BEC-TERO TV

တစ်ကယ်အစွမ်းထက်တဲ့ ပိန်ဆေး(ဝိတ်ကျချင်သူများအတွက် အထူး)

16 Mar 2017     2,672 Views


ကိုယ်အလေးချိန်ကျဆေး (သို့) ပိန်ဆေး ဆိုပြီးနာမည် အမျိုးမျိုးနဲ့ ရောင်းချနေကြတဲ့ အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးတွေ ရှိပါတယ်။ ဒါပေမယ့်တကယ်တမ်း လက်တွေ့မှာ အာနိသင် တကယ်ရှိတဲ့ ဆေးကတော့ မရှိသလောက်ရှားပါတယ်။ 
 
ကိုယ်အလေး ချိန်လျော့ချရာမှာ တကယ်ထိရောက်မှုရှိဖို့ဆိုရင်တော့ အော်လီစတတ်(orlistat) က အားလုံးထဲမှာ တကယ်ထိရောက်မှုရှိတဲ့ ပိန်ဆေးအဖြစ် ဆေးပညာရှင်တွေက ထောက်ခံပေးထားကြပါတယ်။ 
 
ဒီဆေးက အူထဲမှာရှိတဲ့ အဆီကိုချေဖျက်တဲ့ အင်ဇိုင်းတွေကို ပိတ်ဆို့ပြီးအလုပ်မလုပ်နိုင်အောင် တားဆီးပေးပါတယ်။ စားလိုက်တဲ့ အဆီတွေရဲ့ ၃ ပုံ ၁ ပုံလောက်ကို မချေဖျက်နိုင်အောင် ဒီဆေးက တားဆီးပေးနိုင်ပါတယ်။ ချေဖျက်ထားခြင်း မရှိတဲ့အဆီတွေကို အူက စုပ်ယူခြင်းမရှိတဲ့အတွက် ဝမ်းသွားတဲ့အခါ တခါတည်း ပါသွားပါတယ်။ 
 
ပုံမှန်အားဖြင့် ၁၂ဝမီလီဂရမ်ရှိတဲ့ ဆေးကို တခါသောက်ရင် တစ်လုံး၊ တရက်ကို ၃ ကြိမ် အစာစားပြီးမှ သောက်ရပါတယ်။ ဒါပေမယ့် ကိုယ်စားတဲ့ အစားထဲမှာ အဆီမပါ ရင်တော့ သောက်စရာမလိုပါဘူး။
 

ဆေးသောက်ယုံနဲ့ ပိန်သွားမှာလား..?

အော်လီစတက်ဟာသူ့ကိုသောက်လိုက်တာနဲ့ ချက်ချင်းဆိုသလိုပိန်ပိန်သွယ်သွယ်လေး ဖြစ်သွားစေမယ့် နတ်ဆေးတော့လည်း မဟုတ်ပါဘူး။ ရေရှည်မှာကိုယ်အလေးချိန်ထိန်းနိုင်ဖို့ဆိုရင် ကိုယ်စားသုံးလိုက်တဲ့ ကယ်လိုရီ(စွမ်းအင်)ထက် ကိုယ်လက်လှုပ်ရှားဖို့ ပြန်ပြီးအသုံးပြုတဲ့ကယ်လိုရီ(စွမ်းအင်)က ပိုများနေဖို့ လိုပါတယ်။ 
 
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကိုပဲ စားဖို့လိုသလို၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့လည်း လိုပါတယ်။ အစားအသောက်စားရာမှာ ကစီဓာတ်များတဲ့ ထမင်း၊ခေါက်ဆွဲစတာတွေနဲ့ ဆီကြော် စာတွေ၊ အချို၊ အဆီအအိမ့်တွေကို လျှော့စားဖို့လိုပါတယ်။
 

ဘယ်လောက်ထိအစွမ်းထက်လဲ..?

ယေဘုယျအားဖြင့် အဆီအအိမ့်နဲ့ အချိုလျှော့စားပြီး လေ့ကျင့်ခန်းပဲလုပ်တာထက် အော်လီစတက်ပါ တွဲသောက်တာက ကိုယ်အလေး ချိန်ကိုပိုပြီးကျစေပါတယ်။ တချို့လူတွေဆိုရင် ၆လလောက်အတွင်းမှာ လက်ရှိကိုယ်အလေးချိန်ရဲ့၁၀% လောက်ကျသွားပါတယ်။ ဒါပေမယ့် တချို့တွေမှာတော့ အဲ့ဒီလောက်မကျတာကိုတွေ့ရပါတယ်။
 
ဆေးသောက်ပါလျက် ကိုယ်အလေးချိန် ထင်သလောက် မကျရတဲ့ အကြောင်းရင်းတခုကတော့ အစားလျှော့မစားပဲကိုယ်စားသမျှကို ဆေးကပဲချေဖျက်ပေးဖို့ ပုံအပ်လိုက်လို့ပါပဲ။ တကယ်တမ်းကတော့ ဆေးသောက်နေပေမယ့် အစားလျှော့စားဖို့၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ လိုနေတုံးပါပဲ။ 
 
ဆေးက စားလိုက်တဲ့ အဆီတွေရဲ့ သုံးပုံတစ်ပုံကိုပဲ ဝမ်းထဲပါသွားအောင် လုပ်နိုင်တာကို မမေ့ပါနဲ့။ ဆေးအားကိုးနဲ့ ချောကလတ်၊ ကိတ်မုန့်၊ ဝက်သားတုတ်ထိုး၊ ဆီကြော်တွေကို အရင်ထက်ပိုစားမိနေရင်တော့ ဆေးရဲ့အကျိုးရလဒ်ကို ခံစားရမှာမဟုတ်ပါဘူး။
 

ဆေးကိုဘယ်အချိန်မှာသောက်ဖို့လိုမလဲ..?

ပိန်ချင်တဲ့သူတိုင်းဒီဆေးသောက်စရာမလိုပါဘူး။ ဘီအမ်အိုင်(BMI,body mass index) ပေါ်အခြေခံပြီးသောက် ဖို့လို၊ မလို ဆုံးဖြတ်ရပါတယ်။ ဘီအမ်အိုင် ၃၀ နဲ့အထက်ရှိရင်၊ ဘီအမ်အိုင်၂၈ နဲ့အထက်ရှိပြီး နာတာရှည်ရောဂါတစ်ခုခုရှိနေရင် ဆေးသောက်ဖို့လိုပါတယ်။ ဆေးသောက်လို့ ၃လ လောက်နေရင် လက်ရှိကိုယ်အလေးချိန်ရဲ့ ၅%ကျမှ ဆေးကိုဆက်ပြီးသောင့်သင့်ပါတယ်။

ဘယ်လောက်ကြာအောင်သောက်ရမလဲ..?

၃လအတွင်း လက်ရှိကိုယ်အလေးချိန်ရဲ့ ၅% ကျခဲ့မယ်ဆိုရင် ဆေးကို ဆက်သောက်သင့်ပါတယ်။ ဒါပေမယ့် ဘယ်လောက် ကြာအောင်သောက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တော့ မရှိပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားတဲ့ အတိုင်း သောက်သုံးသင့်ပါတယ်။ ဆေးသောက်ပြီး ၆လ ကြာတဲ့အထိ ကိုယ်အလေးချိန် ဆက်ကျနေသေးတယ် (သို့) ဆေးကထိရောက်မှုရှိသေးတယ်ဆိုရင် ဆက်သောက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။ ထပ်ပြီးပိန်ချင်သေးတယ်ဆိုရင်တော့ ၁ နှစ်၊၂ နှစ် ဒါမှမဟုက် ဒီထက်ပိုပြီး သောက်ဖို့လိုပါလိမ့်မယ်။

ပြန်ဝလာနိုင်မလား..?

ဆေးကိုရပ်လိုက်တဲ့လူတော်တော်များများ ပြန်ဝလာတတ်ပါတယ်။ ဒါကိုကြိုသိထားဖို့လိုပါတယ်။ ကိုယ်အလေးချိန်ကိုချနိုင်ပြီဆိုတာနဲ့ အဆီ၊ အအိမ့်၊ အချိုကိုရှောင်ပြီး အစားဆက်ပြီး လျှော့စားမယ်၊ လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်၊ တပတ်တခါလောက် ပေါင်ချိန်ကြည့်မယ် ဆိုရင် ပြန်မဝအောင် ထိန်းထားနိုင်ဖို့ များပါတယ်။
 

ဘေးထွက်ဆိုးကျိုးဘာတွေရှိလဲ..?

အဓိကကြုံတွေရတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ ဝမ်းသွားတဲ့အခါအဆီတွေပါလာလို့ ကသိကအောက်ဖြစ်ရတာပါပဲ။ ဝမ်းအနံ့က သာမာန်လိုမဟုက်ပဲ ညှီစို့စို့ဖြစ်နေမယ်၊ မကြာခဏ ဝမ်းသွားချင်နေမယ်၊ အတွင်းခံမှာ အဆီဝမ်းတွေ တစ်စက်၊  နှစ်စက်စွန်း ထင်းနေမယ်၊ မကြာခဏလေလည်မယ် စတာတွေကိုလဲ ကြုံတွေ့ရနိုင်ပါတယ်။
 
စားတဲ့အခါ အဆီ၊အအိမ့်နဲ့ ဆီကြော်စာတွေကို လျှော့စားမယ်ဆိုရင် အဆိုပါဘေးထွက်ဆိုးကျိုးတွေကို သိပ်ပြီး ကြုံတွေ့ရမှာမဟုက်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ဝမ်းသွားတိုင်း အဆီတွေပါနေရင် ဆီနည်းတဲ့အစားအသောက်ကို ရွေးစားဖို့ သတိပေးရာရောက်ပါတယ်။
 

ဘယ်သူတွေ မသောက်သင့်လဲ..?

အောက်ဖော်ပြပါသူတွေအနေနဲ့ အော်လီစတက်မသောက်သင့်ပါဘူး -
 
၁။ ကိုယ်ဝန်ဆောင် (သို့) နို့တိုက်မိခင်
၂။ အသက်၁၈နှစ်ထက်ငယ်သူများ
၃။အစာစုပ်ယူမှု အားနည်းသူများ
၄။ အသည်းမှ အူသိမ်အူပိုင်းသို့သည်းခြေရည်စီးဆင်းမှု မကောင်းသူများ
၅။ အာက်ဖော်ပြပါဆေးသောက်နေသူများ
 
            - ကုခံကျရောဂါအတွက် ဗိုင်းရပ်ပိုးသတ်ဆေးသောက်နေရသူများ
            - ဆိုက္ကလိုစပိုရင် (ciclosporin)
            - လီဗိုသိုင်ရောက်ဇင်း(levothyroxine)
            - ဝါဖာရင် (warfarin)
 
ကျန်းမာရေးနဲ့လဲညီညွတ်၊ ဖက်ရှင်လဲကျတဲ့ကိုယ်အလေးချိန်ကိုအမြဲပဲထိန်းထားနိုင်ကြပါစေ။
 
(ဒေါက်တာဉာဏ်ပေါ်)

 


16 Mar 2017     2,672 Views




RELATED

Most Popular of Health Fix

Most Popular of Life Style