BEC-TERO TV

မြန်မာအိုင်ဒေါလ် ပြိုင်ပွဲဝင်နံပါတ် (၆) ပိုးမီရဲ့ မေမေ နှလုံးသွေးနဲ့ ရေးတဲ့စာ

17 Feb 2017     1,278 Views


မြန်မာတစ်နိုင်ငံလုံးက စိတ်ဝင်စားမှု မြင့်တက်နေတဲ့ Myanmar Idol Season 2 ပြိုင်ပွဲဟာ ဇကာတင် (၈)ဦး အဆင့်ကို ရောက်ရှိလို့လာပါပြီ။ ယခုတစ်ပတ်မှာ ဇကာတင် (၇)ဦး ပြိုင်ရမှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့တစ်ပတ်က ဒိုင်သုံးဦးစလုံးရဲ့ ထောက်ခံမှုနဲ့ ပိုမီကို ပြန်လည်ကယ်တင်ခဲ့တဲ့အတွက် ဒီတစ်ပါတ်မှာလဲ (၈)ဦး ပြန်လည် ပြိုင်ဆိုင်သီဆိုခဲ့ရတာဖြစ်ပါတယ်။
 
ဖေဖော်ဝါရီ ၁၇ ရက်(ယနေ့ည)မှာတော့ သူတို့ (၈)ဦးထဲက (၂)ဦး ဟာ ပရိဿတ်ရဲ့ မဲပေးဆုံးဖြတ်မှုနဲ့အတူ  ကျိမ်းသေ အိမ်ပြန်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် (၈)ဦးထဲက ပြိုင်ပွဲဝင်အမှတ် (၆) ပိုးမီရဲ့ မိခင်ဖြစ်သူက သမီးဖြစ်သူအတွက် နှလုံးသွေးနဲ့ ရေးတဲ့စာတစ်စောင်နဲ့အတူ အားပေးစကား ပြောကြားထားတဲ့ စာလေးတစ်စောင်ကို ပြိုင်ပွဲရလာဒ် ထွက်မလာသေးခင်မှာပဲ လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် သမီးနဲ့တစ်ကွ မြန်မာအိုင်ဒေါလ် ပရိသတ်ကြီးလည်း သိစေဖို့ ဝေမျှခဲ့ပါတယ်…။
 
+++++++++++++++++++++++++++++++++++++++++++
တကယ်တော့ ဒီစာဟာ ရွှေနားတော်သွင်း ဧချင်းတစ်ပုဒ် မဟုတ်သလို ဘယ်သူ တစ်စုံတစ်ဦးကိုမှ နစ်နာ ပုတ်ခတ်လိုတဲ့စာ မဟုတ်ပါဘူး။ သမီးကို သနားပေမယ့် ဘာမှလုပ်မပေးနိုင်လို့ ရင်နင့်ကြေ ကွဲနေတဲ့ မိခင်တယောက်ရဲ့ နှလုံးသွေးနဲ့ ရေးတဲ့စာပါ။ အသနားခံတဲ့စာ မဟုတ်ပါဘူး။ မခံစားနိုင်လွန်းလို့ သက်သာရာ ရလိုရငြား ရေးမိတဲ့စာပါ။
 
လွန်ခဲ့တဲ့ ၈နှစ်က စီပိုးကင်ဆာဖြစ်နေပြီဆိုတဲ့ ဖခင်ရဲ့ဆေးကုသမှုစရိတ်ရှာဖို့ မိန်းကလေးတစ်ယောက်ဟာ ဟိုးအဝေးကြီးမှာ သူချစ်မြတ်နိုးတဲ့ ဂီတနဲ့ အလုပ်လုပ်ရအောင် သွားခဲ့ဖူးတယ်။ ရုပ်ရည်မရှိ အပိုစကားမပြောချင် သီချင်းသာဆိုချင်တဲ့ မိန်းကလေးဟာ အဖေဆေးကုသစရိတ်ရဖို့ အငတ်ခံ အဆင်းရဲခံခဲ့ရပါတယ်။ အဖေဆုံးပြီဆိုတဲ့အခါ စာချုပ်မပြည့်သေးတဲ့သူမဟာ ရင်ကွဲမတတ် ငိုကြွေးရရုံက လွဲလို့ ပြန်မလာနိုင်ခဲ့ပါဘူး။ 
 
ပြန်လာတဲ့အခါ သာမန်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အမေနဲ့ညီမလေးတွေအတွက် ရရာအလုပ် ဝင်လုပ်ခဲ့ရပေမယ့် နိုက်တင်ဂေးလ် ငှက်ကလေးဟာ သီချင်းမဆိုရလို့ မပျော်ရွှင်ရှာဘူး။ ဒါ့ကြောင့် သူမြတ်နိုးတဲ့ဂီတနဲ့ ရိုးသားစွာ ရှာဖွေခဲ့၊ အခက်အခဲတွေကို ရင်ဆိုင်ခဲ့တယ်။ သူ့အမေရဲ့ နားခိုစရာ ကိုယ်ပိုင်အိမ်ကလေးတစ်လုံး အသေအလဲ ပိုင်ဆိုင်ချင်တဲ့အိပ်မက်ကို သူသိတယ်။ ဒီအိပ်မက်ကို ဖြည့်ပေးလို့ရနိုင်တဲ့ အိပ်မက်တစ်ခု သူတွေ့တဲ့အခါ အဲဒီလမ်းကို သူလျှောက်ခဲ့တယ်လေ။ အမေ့ဆီက တစ်ပြားတစ်ချပ်မှ သူ မတောင်းခံခဲ့ပဲ သူ့စွမ်းအားနဲ့သူ ပြိုင်ပွဲဝင်ခဲ့တယ်။ ဒီကြားထဲ ဂုဏ်ထူးတန်း ပထမနှစ် တက်ရမဲ့ ညီမလေးကို ကျောင်းဆက်တက်စေခဲ့တယ်။ အမွှာညီမလေး နှစ်ယောက်အတွက် ထောက်ပံ့ခဲ့တယ်။ 
 
Myanmar Idol Top Ten ပါပြီးတဲ့အခါ သူတွေဝေတယ်။ 
 
မေမေ .... ဖြစ်ပါ့မလား။ မေမေတစ်ယောက်တည်း မရှာနိုင်မှာစိုးလို့ ဝင်မပြိုင်တော့ဘူးတဲ့။ တစ်ဖက်ကလဲ မိခင်ကို အိမ်ကလေး ဖန်ဆင်းပေးချင်တဲ့ အိပ်မက်က ရှိသေး။ ချီတုံချတုံ ဖြစ်နေတဲ့ သမီးကို မိခင်က ဘုရင့်နောင်လို ကျင့်ဖို့ တိုက်တွန်းခဲ့တယ်။ 
သမီးရဲ့ ဂီတချစ်ခြင်းကို သိနေသလို သူကိုယ်တိုင်ရေးတဲ့ သီချင်းလေးတွေကို မိတ်ဆွေအတီးသမားတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ အငတ်ခံပြီး တစ်ပုဒ်စီ သွင်းနေရတဲ့သမီးကို အောင်မြင်စေချင်လို့ပါ။ "ဘာမှ မလိုဘူး မေမေ" လို့ မိခင်ကို နှစ်သိမ့်ပြီး သူ့ဖာသာ ပိုက်ဆံရှာခဲ့တယ်။ သီချင်းမဆိုပါဘူးလို့ ကတိပေးထားရတဲ့ သမီးအတွက် အခက်အခဲရှိမှန်း သိခဲ့ပေမယ့် မိခင်က မထောက်ပံ့နိုင်ခဲ့ဘူး။ ပကားရှင်း တီးပြီး ငွေရှာခဲ့လို့ ယောင်ကိုင်းနေတဲ့ လက်ဖဝါးကလေးတွေဟာ မိခင်ရင်ကို ပြင်းစွာ နာကျင်စေခဲ့ပါတယ်။ 
 
Camp ရောက်တော့ ဖုန်းဆက်တယ်။ အားငယ်လိုက်တာ မေမေရယ် တဲ့။ သမီးက အသက်လဲ အကြီးဆုံး ၊ ရုပ်ကလဲ အဆိုးဆုံး ဆိုတော့ ချက်ချင်း ပြုတ်မှာပါပဲတဲ့။ ဗိုလ်ချုပ်ပြောစကားနဲ့ မိခင်က ခွန်အားဖြည့်ပေးခဲ့ရပြန်တယ်။ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကို ရင်ဆိုင်ဖို့လဲ အသင့်ပြင်ထားပေါ့ သမီးရယ် လို့... 
 
အားငယ်သွားတဲ့သမီးက ပြိုင်ပွဲအစ လာခဲ့ပါ မေမေရယ် တဲ့။ ကတိပေးပြီးမှ ဝန်ထမ်းမေမေ သင်တန်းတက်ရလို့ ကတိပျက်ခဲ့ရပြန်တယ်။ ပြိုင်ရုံရှိသေး မဲနည်းလို့ Bottom three မှာစထိုင်ခဲ့ရတဲ့ သမီးအတွက် မေမေ ဘာမှလုပ်မပေးနိုင်ခဲ့တာ ရင်နာရပြန်တယ်။
တတိယအကြိမ် အဆင်မပြေဘူး မေမေရယ် တဲ့။ ကိုယ်က ဘာမှလုပ်မပေးနိုင်တော့ အရှုံးကို ရင်ဆိုင်ရနိုင်တဲ့ သမီးအတွက် မေမေ ရောက်အောင်လာခဲ့ရတယ်။ သမီးအနားမှာ မေမေ ရှိနေပေးချင်တယ်။ သမီးအရှုံးကို မေမေ့အပြုံးနဲ့ ကုစားပေးချင်တယ်။
မျှော်လင့်ထားသလို အရှုံးကို ရင်ဆိုင်ရတဲ့အခါ ပြုံးနေရှာတဲ့ သမီးအပြုံးလေးဟာ မေမေ့ရင်ကို ပြင်းစွာနာကျင်စေပါတယ်။ သမီးမျက်နှာကို အဝေးက လှမ်းမျှော်ရင်း ပြုံးပြနေခဲ့ရပေမယ့် ငါ ဘာမှ မတတ်နိုင်လေခြင်း ဆိုတဲ့အသိဟာ မေမေ့ကို ကြေကွဲ နာကျင်စေပါတယ်။ လမ်းသိပါရဲ့ မလျှောက်နိုင်ခဲ့ကြတဲ့ မေမေတို့အရှုံးဟာ တခဲနက် အားပေးနေကြတဲ့ ပရိသတ်ရယ် တရားမျှတတဲ့ ဒိုင်တွေရဲ့ နောက်ဆုံးလက်နက်ရယ် ကယ်တင်ခြင်း ခံခဲ့ရတယ်။
 
ဖော်ပြခြင်းငှာ မစွမ်းသာလောက်အောင် ကျေးဇူးတင်မိတယ်။ကြက်သီး ဖြန်းဖြန်း ထမိတယ်။ မေမေ လို့ အားကိုးတကြီး ခေါ်လိုက်တဲ့ ငိုရှိုက်သံလေးဟာ မေမေ့နှလုံးသွေးတွေ ပွက်ပွက်ဆူစေခဲ့ပါတယ် သမီးရေ...
 
အဲဒီအချိန်ကလေးမှာ သမီးအတွက် ငွေရှာမပေးနိုင်တဲ့မေမေ့ကို မေမေ မုန်းလိုက်တာ။ သမီးကို မဲအများကြီး ရအောင် လုပ်မပေးနိုင်တဲ့ မေမေ့ကိုယ်မေမေ နာကျည်းလိုက်တာ။ ဒါပေမယ့် မေမေ သမီးအတွက် ပြုံးနေခဲ့ပါတယ်။ တာဝန်ကျေတဲ့ သမီးအတွက် တာဝန်မကျေတဲ့မေမေ လုပ်ပေးနိုင်တာ ဂုဏ်ယူဝံ့ကြွားတဲ့ အပြုံးပါပဲ။
 
အဲ့ဒီညဟာ မေမေတို့အတွက် ပြီးပြည့်စုံခဲ့တဲ့ ညပါပဲ။
သမီးရေ ကြောက်တတ်သူဟာ နှစ်ခါသေရ သတဲ့။ မေမေတို့ တစ်ချိန်ချိန် ရှုံးနိမ့်ဦးမှာပါပဲ။ ဆရာပီမိုးနင်း ပြောသလို မေမေတို့ သွေးနက်အောင် ကြိုတင် ပြင်ဆင် ကြရမယ်။ မှန်ကန်ခြင်းအတွက် ရဲရင့်ရမယ်။
မေမေ အမြဲပြောသလိုပေါ့ သမီးရယ်။
သရဖူဆောင်းမှ သူရဲကောင်း မဟုတ်ပါဘူး။ အရှုံးကို ရဲရင့်စွာ ရင်ဆိုင်နိုင်ခြင်းဟာလဲ သူရဲကောင်းပါပဲ။
မေမေ မွေးရကျိုးနပ်တဲ့ သမီးအတွက် မေမေဂုဏ်ယူပါတယ်။
 
သမီးဟာ မေမေနဲ့ညီမလေးတွေအတွက်၊ တမလွန်က ဖေဖေ့အတွက် သူရဲကောင်းပါပဲ။
နောက်ထပ်ရင်ဆိုင်နိုင်ဖို့ ခွန်အားဖြည့်ပါ။ သမီးကို ယုံကြည်ပေးတဲ့သူတွေအတွက် အကောင်းဆုံး ကြိုးစားပါ။ ခုလိုရေးလိုက်တော့ မေမေ ရင်ပေါ့သွားတယ်သမီး။
 
မေမေ သူရဲဘောကြောင်တာ ဝန်ခံပါတယ်။ သမီးပြိုင်ပွဲကို ခုထိ မေမေ ပြန်မကြည့်ရဲဘူးလေ။
ဘာပဲဖြစ်ဖြစ် မေမေတို့ လက်တွဲထားကြမယ်။ သမီးအနားမှာ မေမေ အမြဲရှိနေမယ်။ ရှုံးခြင်း၊ နိုင်ခြင်းထက် ပရိသတ်ကို အကောင်းဆုံး ဖျော်ဖြေနိုင်ခြင်း ဆိုတဲ့အောင်ပန်းကိုသာ မေမေ့အတွက် သမီးယူဆောင်ခဲ့ပေးပါ၊
သမီးကြီးဟာ မေမေတို့မိသားစုအတွက် ထာဝရ Idol ပါ။
 
Credit: Wa ThoneDaray
 

17 Feb 2017     1,278 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Life Style