BEC-TERO TV

အကြမ်းဖက်မှု အပြီး လန်ဒန်မြို့ရဲ့ နောက်ဆက်တွဲ

24 Mar 2017     1,252 Views


အကြမ်းဖက် တိုက်ခိုက်ခံရပြီး ၂၄ နာရီ အတွင်းမှာပဲ ဝက်စ်မင်စတာ တံတားကို ပြန် ဖွင့်လှစ်ခဲ့ပါတယ်။ လမ်းဘေး စင်္ကြန် လမ်းလျှောက်သူတွေနဲ့ စက်ဘီးစီးသူတွေ ဖြတ်သန်းသွားလာနေတာကို မြင်ရပါတယ်။ လန်ဒန်မြို့တော်သူ မြို့တော်သားတွေနဲ့ ခရီးသွား ဧည့်သည်တချို့ကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် လက်နက်ကိုင် လုံခြုံရေးတွေ စောင့်ကြပ်နေတာကိုလည်း သိသာထင်ရှားစွာ မြင်နိုင်ပါတယ်။ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုမှာ နောက်ဆက်တွဲ အဖြစ် ဆေးရုံမှာ ကုသခံနေရတဲ့ အသက် ၇၅ နှစ် အရွယ် အမျိုးသားကြီး တယောက် သေဆုံးသွားခဲ့တဲ့ အတွက် သေဆုံးသူ ၁ ယောက် တိုးလာခဲ့ပါတယ်။

ဒါကြောင့် အပြစ်မဲ့ အရပ်သား ၃ ယောက်၊ ရဲ အရာရှိ ၁ ယောက်နဲ့ အကြမ်းဖက်သမား အပါအဝင် စုစုပေါင်း သေဆုံးသူ ၅ ယောက် ဖြစ်ပါတယ်။ အပြစ်မဲ့ အရပ်သား ၃ ယောက် ကတော့ Kurt W. Cochran အမည်ရှိ အမေရိကန် ခရီးသွားဧည့်သည်၊ ဗြိတိန်နိုင်ငံသူ Aysha Frade နဲ့ နောက်ဆုံး ဆေးရုံမှာ သေဆုံးသွားခဲ့တဲ့ အမည် မထုတ်ပြန်သေးတဲ့ အသက် ၇၅ နှစ် အရွယ် အမျိုးသား တို့ ဖြစ်ပါတယ်။ ရဲအရာရှိ PC Keith Palmer ကတော့ ပါလီမန် အဆောက်အအုံ ဝင်း ထိပ်မှာ လုံခြုံရေး တာဝန်ထမ်းဆောင်နေတုန်းမှာ အကြမ်းဖက်သမားရဲ့ ဓားနဲ့ ထိုးသတ်ခြင်း ခံခဲ့ရပါတယ်။ အကြမ်းဖက်ကျူးလွန်ခဲ့သူက အသက် ၅၂ နှစ် အရွယ် ဗြိတိန်နိုင်ငံဖွား Khalid Masood ဖြစ်ကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခဲ့သူဟာ သူတို့ရဲ့ စစ်သည်ဖြစ်ကြောင်း အစ္စလာမ်မစ် နိုင်ငံတော် လို့ သူတို့ကိုယ် သူတို့ အမည်ပေးထားတဲ့ အစွန်းရောက် အကြမ်းဖက်အဖွဲ့က ကြေညာထားပေမယ့် လူသတ်သမားဟာ အကြမ်းဖက်အဖွဲ့နဲ့ တိုက်ရိုက် ဆက်သွယ် ဖူးကြောင်း အထောက်အထား အခုအချိန်အထိ မတွေ့ရသေးပါဘူး။ နိုင်ငံတကာက အကြမ်းဖက်လုပ်ရပ်တွေရဲ့ လွှမ်းမိုးမှုကနေ အခုလို တကိုယ်တော် အကြမ်းဖက်မှု လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်ကြောင်း ဗြိတိသျှ လုံခြုံရေးနဲ့ ထောက်လှမ်းရေး ဘက်က ယူဆထားပါတယ်။

Credit : BBC Burmese


24 Mar 2017     1,252 Views




RELATED

Most Popular of International News

Most Popular of NEWS