News

အကြားအမြင်ပညာတွေပါ မြင်တွေ့ခဲ့ရတဲ့ Blind Audition စတုတ္ထည

11 Mar 2018

1,409 Views


ဒီနေ့ညမှာတော့ အံ့သြစရာတွေ ထူးခြားမှုတွေ တစ်လှေကြီးနဲ့ The Voice Myanmar Blind Audition ရဲ့ စတုတ္ထပိုင်းကို အားလုံးပဲ မြင်တွေ့ခဲ့ကြရမယ်လို့ ယုံကြည်ပါတယ်။
 
လက်ရှိအချိန်ထိ မြန်မာပြည်မှာ ပြုလုပ်ခဲ့တဲ့၊ ပြုလုပ်နေကြဆဲဖြစ်တဲ့ မည်သည့် သီချင်းဆိုပြိုင်ပွဲတွေနဲ့မှမတူတာကိုတော့ The Voice Myanmar က ယနေ့ညမှာ အထင်အရှား ပြသနိုင်ခဲ့ပြန်ပါပြီ။

နွေးထွေးမှု၊ စည်းလုံးညီညွတ်မှု၊ ခင်မင်မှုများနဲ့ နည်းပြရယ် ယှဉ်ပြိုင်သူရယ်လို့ ခွဲခြားခြင်းမရှိပဲ မိသားစုတွေလို ရင်းရင်းနှီးနှီးခံစားမှုမျိုးကို The Voice Myanmar အစီအစဉ်မှာပဲ မြင်တွေ့ကြရတယ်ဆိုတာကို ပရိသတ်တွေ လက်ခံကြလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။

ယနေ့ည ယှဉ်ပြိုင်ထုတ်လွှင့်ခဲ့ပုံများကို အကြောင်းအမျိုးမျိုးကြောင့် မကြည့်ရှုလိုက်ရသူများအတွက် ထုံးစံအတိုင်း ရသမပျက်အောင် ကြိုးစားဖော်ပြပေးလိုက်ပါတယ်။
အကယ်၍ ပြန်လည်ကြည့်ရှုချင်တယ်ဆိုရင်တော့ နောက်တစ်ပတ် စနေနေ့ ည ၉ နာရီ MRTV 4 မှာပဲ Rerun ကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ (အရမ်းကောင်းလွန်းလို့နော်)

ဒီနေ့ညအတွက် ပထမဦးဆုံး ပြိုင်ပွဲဝင်ကတော့ မြစ်ကြီးနားမြို့က “ဂျဝါအောင်မွန်း” ဖြစ်ပါတယ်။ သူစင်မြင့်ထက်ကို တက်လာချိန်မှာတော့ ပရိသတ်တွေဆီက “ဝိုး” ဆိုတဲ့အသံတွေ ထွက်လာတာကြောင့် နည်းပြလေးဦးက “ဘာကြောင့်လဲဟ” လို့ ပဟေဋိဆန်ခဲ့ရပါတယ်။

“ဂျဝါအောင်မွန်း” က အာဇာနည်ရဲ့ ကီးအရမ်းမြင့်တဲ့ “စည်းတစ်ဖက်ခြား” ကို သီဆိုခဲ့ပါတယ်။ ကီးမြင့်တဲ့သီချင်းဖြစ်လို့ သူသီဆိုနေတဲ့ အပိုဒ်တိုင်းကို နည်းပြတွေက ရောက်အောင် ဆိုနိုင်ပါ့မလားဆိုတဲ့ စိတ်နဲ့ နားစိုက်ထောင်နေတာကို တွေ့ရပါတယ်။

သီချင်းအဆုံးပိုင်း ရောက်လာပေမယ့် နည်းပြတွေကတော တစ်ယောက်မှ လှည့်မလာသေးပါဘူး “ဂျဝါအောင်မွန်း” ဘာတွေထပ်ပြီး ပညာပြဦးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

ဒါ့အပြင် အားလုံးနဲ့ မိတ်ဆက်ကြတဲ့အချိန်မှာ နည်းပြတစ်ဦးဖြစ်တဲ့ နီနီခင်ဇော်က အကြားအမြင်ဆရာမတစ်ယောက်လို ခန့်မှန်းပြောဆိုမှုတွေက မှန်လွန်းတဲ့အတွက် ကျားပေါက်တစ်ယောက် ထွက်ပြေးချင်လောက်အောင် အံ့သြခဲ့ရပါတယ်။
ထူးခြားတဲ့ရသတစ်ခုကို မြင်တွေ့စေချင်လို့ ကိုယ်တိုင်သာကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ။


ဒုတိယမြောက် ပြိုင်ပွဲဝင်ကတော့ အမျိုးသမီးအဆိုရှင် “စီစီ” ဖြစ်ပါတယ်။ သူမရဲ့အနုပညာအပေါ် အားမပေးတဲ့ အသိုင်းတစ်ခုကို သူဘာလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့အတွက် ချင်းတောင်ကနေ The Voice Myanmar ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ “စီစီ” က “ချယ်ရီမြို့” သီချင်းနဲ့ ယှဉ်ပြိုင်ရင်း သူ့ရဲ့အသိုင်းအဝိုင်းက သူရဲ့အနုပညာကို အသိမှတ်ပြုလာအောင် သက်သေပြနိုင်ပါ့မလားဆိုတာ အားပေးကြပါဦး။


နောက်တစ်ဦးကတော့ မိုးကုတ်ကနေ လာရောက်ယှဉ်ပြိုင်တဲ့ “Waii Ryan (ဝေယံ)” ဖြစ်ပါတယ်။ သူ့ဘဝမှာ အဖြစ်ချင်ဆုံးက Rock သီချင်းတွေနဲ့ အောင်မြင်ထင်ရှားတဲ့ ရောခ့်ကာတစ်ဦးပါ။

Blind Audition မှာ သူအရွေးမခံခဲ့ရဘူးဆိုရင်တော့ နယ်ပြန်ရမှာ ဖြစ်လို့ နယ်မပြန်ချင်သေးဘူးလို့ ဆိုပါတယ်။ ထူးအယ်လင်းရဲ့ “အိန်ဂျယ်တယော” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ နည်းပြတွေ လိုက်ရှာနေတဲ့ ထူးခြားတဲ့ အသံပိုင်ရှင်တစ်ယောက်လား၊ ဒါမှမဟုတ် ဝေယံတစ်ယောက် နယ်ကိုပြန်သွားခဲ့ရမလားဆိုတာ စိတ်လှုပ်ရှားစရာပါ။

 

အဆိုတော်တွေထဲမှာ လေးဖြူကို အားကျပြီး အချစ်သီချင်းတွေသာမက ဘဝအတွက်ခွန်အားဖြစ်စေမယ့် သီချင်းမျိုးတွေကိုလည်း နှစ်သက်တယ် ဆိုချင်တယ်လို့ ပြောလာသူက “စောသောထူး” ဖြစ်ပါတယ်။

ဧရာဝတီတိုင်းက လာရောက်ယှဉ်ပြိုင်တဲ့ ကရင်တိုင်းရင်းသားလေးပါ။ သူ့ရဲ့အစ်ကိုကတော့ အားပေးဖို့လိုက်လာရင်း စိတ်လှုပ်ရှားတတ်တဲ့ သူ့ညီအတွက် စိတ်ပူနေပါတယ်။ “အသည်းကွဲသူ” သီချင်းနဲ့ ယှည်ပြိုင်ခဲ့တဲ့ “စောသောထူး” နည်းပြတွေ လှည့်ကြည့်အောင် သီဆိုနိုင်ခဲ့ပါရဲ့လား။



မန္တလေးက လာ​ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် “သြသြ” ဖြစ်ပါတယ်။ Unplugged ဝိုင်းလေးတွေမှာ သီဆိုနေကျဖြစ်လို့ ပရိသတ်ဆိုတာ သူ့အတွက် အရမ်းကြီးစိမ်းမနေပေမယ့် နည်းပြလေးဦးရဲ့ ရှေ့မှာ သီဆိုပြီး သူတို့လှည့်ကြည့်လာအောင် လုပ်ဖို့ကတော့ သူ့အတွက် ရှိန်နေတယ်လို့ အစပိုင်းမှာပြောခဲ့ပါတယ်။

“လမ်းခွဲ” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ “သြသြ” ကို နည်းပြတွေက ဘယ်လိုအဆုံးအဖြတ်တွေ ပြန်ပေးမှာလဲဆိုတာက ရင်ခုန်စရာကောင်းပါတယ်။
ဒီထက် အံ့သြစရာကောင်းတာကတော့ ဆိုပြီးသွားလို့ ပုံမှန်အတိုင်း နည်းပြခုံတွေ ပြန်လှည့်လာချိန်မှာ နီနီခင်ဇော်က “သြသြ” ကို သူမတစ်ခါမှ မမြင်ဘူး၊ မသိဘူး၊ မကြားဖူးခဲ့ပေမယ့် “မန္တလေး” က မဟုတ်လားလို့ ဒတ်ထိပြောလိုက်ချိန်မှာ ပရိသတ်တွေနဲ့ အခြားနည်းပြတွေပါ အရမ်းအံ့သြသွားခဲ့ပါတယ်။

နီနီခင်ဇော်က ဘာကြောင့် ဒီလောက်တောင် အတိကျပြောနိုင်နေတာပါလဲ..၊ အကြားအမြင်များရနေလားဆိုတာ စိတ်လှုပ်ရှားစရာကောင်းလွန်းပါတယ်။ ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ပါ။

 


ဒီတစ်ခေါက် Blind Audition မှာ နည်းပြတွေကို လှုပ်ရွလှုပ်ရွဖြစ်စေခဲ့သူက “Jennet Pari” ဖြစ်ပါတယ်။ ချင်းပြည်နယ် ကလေးမြို့ဇာတိဖြစ်ပြီး အနုပညာနဲ့ ပက်သက်ရင် အဆိုပိုင်းသာမက ပြဇာတ်တွေမှာပါ ပါဝင်ကပြသူပါ။

“Blank Space” သီချင်းကို မြူးမြူးကြွကြွနဲ့ စဆိုလိုက်ပြီဆိုရင်ပဲ နည်းပြတွေအားလုံး လှုပ်ရွလှုပ်ရွ ဖြစ်လာကြပါတယ်။ သူနှိပ်မယ် ငါနှိပ်မယ်နဲ့ ခလုပ်နားဆီမှာ အားလုံးရဲ့လက်တွေက ရစ်ဝဲနေကြပါတယ်။
ဒါပေမယ့် ခုနောက်ပိုင်းမှာ နည်းပြတွေက သီချင်းကို ဆုံးအောင်နားထောင်ပြီးမှသာ ဆုံးဖြတ်လာကြတဲ့အတွက် သူတို့ တစ်ကယ်ပဲ ခလုပ်နှိပ်ဖြစ်လိုက်ကြရဲ့လားဆိုတာကတော့ ကိုယ်တိုင်ကြည့်စေချင်လို့ ချန်လှပ်ခဲ့ပါရစေ။
 

 


နီနီခင်ဇော်ရဲ့ အောင်မြင်နေဆဲသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Bad Boy” နဲ့ သီဆိုယှဉ်ပြိုင်လာသူက “ဝေနှင်းမောင်” ဖြစ်ပါတယ်။ ဧရာဝတီတိုင်း ကြံခင်းမြို့ဇာတိဖြစ်ပြီး ရန်ကုန်မှာ အဒေါ်တွေနဲ့ အတူနေထိုင်သူဖြစ်ပါတယ်။

ဗားရှင်းပြောင်းလဲထားတဲ့ သီချင်းကို သူမရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသံနဲ့ ဆိုလိုက်တဲ့အခါ သီချင်းအသစ်တစ်ပုဒ်လို ဖြစ်သွားပြီး နားထောင်ရသူတွေ ကြက်သီးထရလောက်အောင် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြတွေ တစ်ဦးမှ တုပ်တုပ်မလှုပ်သေးပါဘူး၊ ဒါဟာ ယှဉ်ပြိုင်သူအတွက် စိုးရိမ်စရာကောင်းသလို နည်းပြတွေအတွက်လည်း နှိပ်တာ နည်းနည်းလေး နောက်ကျတာနဲ့ နှမြောစရာတွေ ဖြစ်သွားမှာပါ၊ ပရိသတ်တွေအတွက်တော့ အဲဒီနှစ်ဖက်လုံးကိုယ်စား ဘေးကနေ ကြည့်နေရတဲ့ ခံစားမှုကတော့ ဘာနဲ့မှတောင် မနှိုင်းပြတတ်ပါဘူး.. ရင်မောရပါတယ်။

 



ပိန်ပိန်သွယ်သွယ်နဲ့ ကောင်မလေးကတော့ “သက်ထားစု” ပါ ဆယ်တန်းအောင်ပြီးခါစ တက္ကသိုယ်ပထမနှစ် ကျောင်းသူလေး ဖြစ်ပါတယ်။ အချိန်အကြာကြီး နေမကောင်းဖြစ်ခဲ့တဲ့ သူမကို မိခင်ဖြစ်သူက “သမီးကျန်းမာရေးကောင်းရင် သီချင်းဆိုပြိုင်ပွဲတွေ ဝင်ခွင့်ပြုမယ်” လို့ ကတိပေးခဲ့တာကြောင့် အဲဒီစိတ်နဲ့ ပြန်လည်ကျန်းမာလာပြီး The Voice Myanmar ပြိုင်ပွဲကြီးဆီ ရောက်လာခဲ့သူပါ။

“ကျွန်မ” ဆိုတဲ့ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်မတစ်ယောက် ကံကောင်းနိုင်ပါ့မလား..?

 



The Voice Myanmar အစီစဉ်က မည်သည့်သီချင်း အမျိုးအစားကိုမဆို ခွဲခြားမှုမရှိပဲ သမာသမတ်ကျကျ ညီမျှစွာလက်ခံကြိုဆိုတယ်ဆိုတာကို ဒီတစ်ပတ်ရဲ့ နောက်ဆုံး ပြိုင်ပွဲဝင် “Woofer” သီဆိုယှဉ်ပြိုင်ချိန်မှာ သက်သေပြနိုင်ခဲ့ပါတယ်။

“Woofer” ကတော့ ACID အဖွဲ့ကို အားကျခဲ့ရပြီး ဟစ်ဟော့ပ်လမ်းကြောင်း တစ်ခုပေါ်မှာ ခုချိန်ထိ လျှောက်လှမ်းနေဆဲဖြစ်ပါတယ်။ တစ်ဖက်ကလည်း Network အင်ဂျင်နီယာတစ်ယောက်အဖြစ် မိသားစုကို တာဝန်ကျေနေသူတစ်ဦး ဖြစ်ပါတယ်။

ဟစ်ဟော့ပ်ဆရာတစ်ပါးဖြစ်တဲ့ J.Me ရဲ့ “ဒါမင်းဘဝ” သီချင်းနဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဟစ်ဟော့ပ်သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့လို့ “Woofer” အတွက် ဘယ်နည်းပြတွေက လှည့်လာမယ်ထင်ပါသလဲ..?
နည်းပြတွေကို ပြန်ရွေးချယ်ခွင့်ရခဲ့ရင် “Woofer” က ဘယ်သူကို ရွေးချယ်မယ်ထင်ပါသလဲ..?

မပြောတော့ဘူး.. ရန်ရန်ချန်းက J.Me ကို ပြိုင်ပွဲအတွင်းမှာ တိုက်ရိုက်ကြီးဖုန်းခေါ်တာတွေ..
မပြောတော့ဘူး.. ဟစ်ဟော့သီချင်းတစ်ပုဒ်ကို နည်းပြအားလုံးနဲ့ “Woofer” တို့ တွဲဆိုတာတွေ..
မပြောတော့ဘူး ဆိုပေမယ့် ပြောမိသွားတယ်ထင်ပါတယ်..
မနေနိုင်လွန်းလို့ အရဲစွန့်ပြောမိတာပါ.. ကိုယ်တိုင်ကြည့်လိုက်ရင် အရမ်းအရမ်း လန်းတယ်ဆိုတာကို ခံစားရမှာ အသေချာပါပဲ..
The Voice Myanmar က Hip Hop အသိုင်းအဝိုင်းကိုလည်း နွေးထွေးစွာ ကြိုဆိုလျှက်ပါ။


တစ်ပတ်ထက်တစ်ပတ် ပိုပိုကောင်းလာတဲ့၊ ပိုပိုအရှိန်မြင့်လာတဲ့ The Voice Myanmar အစီစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ ည ၉ နာရီ MRTV 4 မှာ အားပေးကြည့်ရှုနိုင်ပါတယ်။
အကယ်၍များ လွတ်သွားခဲ့ရင် ပြန်လည်ထုတ်လွှင့်ပြသမှု Rerun ကိုတော့ စနေနေ့ည ၉ နာရီ MRTV 4 မှာ မပျက်မကွက် စောင့်ကြည့်နိုင်ပါတယ်။
 

News