BEC-TERO TV

မယားငယ်နှိမ်နင်းခြင်း လုပ်ငန်းဖြင့် အောင်မြင်သော စီးပွားရေးသမားဖြစ်လာသူ

19 Dec 2016     1,354 Views


အငယ်အနှောင်းထားပြီး ယောက်ျားက ပစ်ပယ်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးတွေ ဘက်ကနေ ကူညီကာ မယားငယ်များကို နှိပ်ကွပ်ခြင်း၊ အထောက်အထား ရှာပေးခြင်း စတဲ့ ထူးထူးခြားခြားလုပ်ငန်းနဲ့ အောင်မြင်နေတဲ့ အမျိုးသမီး စီးပွားရေးသမားတစ်ဦး တရုပ်ပြည်မှာရှိနေပါတယ်။
 
“ကျန်းယူဖန်း” လို့ အမည်ရတဲ့ အမျိုးသမီးဟာ ထောင်နဲ့ချီတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေကို ကူညီပြီး သူတို့ယောက်ျားတွေရဲ့ အငယ်အနှောင်းတွေကို အထောက်အထားနဲ့တစ်ကွ စုံစမ်း ရှာဖွေပေးခြင်း၊ မယားငယ်တွေကို ဘယ်လို နှိပ်ကွပ်ရမယ် ဆိုတဲ့ တိုက်ခိုက်နည်းတွေကိုပါ သင်ပေးပြီး စီးပွားရေး အဆင်ပြေနေသူတစ်ဦးဖြစ်ပါတယ်။ သူမကို တရုပ်ပြည်မှာတော့ “မယားငယ်သုတ်သင်သူ” လို့ လူသိများတယ်။
 
ဒီစီပွားရေးကို သူမ လုပ်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပုံက ၁၉၉၀ ခုနှစ်မှာ သူမရဲ့ ခင်ပွန်းသည် အငယ်အနှောင်း ထားရာကနေ သူမကို ကွာရှင်းဖို့ တောင်းဆိုခဲ့ရာက အစပြုပါတယ်။ အဲသည်အချိန်တုန်းကဆိုရင် ဆိုဖာခုံရှည်ကြီးမှာ တစ်ဦးထဲ စိတ်ပျက်လက်ပျက် ထိုင်ငိုရင်း တစ်ပတ်လောက် အိမ်အပြင် မထွက်ခဲ့ပါဘူး။ သူမ အပြင်ထွက်တဲ့အချိန်မှာတော့ လူတွေက နင်အရမ်းပိန်ကျသွားတယ်နော်လို့ မေးယူခဲ့ရတဲ့ အထိ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရသူပါ။
 
နောက်ကျတော့ ကိုယ့်ကိုယ်ကို သနားနေမယ့်အစား သူတို့ကို လိုက်ရှာပြီး လက်စားချေပါတယ်၊ သူမရဲ့ ရန်ကြောင့် သူမရဲ့ခင်ပွန်းနဲ့ နောက်မိန်းမတို့ တစ်နေရာထဲ အခြေတကျမနေနိုင်ပဲ တစ်အိမ်ပြီးတစ်အိမ်ပြောင်းပြေးနေရပါတော့တယ်။ 
 
 
အဲသည်လိုတွေ လိုက်နှောက်ယှက်နေရင်း မကြာခင်မှာ အမယ်အိုတစ်ယောက်က သူဆီအကူညီလာတောင်းပါတယ်။ သူ့သမီးရဲ့ ယောက်ျား နောက်မိန်းမနဲ့ ထွက်သွားလို့ သမီးဖြစ်သူ စိတ်ဓါတ်ကျနေကြောင်း ပြောပါတယ်။ အကူညီလာတောင်းပြီး သိပ်မကြာခင်မှာ အဖွားကြီးရဲ့ သမီးဟာ သူ့ကိုယ့်သူ သတ်သေသွားခဲ့ပါတယ်။ ဒီအခါ “ကျန်း” က အဖွားကြီးကို သူ့သမီးသေဆုံးရတဲ့အတွက် သမီးဖြစ်သူရဲ့ ယောက်ျားကို တရားစွဲဖို့ ပြောတဲ့အခါ ဘာအထောက်အထားမှ မရှိတဲ့အတွက် တရားစွဲဖို့ မဖြစ်နိုင်ဘူးလို့ ပြန်ပြောခဲ့ပါတယ်။ 
အဲသည်အချိန်ကျမှ “ကျန်း”ရဲ့ ခေါင်းထဲမှာ ကုသိုလ်လည်းရ ဝမ်းလည်းဝ အနေနဲ့ ဒါကို စီးပွားရေးတစ်ခုလို လုပ်ရမယ်လို့ အကြံပေါ်သွားခဲ့ပါတယ်။
 
အခုဆိုရင် သူမဟာ ခင်ပွန်းသည် စွန့်ပစ်ခြင်းခံရတဲ့ အမျိုးသမီးတွေကို နေစရာပေးဖို့ နေရာတွေ ပေကျင်းမှာ ပိုင်ဆိုင်ထားပါပြီ။ တစ်နေ့ တစ်နေ့မှာ ကြံရာမရဖြစ်နေတဲ့ အမျိုးသမီးတွေဆီက ဖုန်းခေါ်ဆိုမှု ၁၀၀ လောက် လက်ခံနေရသူဖြစ်ပါတယ်။
 
တရုပ်ပြည်ရဲ့ လမ်းမလူမြင်းကွင်းတွေမှာ မယားငယ်နဲ့ လင်ယောက်ျားတွေကို ရိုက်နှက်၊ အဝတ်အစားတွေ ဆွဲချွတ်ပြီး အရှက်တစ်ကွဲ အကျိုးနည်းဖြစ်စေတဲ့ ဗီဒီယိုတွေဟာ သူမနဲ့ မကင်းပါဘူး။ အဆိုပါဗီဒီယိုတွေ အပေါ် ဝေဖန်သူတွေက မယားငယ်တွေကို ဒီလို လုပ်မယ့်အစား ဖောက်ပြန်တဲ့ လင်ယောက်ျားတွေကို ဒေါသဖြစ်သင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။
 
“ကျန်း” အနေနဲ့ကတော့ မယားငယ်တွေကို မသနားတဲ့အပြင် ဓါးနဲ့ပါ ခေါင်းဖြတ်ချင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကို မနှိပ်ကွပ်ရင် ဒါတွေဟာ ကင်ဆာရောဂါတွေလို အမြစ်တွယ်လာမှာ သူမလိုလားတဲ့အတွေက် သူ့အနေနဲ့ ဆက်လက်အားပေးသွားမှာဖြစ်ပြီး မယားငယ်တွေကို ရိုက်ပုတ်နှိပ်စက်ခြင်းက မယားကြီးတွေရဲ့ ရင်ထဲမှာ ခံစားနေရတဲ့ ဒေါသ နာကျင်မှုတွေကို ပြေလျော့စေတယ်လို့ ဆိုပါတယ်။
 

19 Dec 2016     1,354 Views




RELATED

Most Popular of Special or Others

Most Popular of NEWS