BEC-TERO TV

ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်း

07 Jan 2021     1,475 Views


ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံဆိုသည်မှာ မိမိကြိုက်နှစ်သက်သည့် အစားအစာများကို အလွန်အကျွံ စားသောက်ခြင်း သို့မဟုတ် ရှောင်ကြဉ်ကန့်သတ်ခြင်းမျိုးမဟုတ်ဘဲ အာဟာရပြည့်ဝမျှတစွာနှင့် နည်းလမ်းမှန်ကန်စွာ စားသောက်တတ်ခြင်းကို ဆိုလိုပါသည်။
 
အာဟာရပြည့်ဝမျှတစွာ စားသောက်ရန် အရိုးရှင်းဆုံး နည်းလမ်းမှာ ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ဗီတာမင်နှင့် သတ္ထုဓာတ်များကို အချိုးကျမျှတစွာ ပါဝင်အောင် စားသောက်ခြင်းပင် ဖြစ်ပါသည်။
 
မျှတမှန်ကန်သော စားသောက်မှုပုံစံသည် သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာစသည့်ရောဂါဆိုးများ ဖြစ်နိုင်ခြေလျော့နည်းစေသည့်အပြင် ကိုယ်ခံစွမ်းအား တိုးတက်မှု၊ မှတ်ဉာဏ်တိုးပွားမှုနှင့် စိတ်ကျေနပ်မှုတို့ကိုလည်း ရရှိစေနိုင်ပါသည်။
 
ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံကို ရရှိရန်အောက်ပါလမ်းညွှန်ချက်များကို လိုက်နာသင့်ပါသည်။
 

(က) ကျန်းမာရေးနှင့် ညီညွတ်သော ကစီဓာတ်များစားသုံးခြင်း

          ပေါင်းစည်းကစီဓာတ်များ (Complex Carbohydrates)  (ဥပမာ - သကြား၊ ပျားရည်၊ အချိုရည်မျိုးစုံ) တို့သည် သွေးတွင်းသကြားဓာတ်ကို မြင့်လွယ်နိမ့်လွယ်ဖြစ်စေပြီး ထိန်းညှိနိုင်စွမ်း နည်းသောကြောင့် ဆိုးသောကစီဓာတ်များအဖြစ် သတ်မှတ်ထား၍ မကြာခဏစားသုံးရန် မသင့်ခြင်းဖြစ်ပါသည်။
 

(ခ) ကျန်းမာရေးအကျိုးပြုအဆီဓာတ်များ ရွေးချယ်စားသုံးခြင်း

          (၁) မပြည့်ဝဆီများ (Unsaturated fatty acid) ပါဝင်သော မြေပဲဆီ၊ သံလွင်ဆီ၊ အခွံမာသီးများမှ ရသောအဆီ၊ အစေ့အဆန်များ၊ ထောပတ်သီး၊ ငါးအမျိုးမျိုး၊ ငါးသေတ္တာငါး၊ ပင်လယ်ငါး၊ ငါးသလောက်၊ ငါးကွန်းရှပ်နှင့် ပင်လယ်စာများသည် သွေးအတွင်း အဆီဓာတ်ပြောင်းလဲမှုကို ထိန်းညှိပေးပြီး သွေးခဲမှုအန္တရာယ်တို့မှ ကာကွယ်စေခြင်းကြောင့် မကြာခဏ စားသုံးသင့်ပါသည်။
 
          (၂) ပြည့်ဝဆီများ (Saturated fatty acid) ပါဝင်သော တိရစ္ဆာန်အဆီများ၊ စားအုန်းဆီများ၊ ပြုပြင်မွန်းမံထားသော အဆီများ(ဥပမာ - မာဂျရင်း၊ ကိတ်မုန့်တွင်ပါဝင်သော အဆီ) နှင့် ပြန်လည်အသုံးပြုထားသော ပြန်ကြော်ဆီများ (Trans fats) (ဥပမာ - အကြော်စုံများ) သည် သွေးကြောတွင်း သွေးပျစ်မှု၊ သွေးခဲမှုတို့ကို ဖြစ်စေပြီး နှလုံး၊ သွေးတိုးရောဂါများကို ဆက်လက်ဖြစ်ပွားစေသည့်အတွက် တတ်နိုင်သမျှ လျှော့စားသင့်ပါသည်။
 

(ဂ) အသားဓာတ်ပါဝင်ခြင်း

          (၁) သန့်ရှင်းလတ်ဆတ်သော ငါး၊ ကြက်သား၊ ဥများ စသည်တို့ကို တစ်ပါတ်လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခန့် မျှတစွာ စားသုံးသင့်ပါသည်။
 
          (၂) သက်သတ်လွတ် စားသုံးသည်ဆိုပါက ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့များ၊ တိုဟူး စသည်တို့ကို စုံလင်စွာစားသုံးပါက အသားဓာတ်ရရှိနိုင်ပါသည်။
 

(ဃ) အရောင်အသွေးစုံလင်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို များများစားသုံးခြင်း

          အရောင်အသွေးစုံလင်သော လတ်ဆတ်သန့်ရှင်းသည့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၏ အာဟာရတန်ဖိုးကောင်းများဖြစ်သည့် ဗီတာမင်ဓာတ်များ၊ သက်စောင့်ဓာတ်၊ သတ္တုဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အမျှင်များ များစွာပါဝင်ကာ ကယ်လိုရီဓာတ်နည်းသောကြောင့် နေ့စဉ်နေ့တိုင်းထည့်သွင်းစားသုံးသင့်ပါသည်။
 

(င) အရိုးကြီးထွားသန်မာစေရန် ကယ်လ်စီယမ်ဖြင့် ဖြည့်စွက်ခြင်း

          (၁) နို့နှင့် နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးတို့သည် ကယ်လ်စီယမ်ကြွယ်ဝသော အစာများဖြစ်ကြပေသည်။
 
          (၂) အစားအစာမှ လုံလောက်မှုမရှိပါက ဗီတာမင်ဒီနှင့် ကယ်လ်စီယမ် အားဖြည့်ဆေးများကိုလည်း သောက်သုံးရရှိနိုင်ပါသည်။
 

(စ) သကြားနှင့် ဆားကို ချင့်ချိန်၍ စားသောက်ခြင်း

          (၁) သကြားလုံး၊ အချိုရည်များကို လျှော့ချရှောင်ကြဉ်လိုက်ခြင်းသည် ကောင်းမွန်သော အဖြေရလဒ်များ ဖြစ်ပေါ်စေနိုင်ပါသည်။
 
          (၂) သဘာဝလတ်ဆတ်သော သစ်သီးဖျော်ရည်သည်သာ အကောင်းဆုံးဖြစ်သည်။ သဘာဝအလျောက် ချိုသောအစာများ(ဥပမာ - သစ်သီး၊ ပန်းသီးတို့ကို) ထည့်စားသင့်ပါသည်။
 
          (၃) တစ်နေ့လျှင် ဆား လက်ဖက်စားဇွန်း ၁ ဇွန်းသာ စားသုံးသင့်ပါသည်။ ဆားပါဝင်မှုနည်းသော အစားအသောက်များ ရွေးချယ်ခြင်းနှင့် မိမိပုံမှန်စားနေကျ အစားအစာတွင် ဆားပါဝင်မှုတဖြည်းဖြည်းချင်း လျှော့ချခြင်းတို့ကို ပြုလုပ်သင့်ပါသည်။
 

(ဆ) ရေများများသောက်ခြင်း။ ရေကို တစ်နေ့အနည်းဆုံး ၈ ဖန်ခွက်သောက်သုံးသင့်ပါသည်။

          မိမိစားသောက်သည့် ကယ်လိုရီပမာဏနှင့် မိမိအသုံးပြုသည့် ကယ်လိုရီပမာဏတို့ မျှတရန်အတွက် မှန်ကန်သင့်လျော်သော အစားအသောက်များ စားသောက်ခြင်းနှင့် စားသောက်မှုပုံစံ မှန်ကန်ခြင်းတို့သည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အဓိကအရေးကြီးသည့်အချက်ပင် ဖြစ်ပေသည်။
 
 
Credit: ဒေါက်တာ လွင်သန့် (ဆေး -၂)

07 Jan 2021     1,475 Views




RELATED

Most Popular of Health Fix

Most Popular of Life Style