BEC-TERO TV

အဝလွန်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများ

01 Dec 2020     1,388 Views


ဆေးပညာရှုထောင့်ကကြည့်ရင် ခန္ဓာကိုယ်ပိန်ခြင်းကြောင့် ဖြစ်တဲ့ရောဂါဆိုတာ မရှိသလောက်ပါပဲ။ အဝလွန်ခြင်းကြောင့်တော့ ခေါင်းအစ၊ ခြေထောက်အဆုံးထိ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရောဂါတွေရနိုင်ပါတယ်။
 
လူတစ်ယောက် “ဝလား” ၊ “မဝလား”   ကို Waist Hip Ratio (ခါး၊ တင် အချိုးအဆ) နဲ့ တိုင်းတာလို့ရသလို Body Mass Index (ခန္ဓာကိုယ် ထုညွှန်ကိန်း) လို့ခေါ်တဲ့ BMI နဲ့လည်း တိုင်းတာလို့ ရပါတယ်။ အများဆုံးအသုံးပြုနေကြတာကတော့ BMI ပါပဲ။
 
အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ရောဂါတွေကတော့....
 

နှလုံး၊ နှလုံးသွေးကြော၊ သွေးကြောဆိုင်ရာရောဂါများ

        အဝလွန်လာတဲ့ လူတစ်ယောက်ရဲ့ သွေးကြောနံရံမှာ ခန္ဓာကိုယ်ကို အကျိုးမပြုတဲ့အဆီတွေက စုပုံလာတတ်ပါတယ်။ အဲဒီလို စုပုံလာခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲရောဂါ (ဥပမာ - ကိုယ်တစ်ခြမ်းသေခြင်း) တွေ ရနိုင်ပါတယ်။
 

ဆီးချို၊ သွေးချိုရောဂါ

         ခန္ဓာကိုယ်ထဲက သွေးထဲမှာ သကြားဓာတ် (glucose) တွေ လိုတာထက်ပိုများနေတဲ့ အခြေအနေကို ဆီးချို၊ သွေးချိုရောဂါလို့ ခေါ်ပါတယ်။ စားလိုက်တဲ့ အစားအစာအားလုံးဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအပြီးမှာ Glucose (သကြားဓာတ်) အဖြစ် ပြောင်းလဲသွားပါတယ်။ Cell (ဆဲလ်) တွေဆီမှာ Glucose (သကြားဓာတ်) ကနေ Energy (စွမ်းအင်) အဖြစ် ပြောင်းလဲဖို့ Insulin (အင်ဆူလင်) ဆိုတဲ့ ဟော်မုန်းတစ်မျိုး လိုပါတယ်။
 
          အဝလွန်လာတဲ့လူတွေရဲ့ ဝမ်းဗိုက်မှာစုနေတဲ့ အဆီတွေက ဟော်မုန်းနဲ့ ပစ္စည်းတချို့ထုတ်ပေးပါတယ်။ အဲဒီပစ္စည်းတွေက Insulin (အင်ဆူလင်) ရဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပြုလို့ Cell (ဆဲလ်) တွေဆီမှာ Glucose (သကြားဓာတ်) ကနေ Energy (စွမ်းအင်) အဖြစ် မပြောင်းလဲနိုင်တော့ဘဲ သွေးထဲမှာ Glucose (သကြားဓာတ်) တွေ လိုတာထက် ပိုများလာပြီး ဆီးချိုရောဂါ ဖြစ်လာရတာပါ။
 

ကင်ဆာရောဂါများ

           အဝလွန်နေတဲ့သူတွေဟာ သာမန်ကိုယ်အလေးချိန်ရှိသူတွေထက် ကင်ဆာရောဂါများစွာ ပိုဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ အခုချိန်ထိဂဃနဏ မသိသေးပါဘူး။ အဝလွန်တဲ့သူတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတွေကတော့ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သည်းခြေအိတ်ကင်ဆာ၊ အစာရေမျိုလမ်းကြောင်းကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ ကျောက်ကပ်နဲ့ ဆီးကျိတ်ကင်ဆာတို့ပဲ ဖြစ်ပါတယ်။
 

အရိုး၊ အဆစ်အမျက်ရောင်ရောဂါများ

           အဝလွန်လာတဲ့အခါ ကိုယ်အလေးချိန်ရဲ့ ဖိအားတွေက ခါး၊ ပေါင်ရင်းနဲ့ ဒူးဆစ်တွေမှာ များစွာ သက်ရောက်ပါတယ်။ ဒါကြောင့် အဝလွန်တဲ့လူတွေဟာ အဆစ်အမျက်နာခြင်း၊ ဒူးနာ၊ ခါးနာခြင်းတွေကို ပုံမှန်လူတွေထက်ပိုပြီး ခံစားရတတ်ပါတယ်။ အဝလွန်ခြင်းနဲ့ ဂေါက် (အဆစ်အမျက်ရောင်) ရောဂါနဲ့လည်း ဆက်စပ်နေပါတယ်။
 

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

          ဝမ်းဗိုက်မှာ အဆီတွေစုလာတဲ့အခါ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကို ခြားနားထားတဲ့ ကြွက်သားရဲ့ အထက်အောက်ရွေ့လျားမှုကို တားဆီးသလိုဖြစ်သွားပါတယ်။ နောက်ရင်ခေါင်းမှာ အဆီတွေ စုလာတဲ့အခါအဆုတ်က လိုအပ်သလို ပြန့်ကားလို့မရတော့ပါဘူး။ လည်ပင်းမှာ အဆီတွေစုလာတဲ့အခါ အသက်ရှူလမ်းကြောင်းကျဉ်းသွားပါတယ်။
 
          ဒါကြောင့် အဝလွန်တဲ့သူတွေဟာ အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူမြန်ခြင်း၊ အိပ်ပျော်နေစဉ် အသက်ရှူရပ်သွားခြင်းတွေ ကြုံရတတ်ပါတယ်။
 

မျိုးပွားအဖွဲ့အစည်းနှင့်ဆိုင်သော ရောဂါများ

          အဝလွန်တဲ့ အမျိုးသမီးတွေမှာ ရာသီမမှန်တာ၊ ကလေးမရတာ၊ ကိုယ်ဝန်ပျက်ကျတာ၊ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတာ၊ မွေးလာတဲ့ကလေးမှာ ကိုယ်လက်အင်္ဂါချို့ယွင်းတာတွေ ဖြစ်တတ်ပါတယ်။
 
          အဝလွန်တဲ့ အမျိုးသားတွေကတော့ လိင်တံတောင့်တင်းမှု မရှိတာ၊ တောင့်တင်းချိန် မကြာတော့တာ၊ သုက်လွှတ်စောတာတွေ ဖြစ်တတ်ပါတယ်။
 

အသည်းအဆီဖုံးခြင်း

          အဝလွန်တဲ့သူတွေမှာ မကောင်းတဲ့အဆီတွေ စုပုံလာခြင်းကြောင့် အသည်းအဆီဖုံးရောဂါ ဖြစ်တတ်ပါတယ်။
 

မျက်လုံးတိမ်စွဲခြင်း

          အဝလွန်ခြင်းနဲ့ မျက်လုံးတိမ်စွဲခြင်းဟာလည်း များစွာဆက်စပ်နေပါတယ်။
 

ခြေသလုံးသွေးပြန်ကြောထုံးခြင်း

          အဝလွန်တဲ့သူတွေရဲ့ ခြေသလုံးမှာ သွေးကြောတွေထုံးနေတတ်ပါတယ်။ အဲဒီသွေးကြောထုံးက သွေးစတွေဟာ အဆုတ်ဆီရောက်ပြီး သွေးကြောပိတ်ကာ အသက်သေဆုံးတတ်ပါတယ်။
 

အနာကျက်ချိန် ပိုကြာခြင်း

          အဝလွန်သူတွေမှာ ထိခိုက်ဒဏ်ရာရရင် အနာကျက်ချိန် ပုံမှန်ထက် ပိုကြာပါတယ်။
 

လူ့သက်တမ်း

          အဝလွန်တဲ့သူတွေဟာ ပုံမှန်လူ့သက်တမ်းထက် တိုတတ်ပါတယ်။
 

အလှအပ၊ လူမှုရေး၊ စိတ်ဓာတ်၊ လုပ်ငန်းခွင်ပြဿနာများ

          အဝလွန်တဲ့သူတွေဟာ အလှအပနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်နည်းတတ်ပါတယ်။ အလုပ်ခွင်မှာလည်း သွက်သွက်လက်လက်မရှိဘဲ တခြားသူတွေထက် နှေးကွေးနေတတ်ပါတယ်။
 
          အဝလွန်သူတွေဟာ ခွဲခြားဆက်ဆံခြင်း၊ လှောင်ပြောင်ခံရခြင်းကို ခံရတတ်ပါတယ်။ အဝလွန်သူတွေမှာ စိတ်ကျရောဂါ၊ စိတ်သောကလွန်ရောဂါ၊ စိတ်အားငယ်ရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါတွေ ပိုဖြစ်တတ်ပါတယ်။
 
          အဝလွန်တယ်ဆိုတာ ကျန်းမာရေး၊ လူမှုရေးဘယ်ဘက်ကကြည့်ကြည့် ဘာကောင်းကျိုးမှ မရှိပါဘူး။ အဝလွန်နေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုကတော့ မိမိကိုယ်အလေးချိန်ရဲ့ 5% (သို့) 10% ထိ လျှော့ချနိုင်ရင်တောင် အထက်မှာဖော်ပြခဲ့တဲ့ ရောဂါဖြစ်ပွားနှုန်းတွေက သိသာစွာ လျော့နည်းသွားပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အဝလွန်နေပါစေ ကိုယ်အလေးချိန်လျှော့ချဖို့ နောက်မကျသေးပါဘူးလို့ သတင်းကောင်းပေးလိုက်ပါရစေ။
 
Credit: ဟမ်စိုင်း (ဆေး၊ မန်း)

01 Dec 2020     1,388 Views




RELATED

Most Popular of Health Fix

Most Popular of Life Style