BEC-TERO TV

ဆီးချိုအကြောင်း သိကောင်းစရာနှင့် ရှောင်ရန်ဆောင်ရန်များ

18 Jan 2017     3,993 Views


ဆီးချိုရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ရောဂါတစ်ခုထဲမှာ ပါဝင်ပြီး မြန်မာနိုင်ငံတွင်းမှာလည်း ဆီးချိုဝေဒနာ ခံစားနေကြရသူတွေ အများကြီးရှိပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဆီးချိုဝေဒနာရှင်ပေါင်း သန်း ၄၀၀ ကျော်ရှိပြီး အဲဒီဝေဒနာနဲ့ပဲ သေဆုံးကြရသူ ဦးရေ ၅ သန်းခန့် နှစ်စဉ်ရှိနေပါတယ်။
 
ယခုထက်တိုင် ဆီးချိုဝေဒနာကို အရှင်းပျောက်နိုင်တဲ့ ဆေးမပေါ်လာသေးပေမယ့် ဆီးချိုအမျိုးအစား(၁) ကိုတော့ ပျောက်ကင်းအောင် ကုသနိုင်မယ့်ဆေးတွေ့ရှိထားပြီးလို့ အမေရိကန်ဆီးချိုအဖွဲ့အစည်းက ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၄ မှာ တရားဝင် ကြေညာခဲ့ပါတယ်။ သို့ပေမယ့် စမ်းသပ်မှုအချို့ ပြုလုပ်ရဦးမည်ဖြစ်လို့ စျေးကွက်ထဲကို ဆေးရောက်လာဖို့တော့ အချိန်တစ်ခု လိုနေပါသေးတယ်။ အခုအချိန်မှာ ဆီးချိုဝေဒနာရှင်များအတွက် တစ်ခုထဲသော အသက်ရှည်စေမယ့် နည်းလမ်းက အစားအသောက် အနေအထိုင် ဆင်ခြင်ဖြင့် ဝေဒနာ သက်သာစေနိုင်မှာဖြစ်ပါတယ်။
 
လူအတော်များများ နာလည်ထားကြသည့် ဆီးချိုနှင့် သွေးချိုမှာ ရောဂါသပ်သပ်စီ မဟုတ်ပဲ တစ်ခုထဲသာအတူတူဖြစ်ပြီး “Diabetes (ဆီးချိုရောဂါ)” ဟုသာ သတ်မှတ်ထားပါတယ်။ ဆီးချိုရှိ၊ မရှိကို ဆီးနှင့်သော်၎င်း သွေးနှင့်သော်၎င်း စစ်ဆေးရှာဖွေနိုင်သော ရောဂါဖြစ်သဖြင့် ဆီးချိုနှင့် သွေးချိုသည် ရောဂါအတူတူပင်ဖြစ်သည်။
 
ဆီးချိုမှာ အမျိုးအစား (၁) (၂) (၃) ဟူ၍ သုံးမျိုးခွဲခြားထားပါတယ်။  ဆီးချိုအမျိုးအစား (၁) က ခန္ဓာကိုယ်အတွက် အချိုဓါတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းကို  သရွက်ရွက်က မထုတ်ပေးနိုင်တော့တာကြောင့် ဖြစ်ရပြီး ငယ်ရွယ်သူတွေမှာ အဖြစ်များတဲ့ ဆီးချိုအမျိုးအစား ဖြစ်ပါတယ်။
 
ဆီးချိုအမျိုးအစား (၂) ကတော့ သရွက်ရွက်က အင်ဆူလင် ဟော်မုန်းကို ထုတ်ပေးနေသော်လည်း ခန္ဓာကိုယ်က အင်ဆူလင် မတိုးတော့တဲ့အတွက် အချိုဓါတ်ကို မထိန်းနိုင်ပဲ ဖြစ်ရတဲ့ ဆီးချိုအမျိုးအစား ဖြစ်ပါတယ်။ လူတွေ အများဆုံး ဖြစ်နေကြတဲ့ ဆီးချိုအမျိုးအစားပါ။
 
ဆီးချိုအမျိုးအစား (၃) ကတော့ ကိုယ်ဝန်ဆောင်သည်တွေမှာသာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဆီးချိုအမျိုးအစား ဖြစ်ပါတယ်။
ဆီးချိုအမျိုးအစားတွေ အားလုံးထဲမှာ အမျိုးအစား (၁) နှင့် (၂) က နာတာရှည်ဆီးချိုဖြစ်ပြီး ပျောက်ကင်းအောင် မကုသနိုင်သေးပါဘူး။ အမျိုးအစား (၃) ကတော့ ကလေးမွေးပြီးသွားတဲ့အချိန်မှာ ပျောက်သွားတတ်ပါတယ် ဒါမှမဟုတ် အမျိုးအစား (၂) အဖြစ်လည်း အသွင်ပြောင်းသွားတတ်ပါတယ်။
 
ဆီးချိုရောဂါဖြစ်ပြီဆိုရင် ကုသမှုခံယူဖို့ လိုအပ်ပါတယ်၊ မကုသပဲ ထားမိပါက သကြားဓါတ်နည်းသွားတာကြောင့် ရုတ်တရက် သတ်လစ်တာမျိုးတွေ ဖြစ်တတ်ပြီး ရေရှည်မှာတော့ နှလုံးသွေးကြော၊ ကျောက်ကပ်၊ မျက်စိ စတာတွေကို အလုပ်မလုပ်အောင် ထိခိုက်လာနိုင်ပါတယ်။
 
ဆီးချိုရောဂါဖြစ်လာပြီဆိုရင် ကုသမှုခံယူခြင်းနဲ့အတူ လူနေမှုပုံစံ၊ အစားအသောက် ပုံစံတွေလည်း ပြောင်းလဲပစ်ဖို့လိုအပ်ပါတယ်။ သွေးထဲမှာ ကိုလက်စထရော များလာတာနဲ့အမျှ ရောဂါအခြေနေ ပိုဆိုးလာနိုင်တာကြောင့် ကိုယ်အလေးချိန်ကို လေ့ကျင့်ခန်းများနှင့် လျော့ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အစားအသောက် ဆင်ခြင်ခြင်းတို့ကို ဦးစားပေးလုပ်ဆောင်ရန် လိုအပ်ပါတယ်။
 
 
ဆီးချိုဝေဒနာရှင်များ အတွက် (လုံးဝရှောင်ကြဉ်ရမည့်အစာ၊ အသင့်အတင့်အစာ  နှင့် စိတ်ကြိုက်စားနိုင်သောအစာ) ဟူ၍ အုပ်စု(၃)မျိုး ခွဲခြားထားသည်။
 
၁။ လုံးဝရှောင်ကြဉ်ရမည့် အစားအစာများ
 
ဂလူးကိုစ့်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာ အစရှိသည်တို့နှင့် ပြုလုပ်ထားသော/ပါဝင်သော အချိုလွန်ကဲသော အစားအသောက်များကို (လုံးဝ) ရှောင်ကြဉ်ရမည်ဖြစ်သည်။
 
၂။ အသင့်အတင့် စားသုံးနိုင်သော အစားအစာများ
 
ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ အစရှိသည့် ကစီဓါတ်ပါဝင်သော အစားအစာများ၊ ချိုသော သစ်သီးများ၊ ပဲ၊ ပဲအမျိုးမျိုးနှင့်ပြုလုပ်ထားသော အစားအသောက်များကိုမူ အသင့်အတင့်သာ စားသုံးသင့်သည်။
 
၃။ စိတ်ကြိုက်စားနိုင်သော အစားအစာများ
 
အသား၊ ငါး၊ အချိုဓါတ်မရှိသော အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို စိတ်ကြိုက် စာသုံးနိုင်သည်။
 
- ပင်မအစားအစာများအတွက် ဆန်ဖြူထက် ဆန်လုံးညိုက ပိုမိုသင့်တော်ပြီး ပေါင်မုန့်မှာ သင့်တင့်မျှတ၍ အသင့်လျှော်ဆုံးမှာ ခေါက်ဆွဲဖြစ်သည်။
- သစ်ဥ-သစ်ဖုတွေ အစဉ်လိုက်ဆိုရင် မျောက်ဥ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အာလူး။ 
- ပဲတွေ အစဉ်လိုက်ဆိုရင် ပဲပုတ်၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲနီလေး၊ ပဲထောပါတ်။ 
- သစ်သီး အမျိုးမျိုး အစဉ်လိုက်ဆိုရင် ပန်းသီး၊ သစ်တော်သီး၊ ဆီးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး။
- နို့နဲ့ နို့ထွက်ပစ္စည်းတွေ အစဉ်လိုက်ဆိုရင် နွားနို့၊ ဒိန်ချဉ်၊ နို့ဆီ၊ ရေခဲမုန့်။
- သကြား အမျိုးမျိုး အစဉ်လိုက်ဆိုရင် သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည်၊ ဂလူးကို့စ် (Glucose)။
- အချိုရည် အမျိုးမျိုး အစဉ်လိုက်ဆိုရင် ပန်းသီးဖျော်ရည်၊ လိမ္မော်ရည်၊ ကိုကာကိုလာ၊ လင်မနစ်။
 
 
 
** သွေးထဲရှိသကြား (ဂလူးကို့စ်) ဓါတ်စစ်ဆေးခြင်းအဖြေ **
 
(၁) ပုံမှန် 
 
ဘာမှမစားပဲစစ်ခြင်း Fasting Value = ရဝ မှ ၁ဝဝ။ 
အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = ၁၄ဝ ထက်နည်းရမည်။
 
(၂) ဆီးချိုအစအပိုင်း
 
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁ဝ၁ mg / dl မှ ၁၂၆ mg / dl 
အစာစားပြီးစစ်ခြင်း Post Prandial = ၁၄ဝ mg / dl မှ ၂ဝဝ mg / dl 
 
(၃) ဆီးချိုဖြစ်နေပြီ
 
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁၂၆ mg / dl အထက်။ 
အစာစားပြီးစစ်ခြင်း Post Prandial = ၂ဝဝ mg / dl အထက်။
 
(၁) ပုံမှန် 
 
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4.0 မှ 5.9 mmol/L အထိ။
အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = 7.8 mmol/L ထက်နည်းရမည်။
 
(၂) ဆီးချိုအမျိုးအစား (၂)
 
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 မှ 7 mmol/L အထိ။
အစာစားပြီးစစ်ခြင်း Post Prandial = 8.5 mmol/L ထက်နည်းရမည်။
 
(၃) ဆီးချို အမျိုးအစား (၁)
 
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 7 mmol/L 
အစာစားပြီးစစ်ခြင်း Post Prandial = 9 mmol/L ထက်နည်းရမည်။
 
(၄) ကလေး ဆီးချို အမျိုးအစား (၁)
 
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 8 mmol/L
အစာစားပြီးစစ်ခြင်း Post Prandial = 10 mmol/L ထက်နည်းရမည် ဖြစ်သည်။
 
 
Credit:ဒေါက်တာတင့်ဆွေ

 


18 Jan 2017     3,993 Views




RELATED

Most Popular of Health Fix

Most Popular of Life Style