BEC-TERO TV

ရုရှားနှင့် စစ်ရေးကဏ္ဍ ပူးပေါင်းရန် အစီအစဉ် မရှိဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား

17 Feb 2017     1,269 Views


အမေရိကန်တွင် ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာသည့်နောက် NATO၏ ခါးသီးပြိုင်ဘက် ရုရှားနှင့် ဆက်ဆံရေးကဏ္ဍ ပိုမိုရင်းနှီး အားကောင်းလာမည်ကို စိုးရိမ်မှုများ ရှိနေသည်။ ဖေဖော်ဝါရီ ၁၆ ရက်က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ NATO မဟာမိတ်အဖွဲ့ ညီလာခံတွင် မက်တစ်က ရုရှားနှင့် အမေရိကန် စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်သည် ဆိုခြင်းကို ငြင်းဆိုခဲ့သည်။ ၎င်းက လက်ရှိ နိုင်ငံတကာရေးရာ အခြေအနေများသည် ကျေနပ်လောက်စရာ စင်းလုံးချော မဟုတ်သေးဟုလည်း ဆိုသည်။

“ရုရှားနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရမယ့် အနေအထားမျိုး မဟုတ်သေးပါဘူး။ စစ်ရေးဘက်မှာ ပူးပေါင်းမှာ မဟုတ်ပေမယ့် နိုင်ငံရေးအရတော့ သင့်တော်တဲ့ အခြေခံ နယ်ပယ်မျိုးကို ပူးပေါင်းရှာဖွေတာမျိုး ဖြစ်နိုင်ပါတယ်”ဟု မက်တစ်က NATOတပ်ဖွဲ့ ဌာနချုပ်တွင် ပြောကြားခဲ့သည်။

ရုရှားက ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို သိမ်းယူမှုအပေါ် အမေရိကန်နှင့် NATOတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သောကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ စစ်အေးခေတ်နောက်ပိုင်း အနိမ့်ပါးဆုံး အဆင့်ထိ ကျဆင်းခဲ့သည်။ သို့သော် ဆီးရီးယား စစ်မြေပြင်တွင် အိုင်အက်စ်တို့ကို တိုက်ခိုက်နေသည့် ရည်မှန်းချက်မျိုးအတွက် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းမှုများ ရှိလာနိုင်ကြောင်း ကောလာဟလများလည်း ထွက်ပေါ်ခဲ့သည်။

ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူက ၎င်းတို့အနေဖြင့် အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်စတင်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့ပြီး မရှေးမနှောင်းတွင် မက်တစ်က ယခုလို မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သည် ရုရှားနှင့် ယခင်က စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်မှုများ ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယား ပြဿနာ ဖြစ်ပွားပြီးကတည်းက ယင်းပူးပေါင်းရပ်တည်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

Credit : 7daydaily


17 Feb 2017     1,269 Views




RELATED

Most Popular of International News

Most Popular of NEWS