BEC-TERO TV

အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ခပ်ဆင်ဆင်တူနေတဲ့ Myanmar Idol

18 Feb 2017     1,399 Views


မနေ့ည(ဖေဖော်ဝါရီ ၁၇) Myanmar Idol ရဲ့ Result Show ပွဲအပြီးမှာ "ချမ်းငြိမ်း" နဲ့ "ယွန်း" တို့နှစ်ယောက် နှုတ်ဆက် အိမ်ပြန်ခဲ့ရပြန်ပါပြီ...
 
Myanmar Idol ပွဲစဉ်တစ်လျောက် တစ်ယောက်ပြီး တစ်ယောက် အိမ်ပြန်ခဲ့ကြရတဲ့ အချိန်လေးတွေထဲမှာ သူတို့နှစ်ဦးရဲ့ အိမ်ပြန်နှုတ်ဆက်ခဲ့ကြရတဲ့ အချိန်လေးဟာ ပရိသတ် အကြေကွဲအထိခိုက်ဆုံး ဖြစ်မယ်ဆိုတာ သေချာပါတယ်။
 
ပွဲမစမီမှာ မတင်ဇာမော် ပြောခဲ့သလို ဒီနေ့အိမ်ပြန်ကြရမှာ နှစ်ဦးဖြစ်လို့ အဖော်ရှိတဲ့အတွက် အရမ်းတော့ စိတ်မကောင်းဖြစ်စရာ မရှိပါဘူးလို့ ဆိုခဲ့ပေမယ့် နောက်ဆုံး အိမ်ပြန်ရတဲ့ နှစ်ယောက်ဟာ ချမ်းငြိမ်းနဲ့ ယွန်းဖြစ်နေခဲ့တဲ့ အချိန်မှာတော့ ကြေကွဲနှမြောတဲ့ အရိပ်အယောင်တွေကို ဒိုင်သုံးဦးစလုံးရဲ့ မျက်နှာပေါ်မှာ မြင်တွေ့ခဲ့ရပါတယ်။
 
နောက်ဆုံးနှုတ်ဆက်အားပေးစကား စတင်ပြောခွင့်ရတဲ့ မေဆွိက ဆို့နင့်စွာနဲ့ပဲ "ကိုကျော်ထက်အောင်ရေ မဆွေတို့ ဘာပြောစရာများ ကျန်နေသေးလို့လဲ..." လို့ အားတင်းအပြုံးနဲ့ ဆိုရှာပါတယ်။
ဟုတ်ပါတယ် ဒီနှစ်ယောက် အိမ်ပြန်ရတဲ့အတွက် ပရိသတ်ကြီးရဲ့ မဲပေးမှုကို အံ့သြလွန်းလို့ ဘာပြောရမှန်းမသိအောင်ကို ဘာမှပြောစရာ မရှိတော့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
 
Myanmar Idol ကို Vote ပေးနေကြတဲ့ မဲရလဒ်ကြောင့် Myanmar Idol ရဲ့ Winner ဖြစ်လာမယ့်သူကို ပရိသတ်တွေ ခန့်မှန်းရခက်လာသလို ပြိုင်ပွဲရဲ့ အဖြေတွေအပေါ် ယုံကြည်မှုတွေ လျော့ပါးစ ပြုလာခဲ့ပါပြီ။ အရည်အချင်းမပြည့်ဝသေးတဲ့ Winner တစ်ယောက် ထွက်ပေါ်လာမှာကိုလည်း စိုးရိမ်စ ပြုလာပါပြီ။
 
Myanmar Idol ရဲ့ တရားဝင် စာမျက်နှာထက်မှာ ပရိသတ်တွေ အငြင်းအခုန်ဖြစ်လောက်အောင် မဲရလဒ်တွေက ခလောက်ဆံနိုင်ခဲ့ပါတယ်။
 
ပြိုင်ပွဲတစ်ခုကို မဲပေးကြတဲ့ ပရိသတ်တွေထဲမှာ အခြေခံအားဖြင့် အုပ်စု နှစ်ခု ကွဲပြားလေ့ရှိပါတယ်။
၁။ အမှန်တစ်ကယ် အရည်အချင်းရှိသူ၊ ထိုက်တန်သူကိုသာ မဲပေးကြသူများ
 
၂။ မိမိနှင့် တစ်နည်းနည်း ပက်သက်ဆယ်နွယ်သူ (ဆွေမျိုး၊ ဘော်ဒါ၊ မွေးရပ်တူ) စသည်ဖြင့်ကြောင့် မဲပေးကြသူများဟူ၍ ဖြစ်သည်။
 
သို့သော် Myanmar Idol မှာတော့ မဲပေးတဲ့ နောက်ထပ် အုပ်စုတစ်ခုကို ထူးဆန်းစွာ လေ့လာတွေ့ရှိရပါတယ်။
အဲဒါကတော့ ဒိုင်တွေကို အမြင်မကြည်လို့ ဒိုင်တွေရဲ့ သဘောမကျတဲ့ ပြိုင်ပွဲဝင်ကို တစ်မင်သက်သက် မဲပေးနေသူတွေ ရှိလာတာကို တွေ့ရပါတယ်။
 
 
ဒိုင်တွေထဲမှာတော့ ဝေဖန်မှုအခံရဆုံးကတော့ မြန်မာပြည် ဦးသိန်းတန်ဖြစ်ပါတယ်။ သူ့ရဲ့အသက်အရွယ်နဲ့ ဝတ်စားဆင်ယင်မှုအပေါ် ဖက်ရှင်အဖြစ် မမြင်နိုင်၊ နားလည်မှု မပေးနိုင်ကြတဲ့ အသက်အရွယ်စုံ ပရိသတ်ကြီးက  ရှိနေပါတယ်။
 
Myanmar Idol Season 2 ပြိုင်ပွဲကြီးက အကောင်းဆုံးတင်ဆက်မှုတွေနဲ့အတူ မြန်မာပြည်သိန်းတန် ဒိုင်လူကြီးတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့တဲ့အတွက် စိတ်ဝင်စားစရာ အကောင်းဆုံးအစီစဉ်တစ်ခု ဖြစ်လာတယ်ဆိုတာ မှားမယ် မထင်ပါဘူး။
 
ဂီတအနုပညာနဲ့ ပက်သက်လာရင် အားမနာတမ်း စိတ်ထဲရှိတဲ့အတိုင်း ထောက်ပြပြောဆိုခဲ့မှုတွေဟာ အချို့အချို့သော Myanmar Idol ပရိသတ်တွေအတွက် အမြင်မကြည်မလင် ဖြစ်ခဲ့ရာမှ မဲရလဒ်တွေဟာလည်း ပြောင်းပြန် အချိုးကျခဲ့ရပါတယ်။
 
"မကောင်းမှန်းသိတယ်၊ ဒါပေမယ့် ဒိုင်ပြောတာ ဆိုတာကို မကြိုက်လို့ တမင် အဲဒီလူကိုပေးတာ" ဆိုတဲ့ ပရိသတ်တွေရှိလာပါတယ်။
 
ဒါကြောင့် ပရိသတ်ကြီးရဲ့ မဲရလဒ်နဲ့ ဆုံးဖြတ်မယ့် Myanmar Idol ပြိုင်ပွဲကြီးကတော့ ဘယ်လိုအဆုံးသတ်မှုတွေနဲ့ အဆုံးသတ်မလဲဆိုတာ စောင့်ကြည့်နေရဦးမှာ ဖြစ်ပါတယ်။
 
မည်သို့ပင် ဆိုစေကာမူ ဒိုင်တစ်ဦးဖြစ်သူ မတင်ဇာမော် အားပေးနှစ်သိမ့်သကဲ့သို့ "ပြိုင်ပွဲမှာ ပထမရကြသူတိုင်း အောင်မြင်တဲ့သူ မဖြစ်ကြသလို၊ အောင်မြင်နေသူတိုင်းလည်း ပထမရခဲ့ကြသူတွေ မဟုတ်ပါဘူး" ဆိုသကဲ့သို့ အရည်ချင်းပြည့်ဝပါလျှက် ပရိသတ်ရဲ့ မဲရလဒ်ကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ကြရမယ် ဆိုရင်လည်း စိတ်ဓါတ်မကျပဲ အနုပညာလမ်းမှာ ဆက်လက်လျှောက်လှမ်းနိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
 
ဒီမိုကရေစီစနစ်မှာလည်း အားနည်းချက်တွေ ရှိနေသေးတယ်ဆိုတာကို Myanmar Idol Season 2 နဲ့ ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးချယ်ပွဲမှာ ထင်ထင်ရှားရှား တွေ့မြင်ကြရပါပြီ။

18 Feb 2017     1,399 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment