ ကော်မရှင်ဥက္ကဌကပြောပါတယ်။ တချိန်တည်းမှာပဲ အီးယူ နိုင်ငံသားတွေအနေနဲ့ ကိုဗစ်နဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လေးစားဖို့လည်း ဥက္ကဌက တိုက်တွန်းပါတယ်။ ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်တဲ့အပြင် လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ရှိလာနေတယ်လို့ သူမကပြောပါတယ်။

ဥရောပတခုလုံးမှာ ကိုဗစ်ကြောင့် တရက်ကို လူ ၃,၀၀၀ လောက်သေဆုံးမှုရှိနေပါတယ်။ ဆေးရုံတွေဟာလည်း မနိုင်မနင်းဖြစ်နေပြီး မြို့အတော်များများမှာ ICU အထူးကုသဆောင်တွေ ကိုဗစ်လူနာတွေနဲ့ပြည့်နေပြီလို့ သူမက သတိပေးပါတယ်။ နွေရာသီတုန်းက မှားခဲ့တဲ့အမှားတွေကို သင်္ခန်းစာယူပြီး အလားတူ ထပ်မမှားမိအောင် ကျမတို့ကြိုးစားရမယ်လို့ အီးယူ ကော်မရှင် ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ။

Source: AP One News


26 Nov 2020     1,338 Views




RELATED

Most Popular of International News

Most Popular of NEWS