BEC-TERO TV

ဦးကိုနီအမှုနှင့် ဆက်စပ်ပြီး တာမွေမြို့နယ်တွင် ဖမ်းဆီးခဲ့သူတစ်ဦးမှာ တပ်မတော်ထောက်လှမ်းရေးဗိုလ်ကြီးဟောင်းတစ်ဦး ဖြစ်နေ

24 Feb 2017     1,234 Views


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ အမျိုးသားနှစ်ဦးကို ရန်ကုန်တိုင်း တာမွေမြို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်ကျော်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
 
တာမွေမြို.နယ်ရှိ တာမွေလေးရပ်ကွက်တွင် ဦးဇေယျာဖြိုး ဆိုသူအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လည်းကောင်း၊ ဦးတင်ထွန်းအောင်ဆိုသူအား ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တာမွေမြို.နယ် မာန်အောင်ရပ်ကွက်တွင် လည်းကောင်း ရဲတပ်ဖွဲ.ကဖမ်းဆီးခဲ့ကြောင်း တာမွေမြို.နယ် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောကြားသည်။
 
ဦးဇေယျာဖြိုးကို ဖမ်းဆီးခဲ့ရာတွင် ဝန်ထမ်းသက်သေခံကဒ် သုံး၊ လေးကဒ် တွေ့ရှိခဲ့ပြီး၊ ဦးတင်ထွန်းအောင်ကို ဖမ်းဆီးခဲ့ရာတွင် တပ်မတော် ထောက်လှမ်းရေးအကူတပ်အဖွဲ့ဝင် ကဒ်ပြားတွေ့ရှိခဲ့သည်ဟု သိရကြောင်း ဦးလှသိန်းက ပြောကြားခဲ့သည်။
 
သူတို့တွေက ဒီဒေသခံမဟုတ်ဘူး။ ဒီမှာလာပြီး ပုန်းအောင်းနေတာလို့သိရတယ်” ဟု ဦးလှသိန်းကဆိုသည်။
 
၁၉၇၄ တွင်မွေးဖွားခဲ့သော ရန်ကုန်မြို့ဇာတိ ဦးဇေယျာဖြိုးသည် စစ်တက္ကသိုလ်အမှတ်စဉ် (၃၈)ဆင်းဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်ဦးဆောင်သော တပ်မတော်ဗဟိုထောက်လှမ်းရေးတပ်တွင် ၂၀၀၄ ခုနှစ်ထိ ဗိုလ်ကြီးအဆင့်နှင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်ဟု သူနှင့်နီးစပ်သူ စစ်ဘက်အသိုင်းအဝိုင်းမှ ပြောဆိုကြသည်။
 
သူက ထောက်လှမ်းရေးကထွက်ရပြီးနောက်ပိုင်း စီးပွားရေးကုမ္ဗဏီတွေ အများကြီးလုပ်နေတာ” ဟု သူ့နှင့် နီးစပ်သူတစ်ဦးကဆိုသည်။
 
ရန်ကုန် အင်းစိန်မြို့နယ်ရှိ အမျိုးဘာသာ သာသနာစောင့်ရှောက်အဖွဲ့ဥက္ကဌ ဆရာတော်ဦးတိလောကဘိဝံသနှင့် သီတဂူဆရာတော် အရှင်ဉာဏိဿရတို့ ၂၀၁၅ ခုနှစ်ခန့်က တွေ့ဆုံပွဲကိုရိုက်ကူးခဲ့သော ဓာတ်ပုံထဲတွင်ပါရှိသူ လူလတ်ပိုင်းအမျိုးသားတစ်ဦးအား ဦးဇေယျာဖြိုးဆိုသူဟု လူမှုကွန်ယက်တွင် ပြောဆိုနေမှုများရှိရာ၊ ထိုဓာတ်ပုံထဲက အမျိုးသားသည် ဦးဇေယျာဖြိုးဖြစ်ကြောင်း ၎င်းနှင့်ရင်းနှီးသိကျွမ်းသူများက အတည်ပြုပြောဆိုခဲ့သည်။
 
ဦးဇေယျာဖြိုးဖမ်းဆီးခံရမှုသတင်းကို ပြည်တွင်းထုတ် ရန်ကုန်အခြေစိုက် Speaker ဂျာနယ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကနဦးရေးသားခဲ့ခြင်းဖြစ်သည်။ ၎င်းဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များကို မေးမြန်းရာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တိကျသည့်ဖြေကြားမှုမပြုလုပ်ဘဲ မကြာခင် သတင်းထုတ်ပြန်မှု ပြုလုပ်မည်ဟု သာပြောဆိုခဲ့သည်။
 
ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အနီးကပ် သေနတ်ပစ်လုပ်ကြံသတ်ဖြတ်ခံရသော ဦးကိုနီအမှုနှင့်ဆက်စပ်၍ ဦးကြည်လင်းနှင့် ဦးအောင်ဝင်းဇော်ဆိုသူအား ဖမ်းဆီးထားကြောင်း နှင့် ၎င်းတို့ နှစ်ဦးအား ငွေပေးခိုင်းစေသူ ဦးအောင်ဝင်းဇော်၏ညီ ဒုတိယဗိုလ်မှုးကြီးဟောင်း ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း အစိုးရကထုတ်ပြန်ထားသည်။
 
 
ပုံစာ။ တပ်မတော် ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဦးဇေယျာဖြိုးအား ရန်ကုန် အင်းစိန်မြို.နယ်ရှိ အမျိုးဘာသာ သာသနာစောင့်ရှောက်အဖွဲ.ဥက္ကဌ ဆရာတော်ဦးတိလောကဘိဝံသနှင့် သီတဂူဆရာတော် အရှင်ဉာဏိဿရတို့ ၂၀၁၅ ခုနှစ်ခန့်က တွေ့ဆုံပွဲဓာတ်ပုံမှတ်တမ်းတွင်တွေ့ရစဉ်။
 
Credit:Myanmar Now

24 Feb 2017     1,234 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS