BEC-TERO TV

လက်တစ်ကမ်းက အာဆင်းနစ်အဆိပ် အန္တရာယ်

15 Jan 2017     2,053 Views


နေအိမ်တိုင်းရဲ့ လက်တစ်ကမ်းမှာ ရှိတတ်တဲ့ တိုင်းရင်းဆေးဝါးတွေထဲက ထက်လင်းရင်လူးဆေးမှာ “အာဆင်းနစ်”ဓါတ် ပါဝင်တာကို တွေ့ရှိခဲ့လို့ အမေရိကန်နိုင်ငံမှာ ရောင်းချခွင့် ပိတ်ပင်ခံရတာနဲ့ ပက်သက်ပြီး အာဆင်းနစ်ဓါတ်ဆိုတာဘာလဲ..? 
 
လူကို ဘယ်လိုအန္တရာယ်ဖြစ်စေလဲ..? ဆိုတာ စူးစမ်းလိုသူတွေ များလာခဲ့ပါတယ်။ ဒါကြောင့်မို့ အာဆင်းနစ်နဲ့ပက်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ အချက်တွေနဲ့ ဆရာဒေါက်တာတင့်ဆွေရဲ့ အာဆင်းနစ်အကြောင်း သိကောင်းစရာများကို ကောက်နှုတ်တင်ပြထားပါတယ်။
 
အာဆင်းနစ်ဓါတ်ဟာ သဘာဝအဆိပ်ဓါတ်တစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများရဲ့ မြေအောက်ရေတွင် ပါဝင်နှုန်းအလွန်မြင့်မားကြောင်း တွေ့ရှိရပါတယ်။ အာဆင်းနစ်ဓါတ်ဟာ သဘာဝ ကျောက်သားနှင့် တွင်းထွက်များတွင် နဂိုကပါရှိနေတဲ့ ပြင်းထန်သော အဆိပ်ဓါတ်တစ်မျိုးပါ။
 
မသန့်ရှင်းသောရေကို သောက်သုံးမိခြင်း၊ အစားအစာများကို ချက်ပြုတ်ပြင်ဆင်ခြင်း၊ အာဆင်းနစ်ပါတဲ့ မြေဆီပေါ်မှာ ထွန်ယက်စိုက်ပျိုးခြင်း တို့ကလည်း အာဆင်းနစ်အဆိပ်သင့်မှု အန္တရာယ်ကို ခြိမ်းခြောက်လျှက်ရှိနေပြီး အာဆင်းနစ်ဓါတ်ပါဝင်နေတဲ့  ရေတွေ၊ အစားအသောက်တွေကို စားသုံးနေမယ်ဆိုရင် ရေရှည်မှာ ကင်ဆင်နဲ့ အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ 
 
ဒါ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ အာရုံကြောထိခိုက်ပျက်ဆီးမှုနဲ့ ဆီးချိုသွေးချို ရောဂါတွေ ဖြစ်ပွားဖို့အတွက် အကျိုးဆက်တွေက ဆက်နွယ်ပက်သက်နေတယ်လို့ WHO (World Health Organization) အဖွဲ့ကြီးရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
 
အာဆင်းနစ်ဟာ မှန်၊ ဆေးဆိုး၊ ချဉ်ထည်၊ စက္ကူ၊ သစ်ပေါင်းထည်နဲ့ ခဲယမ်းမီးကျောက် စတဲ့လုပ်ငန်းတွေမှာ သတ္တုစပ်အဖြစ်ထည့်ပြီး အသုံးပြုရပါတယ်။ ဆေးရွက်ကြီးပင်ဟာ အာဆင်းနစ်မြေဆီသြဇာနဲ့ မဖြစ်မနေစိုက်ပျိုးရတာကြောင့် ဆေးလိပ်သောက်သူများဟာလည်း သဘောသဘာဝ အားဖြင့် အာဆင်းနစ်ဓါတ် သင့်နေလျှက်သား ဖြစ်နေပါတယ်။
 
အာဆင်းနစ်ဓါတ်ဟာ လူရဲ့ ခန္ဓာကိုယ်နဲ့ မသင့်လျှော်တဲ့ ဓါတ်ဖြစ်ပြီး သဘာဝအလျောက် ဖြစ်နေတဲ့ အာဆင်းနစ်ဓါတ်ဟာ ပြုပြင်ဖန်တီးထားတဲ့ အာဆင်းနစ်လောက် အဆိပ်မပြင်းသေးပါ။ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (FDA) ရဲ့ သတ်မှတ်ချက်မှာတော့ “10 parts per billion of arsenic” အောက်ဆိုရင် လက်ခံနိုင်ကြောင်း သတ်မှတ်ထားပါတယ်။
 
 
အားဆင်းနစ် အဆိပ်သင့်ခြင်းမှာ ရုတ်တရက် အဆိပ်သင့်တာက နာတာရှည်အဆိပ်သင့်နေတာထက် ပိုမိုဆိုးရွားကြောင်း သိရှိရသည်။ ဗိုက်နာခြင်း၊ သွေးဥနီပျက်ဆီးခြင်း၊ ရုတ်တရက် ရှော့ခ်ရကာ သေဆုံးခြင်းအထိ ဖြစ်တတ်သည်။ WHO က ထုတ်ပြန်ထားသည့် ကျန်မာရေးအတွက် အန္တရာယ်ရှိသည့် ဓါတ် (၁၀)မျိုးထဲတွင် အာဆင်းနစ်လည်းပါဝင်သည်။
 
ဆစ်ဖလစ်ရောဂါ၊ လူကီးမီးယားနဲ့ ရိုးတွင်းခြင်ဆီထဲက သွေးဥတွေ ပုံမှန်မဟုတ်တဲ့ ရောဂါတွေကို ကုသတဲ့ ဆေးတွေထဲမှာလည်း အာဆင်းနစ်ဓါတ်ကို ထည့်သုံးထားကြောင်း သိရှိရသည်။ ထို့ကြောင့် ရေရှည်ရော ရေတိုမှာပါ ဒုက္ခပေးနိုင်တဲ့ အာဆင်းနစ်ဓါတ်ကို ရှောင်ကျဉ်ရန် သန့်ရှင်းသော သောက်ရေနှင့် အစားအစာတို့ကို စားသုံးပြီး ဆေးဝါးများကိုလည်း ဆရာဝန်ညွှန်ကြားချက်နှင့် သုံးဆွဲကြရန် လိုအပ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၇၉.၉ သန်းနဲ့ အိန္ဒိယနိုင်ငံမှာ ၄၂.၇ သန်း အာဆင်းနစ်အဆိပ်သင့်မှု ခံစားနေရကြောင်း သိရှိရသည်။
 
Ref: WHO, ဒေါက်တာတင့်ဆွေ
 

15 Jan 2017     2,053 Views




RELATED

Most Popular of Health Fix

Most Popular of NEWS