BEC-TERO TV

တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွမ်ဟေး အကျင့်ပျက်ခြစားမှုနှင့် အခြားပြစ်မှုများဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရ

15 Jan 2021     1,365 Views


တောင်ကိုရီးယား တရားရုံးချုပ်က တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွမ်ဟေးကို ဇန်နဝါရီ ၁၄ ရက်တွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ သမ္မတဟောင်း ပတ်ဂွမ်ဟေးသည် လာဘ်စားမှုဖြင့် ၎င်းကို တရားစွဲဆိုရန် ဖမ်းဆီးခံခဲ့ရပြီး ယင်းကိစ္စကြောင့်ပင် တောင်ကိုရီးယားနိုင်ငံ၏ သမ္မတရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

တရားရုံးချုပ်က ၎င်းကို လာဘ်စားမှုဖြင့် ထောင်ဒဏ်၁၅ နှစ် ကျခံစေရန်နှင့် အခြားပြစ်မှုများအတွက် ထောင်ဒဏ် ငါးနှစ်နှင့်အတူ ဝမ်ငွေ ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄ သန်း) ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရန်နှင့် ဝမ်ငွေ ၃ ဒသမ ၅သန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်း)ကို လက်လွှတ်ဆုံးရှုံးစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ယခုချမှတ်လိုက်သည့် ပြစ်ဒဏ်သည် ၂၀၁၉ ခုနှစ်တွင် အယူခံတရားရုံးက ပြစ်ဒဏ်အားလုံးအတွက် ထောင်ဒဏ်အနှစ် ၃၀ တစ်ပေါင်း တည်းကျခံစေရန် ချမှတ်ခဲ့မှုမှ ပြစ်ဒဏ် လျှော့ပေါ့လိုက်ခြင်းဖြစ်ကြောင်း သိရ သည်။

သမ္မတဟောင်း ပတ်ဂွမ်ဟေးကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မတ်လအတွင်းက သမ္မတရာထူးမှ ဖယ်ရှားခဲ့ပြီး ၎င်းသည် တောင်ကိုရီးယားနိုင်ငံတွင် အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲခံရသည့် ပထမဆုံးသမ္မတ ဖြစ်လာခဲ့သည်။ ပတ်ဂွမ်ဟေးသည် ဖောင်ဒေးရှင်း နှစ်ခုသို့ အမေရိကန်ဒေါ်လာ သန်းချီ လှူဒါန်းရန် ဆမ်ဆောင်းကုမ္ပဏီကို အတင်းအကျပ် ဖိအားပေးခဲ့မှုဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

အေအက်ဖ်ပီ


15 Jan 2021     1,365 Views




RELATED

Most Popular of International News

Most Popular of NEWS