News

နည်းပြလေးဦး ရွေးရခက်ကြီးဖြစ်ခဲ့ရတဲ့ Blind Audition အပိုင်း(၃)

4 Mar 2018

1,607 Views


The Voice Myanmar ရဲ့ Blind Audition တတိယအပတ်ကို ရောက်လာခဲ့ပြန်ပါပြီ။ တစ်ပတ်ထက်တစ်ပတ် နည်းပြတွေရဲ့ အရည်အသွေးဆန်းစစ်မှုတွေ ပိုပိုစိစစ်လာတယ်လို့ ခံစားလာရပါတယ်။
ဒါကြောင့်မို့ အရှေ့က နှစ်ပတ်တာ ရွေးချယ်ခဲ့မှုတွေအရ တော်ရုံတန်ရုံ အရည်းအသွေးလောက်နဲ့တော့ နည်းပြတွေရဲ့ အကြားအာရုံကို ဖြတ်သန်းပြီး ရင်ဘတ်ထဲကို ထိုးဖောက်နိုင်ဖို့ဟာ သိပ်တော့ မလွယ်ကူတော့ပါဘူး။

နည်းပြတွေအနေနဲ့လည်း သူတို့ဟာ ပိုမိုကောင်းမွန်ပြီး သီချင်းတစ်ပုဒ်အပေါ် ကိုယ်ပိုင်ဖန်တီးနိုင်တဲ့ အကောင်းဆုံး ပြိုင်ပွဲဝင်တွေကိုသာ ရွေးချယ်သွားမယ်လို့ အသီးသီးက ဆုံးဖြတ်ထားတာဖြစ်လို့ ဒီတစ်ပတ် Blind Audition က ပိုလို့ ရင်ခုန်စရာကောင်းနေပါတယ်။

Blind Audition Episode 3 ရဲ့ ပထမဆုံးပြိုင်ပွဲဝင်ကတော့ မန္တလေးက လာရောက်ယှဉ်ပြိုင်တဲ့ “ရဲနိုင်ထူး” ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်ပြီး မိသားစု စီးပွားရေးလုပ်ငန်းကို ဦးစီးနေရတဲ့သူ ဖြစ်ပေမယ့် ရင်ထဲမှာတော့ အဆိုတော်ဖြစ်ချင်တဲ့ ဆန္ဒကတော့ ပြင်းပြနေသူပါ။

“Green Green Grass of Home” သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်။ Country သီချင်းစစ်ကြီးကို ကန်းထရီးအသံနဲ့ ဆိုလိုက်တာက ကြက်သီးတောင်ထပါတယ်။ အသံက ကြည်လင်ပြတ်သားသလို၊ နားဝင်ချိုညိမ့်ညောင်းလွန်တဲ့အတွက် သီချင်းပြီးဆုံးသွားမှာတောင် စိုးရိမ်မိပါတယ်။

ဒါပေမယ့်လည်း နည်းပြတွေက တစ်ယောက်မှ တုတ်တုတ်မလှုပ်သေးတဲ့အတွက် ရွေးမှရွေးပါ့မလားလို့ ရင်ခုန်နေမိပါတယ်။ နည်းပြတွေကလည်း ပြိုင်ပွဲဝင်တွေကို အရင်အပတ်တွေတုန်းကလို ရွေးချယ်မှု မစောတော့ပဲ သီချင်းဆုံးတဲ့ထိ နားထောင်းပြီးမှ ရွေးသင့်မရွေးသင့် ဆုံးဖြတ်တဲ့ ပုံစံပြောင်းလာတာကို ဒီတစ်မှာ ထူးထူးခြားခြား တွေ့လာရပါတယ်။
“ရဲနိုင်ထူး” ရဲ့ သီဆိုယှဉ်ပြိုင်မှုကို ကိုယ်တိုင်ခံစား အားပေးပါဦး..။
 


ဒုတိယတစ်ယောက်ကတော့ အမျိုးသမီးပြိုင်ပွဲဝင် “C.ထန်းဇီ” ပဲဖြစ်ပါတယ်။

သီချင်းအဆိုပိုင်းတင်မကပဲ ကိုယ်ပိုင်သီချင်းတွေပါ ရေးစပ်နိုင်သူဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကနေ လာရောက်ယှဉ်ပြိုင်တဲ့ “C.ထန်းဇီ” က “မျှော်လင့်ရင်း” ဆိုတဲ့ သီချင်းနဲ့ နည်းပြတွေကို စိတ်လှုပ်ရှားသွားအောင် သီဆိုနိုင်ပါ့မလား...?


ထူးထူးဆန်းဆန်း နာမည်ပိုင်ရှင်ဖြစ်လို့ နည်းပြတစ်ယောက်ချင်းစီကို မျက်စိလည်စေခဲ့သူက “ပြည့်စေမောင်” ဖြစ်ပါတယ်။ လေးဖြူရဲ့ “ထွက်ပေါက်” သီချင်းကို အင်အားကြီ:လွန်းတဲ့ Rock အသံအပြည့်နဲ့ သီဆိုခဲ့ပါတယ်။ သွေးဆူလွယ်တဲ့ ဂီတဖြစ်လို့ ပရိသတ်တွေနဲ့အတူ နည်းပြလေးဦးလည်း လှုပ်လှုပ်ရွရွ ဖြစ်နေကြပါပြီ။

ရွေးဖို့ မရွေးဖို့ ဆိုတာကတော့ သူတို့လိုချင်တဲ့ အသံနေရာကို ကိုယ်စီနားစိုက်ထောင်နေကြပါတယ်။
မိသားစုတွေအားလုံး လိုက်လာပြီးအားပေးနေကြတဲ့ “ပြည့်စေမောင်” အတွက် အဆုံးအဖြတ်က ဘာဖြစ်လာမလဲ..?


ဧရာဝတီတိုင်းက မအူပင်သားလေး “ဇော်ထွန်း” ပါ။ မိဘတွေက လယ်ယာလုပ်ကိုင်ကြတဲ့ လယ်သမားတွေဖြစ်ပေမယ့် “ဇော်ထွန်း” ရဲ့ အိမ်မက်က အဆိုတော်တစ်ယောက်ဖြစ်ချင်တာပါ။
ရော့ခ်ကာကြီး လေးဖြူရဲ့ ချိုချိုအေးအေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “မမေ့နိုင်ဘူး” ကို တန်ပိုအနှေးလေးနဲ့ ကိုယ်ပိုင်ဟန်တွေ အများကြီး ထည့်ဆိုသွားတာကြောင့် ဒီသီချင်းဟာ ကိုလေးဖြူရဲ့ သီချင်းပါလား ဆိုတာတောင် မေ့သွားစေပါတယ်။

နည်းပြလေးဦးကတော့ အသံသာကြားရပြီး လူမမြင်ရသေးတဲ့ ပြိုင်ပွဲဝင် “ဇော်ထွန်း” အတွက် အချီအချဆွေးနွေးနေကြပါပြီ။
“ဇော်ထွန်း” ရဲ့ သီဆိုမှုက နည်းပြတွေကို ဝေခွဲရခက်စေသလား..?
The Voice Myanmar မှာ သူ့ရဲ့ အိမ်မက်တွေကို ဆက်လက်မက်ခွင့်ရှိမလားဆိုတာ အားလုံးကို ရင်ခုန်ကြစေချင်ပါတယ်..


နောက်ထပ် ပြိုင်ပွဲဝင် “စိုင်းN” ရဲ့ အလှည့်ပါ။ သီချင်းဆိုပြိုင်ပွဲအချို့ အတွေ့အကြုံရှိခဲ့ပေမယ့် ခရီးဆုံးထိတော့ မရောက်ခဲ့ပါဘူး။ ချစ်စရာကောင်းတဲ့ သမီးငယ်လေးအတွက် ဂုဏ်ယူလောက်တဲ့ ဖခင်ဖြစ်ဖို့ ရည်ရွယ်ပြီး ဂီတလမ်းခရီးကို The Voice Myanmar မှာ ဆက်လက်လျှောက်လှမ်းဖို့ အရောက်လာခဲ့သူပါ။

ဝိုင်ဝိုင်းရဲ့ “ဝဋ်ကြွေး” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ “စိုင်းN” တစ်ယောက် သမီးလေးအတွက် လုပ်ပြနိုင်ခဲ့ရဲ့လား၊ နည်းပြတွေရဲ့ အဆုံးအဖြတ်က ဘာဖြစ်လာမလဲဆိုတာကတော့ စိတ်လှုပ်ရှားစရာပါ။


ရန်ကုန်မြို့ကပဲ လာရောက် ယှဉ်ပြိုင်တဲ့ “ဝေဝေလှိုင်ဦး” ဟာ အသက် ၂၆ နှစ်ရှိပါပြီ။

ဖခင်ဖြစ်သူရဲ့ ကျေးဇူးတရားတွေကို အနုပညာနဲ့ ပြန်ဆပ်ဖို့ ကြိုးစားနေတဲ့ သမီးတစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ သူမရဲ့ အင်တာဗျူးကနေတစ်ဆင့် သိလိုက်ရပါတယ်။
အသံပါဝါအားကောင်းတဲ့ ဖြူဖြူကျော်သိန်းရဲ့ “မိုးခါးရေ” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။


The Voice Myanmar ကို လာရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေရဲ့ နောက်ကွယ်က မိသားစုဘဝတွေဟာ အားလုံးအဆင်ပြေချော့မွေ့နေကြတာ မဟုတ်ပါဘူး။ အခုထပ်မံယှဉ်ပြိုင်မယ့် “ဇော်ရဲနိုင်” လည်းအလာတူပါပဲ၊ မိဘမေတ္တာနဲ့ ဖခင်ဖြစ်သူက မရေရာမသေချာတဲ့ အနုပညာလမ်းခရီးကို အားမပေးခဲ့တဲ့ ကြားက လာရောက်ယှဉ်ပြိုင်ခဲ့သူပါ။

နီနီခင်ဇော်ရဲ့ သီချင်းအခက်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ “ရပ်” ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဖခင်ကိုယ်တိုင် သူလျှောက်လှမ်းနေတဲ့ ဂီတလမ်းကြောင်းကို အားပေးလာတဲ့ထိ “ဇော်ရဲနိုင်” သက်သေပြနိုင်ပါ့မလား..?


The Voice Myanmar ကို ရောက်လာကြသူတိုင်း ဂီတအိမ်မက်ကိုယ်စီရှိကြပါတယ်၊ အရွယ်အစားတော့ ကွာချင်ကွာကြမပေါ့။
“Priscilla Htike” ဆိုတဲ့ ၁၉ နှစ်အရွယ် ကောင်မလေးကတော့ Winner တစ်ယောက်ဖြစ်ပြီး Universal Studio နဲ့ သီချင်းခွေထုတ်ကာ ကမ္ဘာကျော်အဆိုတော်ကြီးတစ်ယောက် ဖြစ်ဖို့ထိ အိမ်မက်အကြီးကြီး မက်ထားသူပါ။

“Bang Bang” ကို မြူးမြူးကြွကြွ သီဆိုပြီး နည်းပြတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ နည်းပြတစ်ဦးက နည်းနည်းလူလည်ကျခဲ့တာ ပျော်စရာလဲကောင်း၊ ရယ်စရာလဲကောင်းပါတယ်။ ဘယ်သူများပါလိမ့်နော်..?


ဆုံးပါးသွားပြီဖြစ်တဲ့ ဖခင်ရဲ့နောက်ဆုံးအားပေးစကားတစ်ခွန်းနဲအတူ ဒီပြိုင်ပွဲကို ဝင်ရောက်လူသူက အင်းစိန်မြို့နယ်က “သူရကို” ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့အေကြာင်းကို မျက်ရည်ဝဲပြီး ပြောသွားတဲ့ သူ့ရဲ့ခံစားချက် ဘယ်လောက်ထိ နက်ရှိုင်းမယ်ဆိုတာ ခံစားမိပါတယ်။

“ဒုတိယအကြိမ်လွင့်မျော” ဆိုတဲ့ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်သွားတဲ့ “သူရကို” ကံကောင်းနိုင်ပါ့မလား ဆိုတာ အားပေးစေချင်ပါတယ်။


Facebook မှာ ကာဗာသီချင်းတွေ သီဆိုနေကြ “Jason Ace” က သြစတြေးလျမှာ ကျောင်းတက်နေရင်းကနေ The Voice Myanmar ကို ယုံကြည်စွာနဲ့ ရောက်လာခဲ့သူပါ။
လက်တွေ့ဘဝထဲက ခံစားချက်တစ်ခုကို “လွယ်လွယ်လေးရခဲ့တော့” ဆိုတဲ့ ဝေလရဲ့ သီချင်းတစ်ပုဒ်နဲ့အတူ ယှဉ်ပြိုင်ချပြသီဆိုခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လိုပင် အတွေ့အကြုံတွေရှိပေမယ့်လည်း နည်းပြလေးဦးထဲက တစ်ယောက်ယောက်နဲ့ ရင်ဘတ်ချင်းတူဖို့ဆိုတာ သိပ်တော့မလွယ်ကူလှပါဘူး။
“Jason Ace” ကရော သူ့ရဲ့ အရည်အချင်းတွေကို ယုံယုံကြည်ကြည်နဲ့ ချပြနိုင်ပါ့မလား..?

Blind Audition ရဲ့ ရွေးချယ်မှု တတိယပိုင်းတော့ ပြီးဆုံးသွားခဲ့ပြန်ပါပြီ၊ နည်းပြတွေရဲ့ ရွေးချယ်မှုနဲ့ ပရိသတ်တွေရဲ့ ရွေးချယ်မှုက တစ်ထပ်တည်းနီးပါးကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Blind Audition တတိယအပတ်အပြီးမှာတော့ နည်းပြလေးဦးရဲ့ အသင်းသား စာရင်းတွေက အောက်ပါအတိုင်း ဖြစ်လာခဲ့ပါပြီ..
 

Team Ni Ni - ၅ ဦး
Team Kyar Pauk - ၇ ဦး
Team Lynn Lynn - ၃ ဦး
Team Yan Chan - ၇ ဦး

The Voice Myanmar ကို အပတ်စဉ် တနင်္ဂနွေနေ့ ည ၉ နာရီ MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်လျှက်ရှိပါတယ်။ ပြန်လည်ပြသမှုကိုတော့ အပတ်စဉ် စနေနေ့ ည ၉ နာရီ MRTV-4 မှာ ပြန်လည်ကြည့်ရှုနိုင်ကြပါပြီ။







 

 

 

 

 

News