BEC-TERO TV

ခံတွင်းနံ့ဘာကြောင့် ဆိုးရသလဲ... ?

02 Dec 2020     1,350 Views


ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တဲ့သူတွေမှာ ခံတွင်းအနံ့ဆိုးတာအပြင် သွားဖုံး၊ ပါးစောင်နဲ့ ပတ်သက်တဲ့ ရောဂါပါဖြစ်နိုင်ပါတယ်။
 

အစားအစာများ စားခြင်း

သွားကြားတွေ၊ ထောင့်တွေမှာ ကပ်ကျန်နေတဲ့ အစာအကြွင်းအကျန်တွေကနေ အနံ့ထွက်စေပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူပါတဲ့အစာတွေ၊ အနံ့ပြင်းတဲ့ အစားအစာတွေ စားလေ့ရှိသူတွေမှာလည်း ခံတွင်းအနံ့ နံတတ်ပါတယ်။ ပါးစပ်ဟမှ နံတာမဟုတ်ဘဲ စားလိုက်တဲ့အနံ့ပြင်းအစားအစာတွေကနေ အနံ့တွေဟာ သွေးထဲကနေတစ်ဆင့် အဆုတ်ကို ရောက်ရှိပြီး အဆုတ်က ပြန်ထုတ်လိုက်တဲ့လေမှာပါ အနံ့တွေပါပြီး အနံ့ထွက်ခြင်း ဖြစ်နိုင်ပါတယ်။
 

ခံတွင်းခြောက်ခြင်း တံတွေးအထွက်နည်းခြင်း

တံတွေးဟာ ခံတွင်းကို သန့်စင်ပေးတဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ၊ အလိုလိုနေရင်းဖြစ်စေ ခံတွင်း အစိုဓာတ်မရှိ ခြောက်သွေ့နေပါက အနံ့ဆိုးပိုထွက်နိုင်ပါတယ်။
 

သွားသန့်ရှင်းရေး အားနည်းခြင်း

သွားမှာ ကပ်နေတဲ့အစာတွေကို စင်အောင် မဖယ်နိုင်ခဲ့ရင် သွားအခြေနဲ့ သွားကြားတွေမှာ သွားချေးနဲ့ အစာဖတ်တွေ စုပုံလာပြီး ဗက်တီရီးယားများနှင့် ဓာတ်ပြုကာ ခံတွင်းအနံ့ဆိုး ထွက်စေပါတယ်။ သွားချေးတွေ စုပုံလာတာများလာရင် သွားဖုံးကိုပါ ထိခိုက်လာစေပြီး သွားအခြေနဲ့ သွားဖုံးကြားမှာ ရောင်ရမ်းမှုတွေဖြစ်ကာ Periodontitis ရောဂါဖြစ်စေပါတယ်။ သွားတုအံကပ် တပ်ဆင်ထားသူတွေမှာလည်း အံကပ်ကို သန့်ရှင်းရေး မလုပ်ရင် ခံတွင်းအနံ့ဆိုးထွက်မှာပါ။
 

ဆေးဝါးများ မှီဝဲခြင်း

တချို့သော ဆေးဝါးတွေဟာ တံတွေးထွက်တာကို နည်းစေတာကြောင့် ခံတွင်းအနံ့ ထွက်စေပါတယ်။ ဥပမာ - နိုက်ထရိတ်ဆေးများ၊ ကင်ဆာရောဂါ ကုဆေးများ၊ စိတ်ငြိမ်ဆေးများ၊ ဗီတာမင်ဖြည့်စွက်ဆေး အများအပြား သောက်သူတွေမှာလည်း ခံတွင်းအနံ့ဆိုးထွက်နိုင်ပါတယ်။
 

ခံတွင်း၊ နှာခေါင်းနှင့် လည်ချောင်းဝတွင် ရောဂါတစ်ခုခုဖြစ်ခြင်း

တစ်ခါတစ်ရံ အာသီးပေါ်မှာ ဗက်တီးရီးယားတွေ အုပ်ထားတဲ့ကျောက်အသေးလေးတွေ ဖြစ်တတ်ပြီး အဲဒီကနေ အနံ့ဆိုးထွက်တတ်ပါတယ်။ နှာခေါင်းတွင်း၊ လည်ချောင်းဝနှင့် မျက်နှာလိုဏ်ပေါက်များ ပိုးဝင်ခြင်းကြောင့် ပြည်တည်ခြင်း၊ ရောင်ရမ်းခြင်းကြောင့်လည်း အနံ့ဆိုးထွက်နိုင်ပါတယ်။
 

ပြင်ပမှ ပစ္စည်းတစ်ခုခု နှာခေါင်းတွင် ပိတ်ဆို့ခြင်း

နှာခေါင်းတွင်းမှာ ပစ္စည်းတစ်ခုခုပိတ်ဆို့တဲ့အခါမှာ ရှူထုတ်တဲ့လေရဲ့ အနံ့အသက်ဆိုးတတ်ပါတယ်။
 

ရောဂါတစ်ခုခုဖြစ်နေခြင်း

အချို့သော ကင်ဆာရောဂါများ၊ အသည်းမကောင်းခြင်းနဲ့ အခြားဇီဝဆိုင်ရာဖြစ်ပျက်ခြင်း၊ ကမောက်ကမဖြစ်ခြင်းစတဲ့ ရောဂါတွေကြောင့် ခံတွင်းအနံ့ဆိုးထွက်လေ့ရှိပါတယ်။ အစာချဉ်ပြန်ရောဂါမှာလည်း အစာအိမ်အက်ဆစ်တွေ ဆန်ပြီး လေချဉ်အမြဲတက်နေခြင်းကြောင့် ခံတွင်းနဲ့ နှာခေါင်းက ရှူထုတ်လိုက်တဲ့လေမှာ အနံ့ဆိုးနိုင်ပါတယ်။ ရှားရှားပါးပါးဖြစ်တတ်တဲ့ အကြောင်းအရင်းတွေလည်းရှိပါတယ်။
 

အဲဒါတွေကတော့.... 

၁။ သွေးချိုဆီးချိုရောဂါသည်များတွင် သွေးတွင်းကီတုန်းဓာတ်များသော အခြေအနေ
 
၂။ အူလမ်းကြောင်း ပိတ်ဆို့နေခြင်း
 
၃။ အဆုတ်လေပြွန်များ ကျယ်ပြီး ချွဲများ စုပုံခြင်း
 
၄။ ပြန်အန်သောအစာနှင့် အရည်များ၊ တံတွေးများ၊ အစာများ အဆုတ်အတွင်းရောက်ရှိပြီး ပြင်းထန်အဆုတ်ရောင်၊ အဆုတ်ပိုးဝင်ခြင်းစတဲ့ အကြောင်းများပဲဖြစ်ပါတယ်။
 
 
Credit: ဒေါက်တာရှင်းသန့်ဖြူ

02 Dec 2020     1,350 Views




RELATED

Most Popular of Health Fix

Most Popular of Life Style