BEC-TERO TV

ဒုသမ္မတ ဘိုင်ဒန်ကို အရပ်သားများအတွက် အမြင့်ဆုံး ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည့် အိုဘားမား

13 Jan 2017     1,298 Views


အမေရိကန် သမ္မတ၏ လွတ်လပ်ရေး ဂုဏ်ပြုဆုသည် (စစ်မှုထမ်း မဟုတ်သည့်) အရပ်သားများကို ချီးမြှင့်သည့် အမြင့်ဆုံး ဘွဲ့ထူးဂုဏ်ထူး တစ်ခုလည်း ဖြစ်သည်။ ဇန်နဝါရီ ၁၂ ရက်တွင် အိုဘားမားက ဘိုင်ဒန်ကို အိမ်ဖြူတော်တွင် ကျင်းပသည့် အခမ်းအနား၌ ယင်းဆုကို ပေးအပ်ခဲ့ရာ ဘိုင်ဒန်က အံ့ဩ စိတ်လှုပ်ရှားစွာဖြင့် လက်ခံယူခဲ့သည်။

“အမေရိကန် ပြည်သူတွေကို ခင်ဗျားရဲ့ ယုံကြည်မှု၊ ဒီနိုင်ငံကို ခင်ဗျားရဲ့ ချစ်မြတ်နိုးမှု၊ ဘဝတလျှောက်လုံး မျိုးဆက်တွေ ပြောင်းလဲခဲ့တဲ့ ခေတ်အဆက်ဆက်မှာ ကြံ့ကြံ့ခံပြီး ဒီနိုင်ငံအတွက် ပေးဆပ်ခဲ့မှုတွေကြောင့် ကျွန်တော့် သမ္မတသက်တမ်း နောက်ဆုံးပေးအပ်တဲ့ လွတ်လပ်ရေး ဂုဏ်ပြုဆုကို ချီးမြှင့်လိုက်ပါတယ်။ ဒါဟာ အရပ်သား တစ်ယောက်အတွက် အမြင့်ဆုံး ဂုဏ်ပြုဆုလည်း ဖြစ်ပါတယ်”ဟု အိုဘားမားက ဘိုင်ဒန်ကို ပြောကြားခဲ့သည်။

ဘိုင်ဒန်သည် ထိုဆုကို ရရှိသည့်အတွက် အလွန် အံ့ဩ တုန်လှုပ်သွားဟန်ရှိပြီး မျက်ရည်များပင် ကျဆင်းလာသည်ကို တွေ့ရသည်။ ၎င်းက ဆုကို ဂုဏ်ယူစွာ လက်ခံခဲ့သော်လည်း အမှန်တကယ် ထိုက်တန်မှု မရှိဟု ခံစားနေမိကြောင်း ဖွင့်ဟခဲ့သည်။ “ဒီလို ဂုဏ်ပြုမှုဟာ ကျွန်တော့်အတွက် ထိုက်တန်တာထက် ပိုနေပါတယ်။ ဒါဟာ သမ္မတရဲ့ ရက်ရောမှုကို ပြဆိုနေမှန်း နားလည်ပါတယ်။ ကျွန်တော် ဒီဆုနဲ့ မထိုက်တန်ပါဘူး။ ဒါပေမဲ့ အခုချီးမြှင့်မှုဟာ သမ္မတရဲ့ နှလုံးသားထဲက ထွက်ပေါ်လာတဲ့ ဂုဏ်ပြုမှုဆိုတာ ကျွန်တော် ခံစားမိပါတယ်”ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

ထိုဆုကို မချီးမြှင့်မီတွင် အိုဘားမားက ဘိုင်ဒန်နှင့် ဇနီးဖြစ်သူ ဂျီလ်ဘိုင်ဒန် အပါအဝင် မိသားစုများ၏ အမေရိကန် နိုင်ငံအတွက် အလုပ်အကျွေး ပြုမှုကို ရှည်လျားစွာ ချီးကျူးစကား ပြောခဲ့သေးသည်။ “ဒီနိုင်ငံကို လက်တွေ့ကျကျ တည်ဆောက်နေတဲ့ မိသားစု တစ်ခုပါ။ ဒါကြောင့် ဘိုင်ဒန်မိသားစုဟာ ဂုဏ်ပြုခံထိုက်ပါတယ်”ဟု အိုဘားမားက ဆိုသည်။ ၎င်းက သမ္မတအဖြစ်မှ အနားယူသွားချိန်တွင်လည်း ဘိုင်ဒန်တို့နှင့် မိသားစုချင်း နီးစပ်စွာ ဆက်ဆံနေဦးမည်ဟု အတည်ပြု ပြောကြားသွားသည်။

Credit : 7daydaily


13 Jan 2017     1,298 Views




RELATED

Most Popular of International News

Most Popular of NEWS