BEC-TERO TV

လက်ဖက်ရည်ကြမ်းနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါ

08 Jan 2021     1,460 Views


လက်ဖက်ရည်ကြမ်း (Green Tea)ကို သောက်သုံးခြင်းဖြင့် အသက်အန္တရာယ်ကို ထိပါးစေနိုင်သောရောဂါမှ ကင်းဝေးစေနိုင်ကြောင်း ဂျပန်နိုင်ငံမှ ပညာရှင်များက လေ့လာတွေ့ရှိရသည်ဟုဆိုသည်။ လူ ၄၀,၀၀၀ ကျော်အားသုတေသနပြုလေ့လာချက်အရ လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် ၂၅ ရာခိုင်နှုန်းကျော်အား သေစေနိုင်လောက်သော နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

သို့သော် ဗြိတိန်နိုင်ငံမှ နှလုံးဆိုင်ရာကျွမ်းကျင်သူများကမှု ထိုကဲ့သို့ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားခြင်းအန္တရာယ်မှ ကင်းဝေးရခြင်းသည် လက်ဖက်ရည်ကြမ်းသောက်ခြင်း တစ်ခုတည်းကြောင့်မဟုတ်နိုင်ဘဲ ဂျပန်လူမျိုးတို့စားသုံးသော အခြားအစားအသောက်များနှင့်ပါ ဆက်စပ်မှုရှိနိုင်ကြောင်း ဂျပန်လူမျိုးတို့ စားသုံးမှီဝဲသော အစားအသောက်များမှာ အနောက်နိုင်ငံသားများ စားသုံးနေသော အစားအသောက်များနှင့် နှိုင်းယှဉ်ပါက ပိုမို၍ ကျန်းမာရေးနှင့် ညီညွတ်မှုရှိကြောင်း ပြောဆိုသည်။

လက်ဖက်ရည်ကြမ်းနှင့် ပတ်သက်၍ အကျိုးများပုံကို အမေရိကန်ဆေးဖက်ဆိုင်ရာ အဖွဲ့အစည်းဂျာနယ်(American Medical Association Journal) တွင် ရေးသားဖော်ပြထားသည်။ လက်ဖက်ရည်ကြမ်းသည် ရေပြီးလျှင် ကမ္ဘာပေါ်တွင် အများဆုံးသောက်သုံးမှီဝဲသည့် အရည်တစ်မျိုး ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လက်ဖက်ခြောက် ကီလိုဂရမ် သန်းသုံးထောင်ခန့် ထုတ်လုပ်လျက်ရှိသည်။ ဓာတ်ခွဲခန်းများ၌ တိရစ္ဆာန်များအား အသုံးပြုစမ်းသပ်ချက်အရ လက်ဖက်ရည်ကြမ်းသည် ကျန်းမာရေးအတွက် သိသာထင်ရှားသောအကျိုးရလဒ်များကို ရရှိစေနိုင်ကြောင်း တွေ့ရှိရသည်။

 

အမျိုးသမီးများအတွက် ပိုမိုအကျိုးဖြစ်ထွန်း

ဂျပန်နိုင်ငံ၊ တိုဟိုကူတက္ကသိုလ်တွင် ၁၉၉၄ ခုနှစ်မှ စတင်၍ လက်ဖက်ရည်ကြမ်းသည် လူသားများအပေါ်၌ မည်သို့အကျိုးပြုသည်ကို လေ့လာခဲ့ကြသည်။ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းဒေသ၌အသက် ၄၀ မှ ၇၉ နှစ် အတွင်းရှိ လူကြီး ၄၀,၅၃၀ အား သုတေသနပြု စစ်တမ်းများ ကောက်ယူခဲ့သည်။ အဆိုပါဒေသသည် ဂျပန်နိုင်ငံတွင် လက်ဖက်ရည်ကြမ်းသောက်သုံးသည့် အလေ့အကျင့်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးသောဒေသ ဖြစ်သည်။ ၎င်းဒေသတွင် နေထိုင်သော လူများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် လက်ဖက်ရည်ကြမ်းကို သောက်သုံးလေ့ရှိပြီး ၎င်းတို့အနက် လူဦးရေထက်ဝက်ကျော်မှာ နေ့စဉ်လက်ဖက်ရည်ကြမ်း အနည်းဆုံးသုံးခွက်သောက်သုံးသူများဖြစ်သည်။

လေ့လာမှုကို ၁၉၉၅ မှ ၂၀၀၅ ခုနှစ်အထိ ၁၁ နှစ်တိုင်တိုင် မျက်ခြည်မပြတ် ဆောင်ရွက်ခဲ့ရာ ထိုကာလအတွင်း ရောဂါအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် လူ ၄,၂၀၉ ဦးသေဆုံးခဲ့သည်။ သေဆုံးရသည့် အကြောင်းအရင်းအသေးစိတ်ကို ထပ်မံစီစစ် လေ့လာခဲ့ရာ ၈၉၂ ဦးသည် နှလုံးသွေးကြောဆိုင်ရာရောဂါကြောင့်

လည်းကောင်း၊ ၁,၁၃၄ ဦးသည် ကင်ဆာရောဂါကြောင့်လည်းကောင်း ကွယ်လွန်ရကြောင်း တွေ့ရှိရသည်။ အဆိုပါ လေ့လာချက်များမှာ တွေ့ရှိရသည်မှာနေ့စဉ် လက်ဖက်ရည်ကြမ်းငါးခွက် အနည်းဆုံးသောက်သူသည် လက်ဖက်ရည်ကြမ်း တစ်ခွက် သို့မဟုတ် ၎င်းထက်လျော့နည်း သောက်သုံးသူနှင့် နှိုင်းစာပါက သေဆုံးမှု ၁၆ ရာခိုင်နှုန်းခန့်လျော့နည်းကြောင်း။

လက်ဖက်ရည်ကြမ်း သောက်သုံးမှုနှင့် ကင်ဆာရောဂါတို့၏ ထင်ရှားသော ဆက်စပ်ယှက်နွယ်မှုကိုမူ ယခုလေ့လာချက်၌ တွေ့ရှိခြင်း မရှိဟုဆိုသည်။ ၎င်းအပြင် လက်ဖက်ရည်ကြမ်းသောက်သုံးမှုကြောင့် အမျိုးသမီးများတွင် ပိုမိုကောင်းမွန်သော အကျိုးအာနိသင်များ ရရှိနိုင်ကြောင်း တွေ့ရှိရသည်။ နေ့စဉ် လက်ဖက်ရည်ကြမ်း ငါးခွက်ထက်မနည်း သောက်သုံးသော အမျိုးသမီးများသည် နေ့စဉ်လက်ဖက်ရည်ကြမ်းတစ်ခွက် သို့မဟုတ် ၎င်းထက်လျော့နည်းသောက်သုံးသော အမျိုးသမီးများနှင့် နှိုင်းစာပါက နှလုံးသွေးကြောဆိုင်ရာရောဂါဖြင့် သေဆုံးရန် ၃၁ ရာခိုင်နှုန်းခန့် အလားအလာ လျော့နည်းသည်ဟုဆိုသည်။

 

ရောဂါဖြစ်ပွားမှုနှုန်းလျော့နည်း

သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာရှီနီချီကူရီယာမာက ၎င်းတို့ဆောင်ရွက်သောသုတေတနလုပ်ငန်းမှ ဖော်ထုတ်တွေ့ရှိရသည့် အရေးကြီးဆုံးသောအချက်မှ ဖော်ထုတ်တွေ့ရှိရသည့် အရေးကြီးဆုံးသောအချက်မှာ လက်ဖက်ရည်ကြမ်းသောက်ခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေသဖြင့် အသက်ရှည် ကျန်းမာနေထိုင်ရန်အထောက်အကူပြုသည် ဆိုခြင်းပင်ဖြစ်သည်ဟု ပြောဆိုသည်။

ဗြိတိသျှနှလုံးဆိုင်ရာ ဖောင်ဒေးရှင်း (British Heart Foundation)က တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကမူ ကမ္ဘာပေါ်တွင် ဂျပန်နိုင်ငံသည် နှလုံးရောဂါဖြစ်ပွားမှုနှုန်း အနိမ့်ဆုံးဖြစ်ကြောင်း၊ ထိုကဲ့သို့ဖြစ်ရခြင်း၏အဓိကသော့ချက်မှာ ဂျပန်လူမျိုးတို့နေ့စဉ်စားသုံးသော အာဟာရပင်ဖြစ်ကြောင်း၊ ဂျပန်လူမျိုးတိုင်းသည် နေ့စဉ်လက်ဖက်ရည်ကြမ်း သုံးလေးခွက်သောက်တတ်သည်မှာ လူမျိုး၏ရိုးရာဖြစ်ကြောင်း၊ ဗြိတိသျှလူမျိုးတို့ နေ့စဉ်စားသောက်သော အာဟာရမှာ ဂျပန်လူမျိုးတို့၏ အစားအသောက်နှင့် နှိုင်းယှဉ်ပါက ပြည့်ဝလွန်အဆီပါဝင်မှု ပိုမိုများပြားကြောင်း၊ သို့ဖြစ်၍ ဗြိတိသျှနိုင်ငံသားများသည် ကမ္ဘာပေါ်တွင် နှလုံးရောဂါဖြစ်ပွားမှု အများဆုံးစာရင်းတွင် ပါဝင်လျက်ရှိကြောင်း ပြောဆိုသည်။

 

လက်ဖက်ရည်ကြမ်း သောက်ခြင်းဖြင့်ကျန်းမာရေးကို တည်ဆောက်ပါ

ယခုအခါမြန်မာနိုင်ငံသည်လည်း ခေတ်မီ တိုးတတ်လာသည်နှင့် အမျှ စားသောက်မှုပုံစံသည် တဖြည်းဖြည်းမှ သိသိသာသာ ပြောင်းလဲလျက်ရှိရာ အနောက်တိုင်းသားတို့ စားသုံးလေ့ရှိသော အမြန်ပြင်အစားအစာ (Fast Food)များ၊ အချိုရည်များ(Fizzy Drink) များကို ခုံမင်နှစ်ခြိုက်စွာ စားသုံးလျက်ရှိသည်။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် အဆီပါဝင်မှုများပြားပြီး အဝလွန်ကာ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။

အဆီပါသော အစားအသောက်များကို ဆင်ခြင်စားသုံးပြီး လက်ဖက်ရည်ကြမ်းကို သောက်သုံးခြင်းဖြင့် ယနေ့ကမ္ဘာတွင် လူ့အသက်ကို အန္တရာယ်ပြုခြိမ်းခြောက်နေသော နှလုံးသွေးကြောဆိုင်ရာရောဂါများမှာ ကင်းဝေး၍ သက်ရှည်ကျန်းမာနေထိုင်နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။


 

Credit: အောင်ဇင်(Green Tea Cuts Fatal Illness)


08 Jan 2021     1,460 Views




RELATED

Most Popular of Health Fix

Most Popular of Life Style