BEC-TERO TV

မိဘသဘောမတူဘဲ လက်ထပ်ခဲ့သည့် စုံတွဲကို ရွာသားများက အဝတ်ချွတ် ရိုက်နှက် (ရုပ်/သံ)

23 Apr 2017     1,255 Views


အိန္ဒိယနိုင်ငံမှာ မျိုးနွယ်စု ရွာသား ၁၈ ဦးက မိဘတွေ သဘောမတူဘဲ လက်ထပ်ခဲ့တဲ့ လူငယ်စုံတွဲတတွဲကို အဝတ်တွေချွတ် ရိုက်နှက်တဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။

ရာဂျက်စတန်ပြည်နယ် ဘန်ဆွာရာခရိုင်မှာရှိတဲ့ ရှမ်ဘူပူရရွာမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး လူငယ်စုံတွဲက မိသားစုတွေ သဘောတူညီမှုမပါဘဲ လက်ထပ်ခဲ့လို့ မျိုးနွယ်စုရဲ့ စီရင်ချက်အရ ချစ်သူစုံတွဲနှစ်ဦးကို ဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ကချရူ၊ ၂၁ နှစ်နဲ့ မော်နီကာ၊ ၁၉ နှစ်တို့နှစ်ဦးဟာ နှစ်နှစ်ကြာ လျှို့ဝှက်ချစ်ကြိုက်တဲ့ ဆက်ဆံရေးရှိနေတာဖြစ်ပြီး မိဘတွေ သဘောမတူတာကြောင့် ဂူဂျာရက်ကို ထွက်ပြေးသွားခဲ့တာပါ။
ဒါပေမယ့်လည်း မော်နီကာရဲ့ မိဘတွေက ရွာလူကြီးကို တိုင်ကြားခဲ့တာကြောင့် သူတို့ နှစ်ဦးကို လိုက်လံရှာဖွေခဲ့ပြီး ရွာကိုပြန်လာဖို့ အမိန့်ပေးခဲ့ပြီးနောက် အခုလိုမျိုး ပြစ်ဒဏ်စီရင်ခဲ့တာပါ။

ရှမ်ဘူပူရရွာမှာ အဓိက လူမျိုးနွယ်စုတွေ နေထိုင်ပြီး ရွာသားအများစုက ဘဟီးလ်ဆိုတဲ့ လူ့အသိုင်းအဝိုင်းက ဖြစ်တယ်လို့ ဆိုပါတယ်။
ကောင်မလေးရဲ့ မိဘတွေက ရွာနားနီးချင်းက အခြားကောင်လေး တစ်ယောက်နဲ့ လက်ထပ်ပေးဖို့ ရူပီး ၇၅,၀၀၀ (ပေါင် ၉၀၅) နဲ့ ရောင်းချပြီးဖြစ်ပြီး ရူပီး ၅,၀၀၀ (ပေါင် ၆၀) ကိုလည်း ကြိုတင်ယူပြီးပြီလို့ သိရပါတယ်။
အခြားသူတွေသိရှိစေဖို့နဲ့ စုံတွဲကို သင်ခန်းစာပေးဖို့အတွက် အဝတ်တွေချွတ် ရိုက်နှက်ပြီး ရွာရဲ့အလယ်မှာ လမ်းလျှောက်ခိုင်းခဲ့တာပါ။

ဒီထိတ်လန့်စရာ အဖြစ်အပျက်က ဧပြီလ ၁၆ ရက်နေ့မှာ ဖြစ်ပျက်ခဲ့ပြီး ၂ ရက်အကြာမှာ ရဲတွေသိရှိခဲ့တယ်လို့ ဆိုပါတယ်။
ကာလင်ဂျရာရဲစခန်းမှာ ရဲအရာရှိတစ်ဦးဖြစ်သူ ရာဗင်ဒါကူမာဆင်းက ကောင်မလေးရဲ့ မိဘတွေက ကောင်မလေးကို အခြားသူတစ်ဦးနဲ့ အတင်းအဓမ္မ လက်ထပ်ခိုင်းကြောင်း ပြောပါတယ်။

ကျနော်တို့ ဒီအမှုကို စုံစမ်းစစ်ဆေးနေပါတယ်။ ရိုက်နှက်တဲ့ ရွာသား ၁၈ ဦးကိုလည်း အခုဖမ်းထားပါတယ်။ အဲဒီလူတွေထဲမှာ စုံတွဲရဲ့ မိသားစုဝင်တွေနဲ့ အခြားရွာသားတွေ ပန်ချရက်အဖွဲ့ဝင်တွေလည်း ပါတယ်လို့” ရဲအရာရှိက ဖြည့်ပြောခဲ့ပါတယ်။

ဒီဗွီဒီယိုကို ရိုက်ကူးပြီး အင်တာနက်စာမျက်နှာပေါ်တင်ခဲ့တဲ့သူကိုလည်း ရှာဖွေစုံစမ်းနေတယ်” လို့ ရဲက ပြောပါတယ်။

ရိုက်နှက်မှုတွေကြောင့် စုံတွဲထဲမှ အမျိုးသားဖြစ်သူ ကချရူ အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ဒေသဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ မော်နီကာကို ရဲ က အကာအကွယ်ပေးထားပြီး လက်ရှိအချိန်မှာ သူမကို အိန္ဒိယက ဂေဟာတခုမှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

Credit:DVB


23 Apr 2017     1,255 Views




RELATED

Most Popular of Special or Others

Most Popular of NEWS