BEC-TERO TV

မျက်မြင်သက်သေနှစ်ဦးကြောင့် အဖြစ်မှန်ဝန်ခံခဲ့ရတဲ့ အမြန်လမ်း လူ(၈)ဦး မီးလောင်သေဆုံးခဲ့မှုမှ လွတ်မြောက်လာသူအား အရေးယူ

24 Jan 2017     2,158 Views


လူရှစ်ဦး မီးလောင်သေ ဆုံးခဲ့သော အမြန်လမ်းပေါ်ယာဉ် မတော်တဆမှုတွင်တစ်ဦးတည်း လွတ်မြောက်လာသူအမျိုးသားက ယာဉ်မောင်းသူသည် ၎င်းဖြစ်သည်ဟု ဝန်ခံကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
 
နေပြည်တော်-ရန်ကုန် အမြန်လမ်း မိုင်တိုင်အမှတ် ၄ မိုင် ၂ ဖာလုံတွင် ဇန်နဝါရီ ၂၁ရက်က ဖြစ်ပွားခဲ့သော ဟိုက်အေ့စ်ယာဉ် မတော်တဆမှုဖြစ်စဉ်၌ အမျိုးသမီးခုနစ်ဦး၊ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကိုအောင်ခန့်ဆိုသော အမျိုးသားတစ်ဦးသာ အသက်ရှင်လျက်လွတ်မြောက်ခဲ့သည်။
 
ကိုအောင်ခန့်က ၎င်းမှာယာဉ်မောင်းမဟုတ်ဘဲ သူ၏ဆရာ(သေဆုံးသွားသူဦးဝင်းထွန်း) မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားရာမှ အခင်းဖြစ်ချိန်တွင် ၎င်းမောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက် နံနက် ၁၁ နာရီ၌ ဝန်ခံထွက်ဆိုခဲ့သည်ဟု ယင်းအမှုကို စစ်ဆေးနေသော အမှတ်(၃)အမြန်လမ်းမကြီးရဲစခန်းမှ ရဲအုပ်အောင်သင်းဦးက ပြောသည်။
 
‘‘လောလောဆယ် ကျွန်တော်တို့ မျက်မြင်သက်သေ နှစ်ယောက်ရတယ်ဗျ။ မျက်မြင်သက်သေနှစ်ယောက်ရဲ့ထွက်ဆိုချက်နဲ့ သူ့ကို ပြန်စစ်တဲ့အချိန်မှာ သူဝန်ခံတယ်။ သူကိုယ်တိုင်မောင်းလာ တယ်ဆိုတာကို ဝန်ခံတယ်’’ဟု ရဲအုပ်အောင်သင်းဦးက ပြောကြားသည်။
 
ပုဂံမှ ဘုရားဖူးပြီး ရန်ကုန်သို့ ပြန်လာသည့် ဟိုက်အေ့စ်ယာဉ်သည် အမြန်လမ်း ၁၁၅ မိုင်တွင် ခေတ္တနားခဲ့ပြီးနောက် ရန်ကုန်သို့အပြန်၌ ဆဋ္ဌဂံမြန်မာကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းထွန်းက မောင်းနှင်ခဲ့သော်လည်း နေပြည်တော်-ရန်ကုန်လမ်းပိုင်း မိုင်တိုင် ၃၉  အနီး(ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းအနီး)တွင် ကိုအောင်ခန့်က ပြောင်းလဲမောင်းနှင်ခဲ့ကြောင်း ရဲအုပ်အောင်သင်းဦးက ရှင်းပြသည်။ 
ကိုအောင်ခန့်မောင်းနှင်နေစဉ် ကားအတွင်းလိုက်ပါလာသော အမျိုးသမီးတစ်ဦး၏ ရည်းစားက အမှတ်(၃)လမ်းမကြီးလမ်းဆုံ၌ စောင့်နေကြောင်း ဖုန်းဝင်လာ၍ အရှိန်မြှင့်မောင်းနှင်ခဲ့ရာ မိုင်တိုင် ၄ မိုင် ၂ ဖာလုံ အရောက်တွင် ဘယ်ဘက်ရှေ့ဘီးပွင့်၍ လမ်းလယ်ကျွန်း သံအကာနှင့် ဝင်တိုက်မိကာမီးလောင်ခဲ့ကြောင်း ရဲအုပ်အောင်သင်းဦးက စစ်ဆေးပေါ်ပေါက်မှုကို ပြောသည်။ ယာဉ်မှာ ညာမောင်းဖြစ်ပြီး ယာဉ်မောင်းနေရာမှ လေအိတ်ပွင့်ခဲ့၍ ကိုအောင်ခန့် ဒဏ်ရာမရခဲ့ဘဲ ဆီတိုင်ကီက မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
 
‘‘လမ်းလယ်ကျွန်းဘက်ကို သွားပြီး သူ့ဆရာကို ကယ်ထုတ်ဖို့ လုပ်ခဲ့တယ်။ ဆရာကအတွင်းထဲမှာ တော်တော်ကို ညပ်သွားတာ။ နောက်က အဖွဲ့တွေပဲ ကယ်ထုတ် ဖို့ပြောတဲ့အချိန်မှာ တံခါးကို ဆွဲဖွင့်တော့ အဲဒီကောင်လေးရဲ့ လက်သန်းမှာ မီးအပူလောင်တယ်။ ဘေးဆွဲတံခါးကိုဆွဲချိန်မှာ ဖွင့်မရတော့ဘူး။ ဖွင့်မရဘဲနဲ့ မီးခိုးလုံးကြီးကလည်း အောက်ကနေ လုံးပြီးတက်လာတယ်။ ကားအောက်ပိုင်းကနေ စလောင်တယ်။ ကားထဲမှာ တစ်မိနစ်၊ နှစ်မိနစ်အတွင်းမှာ ဘာမှမရတော့ဘူး။ မီးတွေ ထလောင်တာ’’
 
ဇန်နဝါရီ ၂၁ရက် နံနက် ၈ နာရီခွဲခန့်တွင် ယာဉ်မတော်တဆ မှုဖြစ်ကာ မီးစတင်လောင်ကျွမ်း ခြင်းဖြစ်ပြီး ၉ နာရီ ၁၀မိနစ်ခန့်၌ မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ကားမှာ ညာမောင်းဖြစ်ပြီး ဓာတ်ဆီဖြင့် မောင်းနှင်ရသော ယာဉ်ဖြစ်၍ မီးလောင်ကျွမ်းမှုအား ကောင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
 
သေဆုံးသူများထဲတွင်ပါဝင် သော အမျိုးသမီးတစ်ဦး၏ခင်ပွန်းက ယင်းဖြစ်စဉ်၌ ကိုအောင်ခန့်တစ်ဦးတည်း ဒဏ်ရာပင် မရဘဲ လွတ်မြောက်လာသည်မှာ မဖြစ်နိုင်ဘဲ အခြားအကြောင်းအရာများရှိနိုင်သည်ဟု ယူဆကာ အမှုမှန် ဖော်ထုတ်ပေးရန် ရဲတပ်ဖွဲ့ထံ တောင်းဆိုခဲ့သလို ယင်းဖြစ်စဉ်ကို စိတ်ဝင်စားနေသည့် လူထုအနေဖြင့်လည်း အမှန်တရားပေါ်ပေါက်သည်အထိ ကူညီပေးကြရန် လူမှုကွန်ရက်မှတစ်ဆင့် မေတ္တာရပ်ခံခဲ့သည်။
 
 
ယခုအခါ အဆိုပါ အမှုကို ယာဉ်မောင်းဟု ယူဆကာ ယခင် အမှုဖွင့်ခံထားရသော ဦးဝင်းထွန်း ကို စွဲဆိုထားသည့်အမှုများကို ရုပ်သိမ်းပြီး ကိုအောင်ခန့်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-(က)/၃၃၇/၂၈၅ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း အမှတ်(၃) လမ်းဆုံအမြန်လမ်းမကြီး ရဲစခန်းမှ သတင်းရရှိသည်။
 
Credit:7Day

24 Jan 2017     2,158 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS