BEC-TERO TV

ကြိုးဖြင့်ချည်ထားသော ဗာရာဏသီ

26 Apr 2017     1,516 Views


ဗာရာဏသီ အစချီတဲ့ ပါးစပ်ရာဇ၀င်တစ်ပုဒ်ရှိခဲ့ဖူးပါတယ် ။ ဇာတ်လိုက်ကြီးကတော့အရှင်ကြီး ဘသာ ပေါ့ ။ အရှင်ကြီး ဘသာ အကြောင်းပြုပြီး တကလှဲ့ရွာမှာဘယ်လောက်တောင်အုပ်အော်သောင်းတင်း ကျွမ်းထိုးမှောက်ခုံဖြစ်သွားတယ်ဆိုတာကတော့ -

ဇာတ်လမ်းရဲ့အစက ဘသာကြီး မာလကီးယားရာ ကစတာပဲ။ ဘာကြောင့်မှန်းမသိ ၊ ဘာဖြစ်မှန်းမသိ ၊ ကောက်ခါငင်ကာ ဘသာတစ်ယောက် ရွာထိပ်မှာဆန့်ဆန့်ကြီး ဂန့်သွားပါလေရော ။ ဒါကို အတည်ပြုပေးသူက ရမ်းကုသန်းဥ ၊ အုပ်ချုပ်ရေးမှူး (အုပ်ကြီး ) ကို အုန်းဆောင်းရဲ့ ဆွေမကင်း မျိုးမကင်း ဆိုတော့ သူ့စကားက တစ်ခွန်းဆိုတစ်ခွန်းပဲ ။ ဘသာသေပြီတဲ့ ။

အဲ့ဒီမှာ ကမ္ဘာပျက်မတက် ငိုချင်းချသူက သူ့မယား မကျင် ။ ဘသာက ရုပ်သာဆိုးတာ ဘယ်လိုကောင်းတာ ၊ ဘယ်လောက်ကောင်းတာဆိုပြီး နှမြောနေလေရဲ့ ။ အုပ်ကြီးက ရွာပြင်မှာသေတဲ့ ဘသာ ဘသာ ရွာပြင်မှာပဲ ပြင်ရမယ်ဆိုပြီး စီစဉ်တော့ မကျင် တစ်ယောက်ဆွေ့ဆွေ့ခုန်ပြီပေါ့။ ဘယ်လောက်ပဲ ခုန်ခုန်ပါ ။ အုပ်ကြီးက တစ်ခွန်းဆို တစ်ခွန်းပဲ ။ သူ့တပည့်ကျော်ကလည်း အာဏာပါဝါပြပါဘိနဲ့ ။ မကျင်တစ်ယောက် မလှန်ဝံ့ဘူး ။

ပြီးတော့ ရွာမှာ အကြားအမြင်အယောင်ယောင်၊နတ်ကတော်ယေင်ယောင်နဲ့ လုပ်စားနေတဲ့ ဘွားတော်သုန် ဆိုတာကလည်းတစ်မှောင့် ။ပြီးတော့ စပ်စပ်စုစုနဲ့ အရက်ပုန်းရောင်းတဲ့ မိလုံးကတစ်ဖုံ ။ ပြီးတော့ လူကသာဥာဏ်မမှီ ကျပ်မပြည့်လေကမိုးပေါ်က မဆင်းတဲ့ ပြားရှစ်ဆယ် အောင်သော်က တစ်သွယ်။ အားလုံးတစ်ယောက်တစ်ခွန်းနဲ့ ဝေဖန်လေကန်လိုက် တာ ဘာသာအလောင်း ကို ရွာပြင်မှာ ပြင်မယ် ။ အိမ်မှာ ပဲ နာရေးကို ၀ိုင်းဝန်းကူကြမယ်ဆိုပြီး ဖြစ်သွားပါလေရော။

အဲ့ဒိမှာပဲ ရွာအုပ်ချုပ်ရေးမှူးပြုတ် ကိုမြသန်းက အကြံထုတ်တော့တယ် ။ နဂိုက ဘသာကို အကြွေးဆပ်စရာလည်းရှိ ၊ သေသူဆိုတော့ မဆပ်လဲ မနေရဲတာကို နာမည်ကောင်းခံပြီး နာရေး အကူငွေဆိုပြီး ခုနှစ်သောင်းလှူလိုက်လေရဲ့ ။ လာမယ့်ရွေးကောက်ပွဲအတွက်ပါ တစ်ခါတည်း မဲဆွယ်ပစ်ခဲ့တယ် ။ သူ့ဘက်က သူ့သမီးပွားစိန်နဲ့ တူမတော် တုတ်တုတ်တို့က အတို့အထောင် ။ ဒီဘက်က အုပ်ကြီး ကိုအုန်းဆောင် ဘက်ကတော့ သမီး မခြူးနဲ့တူတော်မောင် အေးတင့် ။ နှစ်ဖက်သား အပြိုင်အဆိုင် နာရေးကူရာက မကျင်တစ်ယောက် တစ်သက်နဲ့ တစ်ကိုယ်မကိုင်ဖူးတဲ့ ငွေပမာဏ ကိုကိုင်ရပြီး စိတ်ကြီးဝင်ရာက ပရမ်းပတာတွေ စတော့တာပါပဲ ။ မကျင် အကူငွေတွေနဲ့ ကောင်းစားနေပြီဆိုတဲ့ သတင်းရရချင်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာတာက ကြက်တူရွေး ရွာက သူ့အမ မစန်းတင့်နဲ့ အကိုဝမ်းကွဲ ကိုစိန်မောင် ။ အမျိုးသာဆိုတယ် ။ တစ်သက်လုံးအရေးမလုပ် ၊ နာရေးတောင် အစပိုင်းက ပေါ်မလာ ၊ အခု အကူငွေတွေရမှ ရင်ဘက်စည်တီး ၊ ငိုကြီး ချက်မ ၊ တက်မတက် ၊ ချက်မတက် ဖြစ်နေကြတာ ။ မကျင်လည်း ဒီလောက်အကွက်မြင်ပြီးသားပါ။ ပြီးတော့ ချစ်လက်စ ဟောင်းရှိခဲ့တဲ့ အေးငွေကလည်း မကျင်ကို ယောင်လည်လည်လုပ်နေတော့ မကျင်တစ်ယောက်ယောက်င်္ကျား မြေမချရသေးဘူး တစ်အိုးတစ်အိမ်ထူထောင်ရမလား တွေးမိသေးတယ်။

မစန်းတင် ကလည်း မိန်းမချင်း အကွက်မြင်တော့ စကားချင်းချိတ်ပြီး လူချင်းပါနှိပ်ကြတော့ အုပ်ကြီးက ကြားကခံရ ။ အုပ်ကြီးဆိုလို့ ပြောရအုံးမယ် ။ သူကလည်း ပညတ်သွားရာ ဓာတ်သတ်များပါရော့သလားပဲ ။ အကူငွေတွေ စာရင်းလုပ်ပေးမယ်ဆိုပြီး အုပ်တာ အုပ်တာ ဆိုတာ သမီးမခြူး ဆွဲကြိုးတွေ ဘာတွေနဲ့ ဖြစ်လို့ ။ အုပ်ကြီးပြုတ်ကိုမြသန်း ကလည်း ဘယ်အချိန် ဒေါက်ဖြုတ်ရမလဲချောင်းနေ ။

ဒီလိုနဲ့ တစ်နေ့မှာတော့ မကျင်တစ်ယောက် ကြောက်ကြောက်နဲ့ ဘသာ ကို ရွာပြင်မှာ ထမင်းသွားအကျွေး ပြားရှစ်ဆယ်အောင်သော် ကိုခေါ်သွားလေရဲ့။ ကိုလေထွား အောင်သော်ရှေ့က မားမားမတ်မတ် နဲ့ ဘသာ အလောင်းကို သွားအကြည့် ဘသာ အလောင်းမရှိတော့မှ ဖနှောင်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးပါလေရော ။ အဲ့ဒိကစပြီး ရွာမှာ ဘသာ အလောင်း ပျောက်တယ်ဆိုပြီး ဖြစ်ပါလေရော ။ နောက်နေ့မနက် အရက်ပုန်းရောင်းတဲ့ မိလုံးတို့ ရွာပြင်မှာ ဘသာ ကို နတ်ဝတ်နတ်စားနဲ့ မြင်းကြီး စီးပြီးတွေ့လိုက်ရာက အရှင်ဘသာ နတ်ကွန်းဆောက်ပြီး ကိုးကွယ်တဲ့ အထိ ဖြစ်ကုန်တော့တာပဲ ။

အဲ့ဒိမှာပဲ အကြံအဖန် ဘွားတော်သုန် က ကိုဘသာ အိမ်ထောင်မကျခင်ကသူံကို အသည်းအသန် ခဲမှန် ဖြစ်ခဲ့ဖူးတာကြောင့် အခုဆိုရင် အရှင်ဘသာ နတ်ဖြစ်တဲ့အခါ သူံကို တစ်ဦးတည်း ကိုယ်စားလှယ် ပေးထားကြောင်း တစ်ရွာလုံးကို ဖွလိုက်တော့ လောဘတက်နေတဲ့ ရွာသူ ၊ ရွာသား ကောင်းမှုနဲ့ ဘွားတော်သုန် အိုကေ စိုပြည်သွားတာပေါ့ ။ဒါကို မကျေနပ်တိုင်သူက ဘသာ မယား မကျင် ။ သူကလည်း သူ့ကိုပဲကိုယ်စားလှယ်ပေးတာပါဆိုပြီး ဟိုဘက် ၊ ဒီဘက် အရှင်ကြီး ဘသာ ကို အပြိုင်ပင့်ကြတော့တယ်။ အရှင်ကြီး ဘသာ လက်ထဲမှာဓားကြီးဆွဲပြီး တကယ်ကို ရောက်လာပါတယ် ။ မျက်လုံးကလည်း မီးဝင်းဝင်းတောက်လို့ပေါ့ ။ ပါးစပ်ကလည်း ကြိမ်းဝါးပြောဆိုပြီး အငယ်နဲ့ နှစ်ပါဒ သွားနေတဲ့ မကျင်ဆီ ရောက်လာပါတော့တယ် ။

အဲ့ဒ်နောက်မှာတော့ ဘာတွေ ဆက်ဖြစ်ဦးမှာလဲ ။ မကျင် ဘယ်လိုတုံ့ပြန်မှာလဲ ၊ လောဘ အမှောင်ဖုံး နေတဲ့ ရွာသူ ၊ ရွာသား တွေက ဘယ်လို မှိုင်းမိနေဦးမှာလဲ ၊ ဘသာ အမ မစန်းတင် ကရော ဒီအတိုင်း ငြိမ်နေမှာတဲ့လား ။ ပြားရှစ်ဆယ် အောင်သော် ကရော ရွာသူ ၊ရွာသားတွေကို ဘယ်လို အလင်းပြမလဲဆိုတာ ပိတ်ကားပေါ် ရှုစားကြည့်လိုက်ရအောင် ။

Credit: Myanmar Telegraph


26 Apr 2017     1,516 Views




RELATED

Most Popular of Movies

Most Popular of Entertainment