BEC-TERO TV

ပရိသတ်ရင်ကို စွဲငြိစေမယ့် “ရတနာထဲက ရတနာ” မြန်မာဇာတ်လမ်းတွဲ ယနေ့ည စတင်ထုတ်လွှင့်မည်

30 Jan 2017     2,128 Views


ရှေးလွန်လေပြီးသော ထောင်စုနှစ်များစွာအချိန်က သာယာလှပတဲ့ မြစ်တစ်စင်းထဲမှာ ချစ်သူနဂါးမောင်နှံ နှစ်ဖော်တို့ ပျော်မြူးစွာရေကစားနေခိုက် မိုးသက်လေပြင်းတို့နဲ့အတူ ကြမ္မာဆိုးကြီးတစ်ခုက ကျရောက်လာခဲ့ပါတယ်။ အင်အားကြီးမားလှတဲ့ အတောင်ပံ တစ်ဖျပ်ဖျပ်ခတ်သံနဲ့အတူ ဂဠုန်မင်းက နဂါးဒေဝီကို ထိုးသုတ်ရန် ကောင်းကင်ယံမှ တစ်ဟုန်ထိုး ဆင်းသက်လာပါတော့တယ်။ 
 
 
ဂဠုန်မင်းရဲ့ လက်မှာ သက်ဆင်းရတော့မယ့် ချစ်သူနဂါးဒေဝီအပေါ် ကျရောက်နေတဲ့ အန္တရာယ်ကို နဂါးမင်းက ဝင်ရောက်သတ်ပုတ်ကာကွယ်ရာမှာ သွေးသံရဲရဲနဲ့ ဒဏ်ရာများစွာရခဲ့ပါတော့တယ်။ ဒဏ်ရာများနဲ့ သေအံ့မူးမူးဖြစ်နေခိုက် နဂါးမင်းက ကျိမ်စာရွတ်ဆိုခဲ့ရာ ပါးစပ်အတွင်းမှ အန်ကျလာသောသွေးများက ရတနာအမြုတေများအဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက် နဂါးမင်း သေပွဲဝင်သွားခဲ့ရပါတယ်။
မျက်စိရှေ့တင် ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်ဆိုးက နဂါးဒေဝီရဲ့ ရင်ထဲအသည်းထဲမှာ စူးနစ်ခါးသီးစွာ ထိခိုက်ခံစားခဲ့ရပါတယ်။ ကမ္ဘာကြေသော်လည်းဥဒါန်းမကျေနိုင်ပဲ ဂဠုန်မင်းကို အမုန်းရန်ငြိုးဖွဲ့ထားကာ လက်တုံ့ပြန်နိုင်မယ့်နေ့ကို နဂါးဒေဝီ စောင့်စားနေခဲ့ပါတယ်။
 
အချိန်ကာလတို့ ရွေ့လျှောလာတာနဲ့အမျှ ဘဝတွေအလီလီပြောင်းခဲ့ပါပြီ…။
ယနေ့မျက်မှောက်ခေတ်မှာတော့ နဂါးမင်းနဲ့ ဂဠုန်မင်းတို့ နှစ်ဦးစလုံးဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအဖြစ် လူ့ဘဝမှာ လူသားအဖြစ် ကျင်လည်နေကြပါပြီ။ ဒီအကြောင်းကို သိလိုက်ရတဲ့ နဂါးဒေဝီတစ်ယောက်၊ အခွင့်အရေးကို လက်လွတ်မခံပဲ ရန်သူအပေါ် လက်စားချေလိုစိတ်၊ ချစ်သူနဲ့အတူ ပြန်လည်ပေါင်းဖက်လိုစိတ်တို့နဲ့အတူ လူ့လောကကြီးထဲကို လူယောင်ဖန်းဆင်းကာ ဝင်ရောက်လာခဲ့ပြီးနောက်…..။
 
 
 
MRTV-4 မြန်မာရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်အားပေးမှု ရလာခဲ့တဲ့ သရုပ်ဆောင် အောင်မင်းခန့်၊ ကောင်းမြတ်စံ၊ မြတ်သူသူဇင်၊ ဖြိုးသံသာချို စတဲ့ သရုပ်ဆောင်များနဲ့အတူ ဝါရင့်သရုပ်ဆောင်ကြီးများ ဖြစ်ကြတဲ့ အကယ်ဒမီရဲအောင်၊ စုလှိုင်နှင်း၊ ဖူးစုံနှင့် အခြားအနုပညာရှင်များ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
 
ဒဏ္ဍာရီပုံသဏ္ဍန် ဆန်ဆန်နဲ့ ဇာတ်လမ်းကို စဖွင့်ထားပြီး သမားရိုးကျပုံစံကနေ ကွဲထွက်နေတဲ့ ဒီဇာတ်လမ်းတွဲလေးဟာ အချိန်ကာလနှစ်ခုအကြားက ချစ်ခြင်းမေတ္တာနဲ့ အငြိုးအတေးတွေကို ယှဉ်တွဲပေါင်းစပ်ထားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်အဖြစ် ပရိသတ်ရှေ့ကို ယနေ့ည ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ 
ဇန်နဝါရီလ (၃၀) ရက်(ယနေ့) စတင်ကာ တနင်္လာနေ့မှ သောကြာနေထိ ညစဉ်(၇)နာရီမှ (၈)နာရီကြား MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ့် “ရတနာထဲက ရတနာ” မြန်မာရုပ်သံဇာတ်လမ်းတွဲကို စောင့်မျှော်ကြည့်ရှုနိုင်ရန် သတင်းကောင်းလေး ပါးလိုက်ပါတယ်။
 

30 Jan 2017     2,128 Views




RELATED

Most Popular of Movies

Most Popular of NEWS