BEC-TERO TV

သင်္ဃန်းကျွန်းရှိ G&G ဆိုင်အတွင်းဝင်ရောက်၍ လုယက်မှုကျူးလွန်သူ(၃)ဦးကို ဖမ်းဆီးရမိ

18 Jan 2021     1,374 Views


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဆိုင်အတွင်းဝင်ရောက်၍ လုယက်မှု ကျူးလွန်သူ(၃)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ (၁၀)ရက်နေ့၊ ည (၁၁)ခွဲ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီး၊ အမှတ်(၃၃၇/ခ)ရှိ G & G ဆိုင်သို့ အမည်မသိအမျိုးသား(၃)ဦး ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းအမျိုးသမီး(၂)ဦးထံမှ ရွှေထည်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းများ၊ ကောင်တာ အံဆွဲအတွင်းမှ ငွေ(၈၄,၀၅၀)ကျပ် နှင့် ဂိမ်းကတ်တို့ကိုလည်းကောင်း ခြိမ်းခြောက်လုယူ၍ တက္ကစီယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်သက်သေများအား စစ်ဆေးချက်များအရ ပြစ်မှု ကျူးလွန်သူများမှာ တာမွေမြို့နယ်၊ မလွှကုန်းမီးရထားရပ်ကွက်၊ မလွှကုန်းမီးရထားလိုင်းခန်းနေ စည်သူအောင်နှင့် ကျောက်မြောင်းကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊(ဒု)ထပ်(ဝဲ)ခန်း၊ အမှတ်(၆၇)တွင် အတူနေထိုင်သည့် ရှိုင်းထက်အောင်(ခ)ငကျိုး နှင့် ဝင်းထွဋ်ဦး(ခ)နိုင်လင်းအောင် တို့ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ၎င်းတို့(၃)ဦးအား ဇန်နဝါရီလ(၁၆)ရက်နေ့၊ နေ့လယ်(၁၁)နာရီ အချိန်တွင် တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ဓမ္မစိန္တာလမ်းမပေါ်၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ စည်သူအောင်၊ ရှိုင်းထက်အောင်(ခ)ငကျိုး နှင့် ဝင်းထွဋ်ဦး(ခ)နိုင်လင်းအောင်တို့အား အမှုဖြင့်စစ်ဆေးရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်းများအစား အရည်ကြိုထားသည့် ရွှေတုံး(၁)တုံး၊ လက်ကိုင်ဖုန်း(၃)လုံးနှင့် ဂိမ်းကတ်များ၊ စုစုပေါင်းတန်ဖိုးငွေ (၇၂၄,၀၀၀)ကျပ်အား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းတို့(၃)ဦးအား ဥပဒေနှင့်အညီ အမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source : Yangon Police


18 Jan 2021     1,374 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS