News

ပထမဦးဆုံး LIVE Show ညနဲ့ ပရိသတ်တွေရဲ့ သဘောထား

7 May 2018

1,400 Views


ဧပြီ ၂၉ ရက် တနင်္ဂနွေညက The Voice Myanmar ရဲ့ ပထမဦးဆုံး LIVE Show week ယှဉ်ပြိုင်မှုများကို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်တာဖြစ်လို့ ပြိုင်ပွဲဝင်တွေနဲ့ နည်းပြတွေသာမက ကြည့်ရှုသူပရိသတ်တွေလည်း ရင်ခုန်နေခဲ့ကြပါတယ်။

LIVE Show မှာတော့ ပြိုင်ပွဲဝင်တွေရဲ့ ကံကြမ္မာ အဆုံးဖြတ်ချက်ကို ပရိသတ်တွေကလည်း Voting စနစ်နဲ့ ဝင်ရောက်ရွေးချယ်နိုင်လို့ ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။


အဲ့ဒီနေ့ညက Live Show မှာ နည်းပြတစ်ဦးဖြစ်တဲ့ နီနီခင်ဇော်က အဖြူရောင်အင်္ကျီလေးနဲ့ သန့်ပြန့်လှပနေသလို ကိုယ်တော်ချော သုံးယောက်ကလည်း ကိုယ့်စတိုင်နဲ့ကိုယ် ခန့်ညားနေကြပါတယ်။

LIVE ရိုက်ကူးထုတ်လွှင့် ယှဉ်ပြိုင်တဲ့ ပထမဆုံးနေ့ ဖြစ်တာမို့ နည်းပြတွေအားလုံးကလည်း သူတို့ရဲ့ ပြိုင်ပွဲဝင်တွေအတွက် စိုးရိမ်စိတ်ကလေးတွေ မျက်နှာတွေပေါ်မှာ ပြေးလွှားနေတာကို တွေ့ခဲ့ရပါတယ်။

ဒီနေ့ည ပထမဦးဆုံး ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံထားရတဲ့ အဖွဲ့ကတော့ Team YC “ရန်ရန်ချန်း” ရဲ့ အဖွဲ့ဖြစ်ပါတယ်။
အစီစဉ်တင်ဆက်သူ ကိုတေဇာရဲ့ ကြေညာမှုနဲ့အတူ မဲပေးနိုင်ဖို့ Voting line တွေ ဖွင့်လိုက်တဲ့အခါမှာတော့ ပထမဦးဆုံး ယှဉ်ပြိုင်ဖို့ စင်မြင်ထက်ကို တက်လာသူက “သော်ဒီ”..။


“Apologize” သီချင်းကို နောက်ခံလှုပ်ရှားမှု အကအဖွဲ့လေးတွေနဲ့ ဝန်းရံပြီး သော်ဒီက စတင်ယှဉ်ပြိုင်ပါပြီ။ အင်္ဂလိပ်သီချင်းတွေကို ပီပီပြင်ပြင်သီဆိုတတ်တဲ့ သူ့အတွက် ဒီသီချင်းက အခက်ကြီးမဟုတ်ပေမယ့် ပညာသားပါပါ သီဆိုဟန်လေးတွေ ထည့်ထားဖို့ကိုတော့ အားထုတ်ထားတာ တွေ့မြင်ခဲ့ရပါတယ်။
“သော်ဒီ” ရဲ့ ဗားရှင်းနဲ့ Apologize ကို ကိုယ်တိုင်ခံစားကြည့်ပါဦး။

 


ဒုတိယ ယှဉ်ပြိုင်ရသူက “စိုင်းN” ဖြစ်ပါတယ်။


“စိုင်းN” ကတော့ ဒီနေ့ညမှာ အရင်ပြိုင်ပွဲအပတ်စဉ်တွေကထက် ပိုပြီး တည်တည်ငြိမ်ငြိမ်ရှိနေတာကို သတိထားမိပါတယ်။ ဆရာမြင့်မိုးအောင် ရဲ့ “ရူးတဲ့အိန်ဂျယ်” သီချင်းကို နည်းပြတွေနဲ့ ပရိသတ်တွေ ရူးသွပ်သွားအောင် ဘယ်လို သီဆိုခဲ့လဲဆိုတာ ခံစားကြည့်ပါဦး။

 


ခန္ဓာကိုယ်လေးက ပိန်သွယ်သွယ်လေး ဆိုပေမယ့် သီချင်းဆိုလိုက်ရင် မထင်မှတ်ထားလောက်အောင် ကိုယ်ပိုင်ဟန်နဲ့ သီဆိုလေ့ရှိတဲ့ “စန္ဒီ” က Team YC ရဲ့ တတိယမြောက် နောက်ဆုံးပြိုင်ပွဲဝင်အဖြစ် “Rockabye” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။


တယောတီးနေတဲ့ ကောင်မလေးတွေကြားထဲမှာ အပေါ်ထပ် ကုပ်အင်္ကျီကို မခို့တရို့လေး ဝတ်ထားရင်း သီဆိုနေတဲ့ ဟန်ပုံစံက စွဲဆောင်မှု ဘယ်လောက်ရှိလဲဆိုတာ ကိုယ်တိုင် အကဲဖြတ်ကြည့်ပါဦး။


“စန္ဒီ” ရဲ့ သီဆိုမှုအပြီးမှာ ပရိသတ်တွေ မဲပေးလို့ရအောင် ရုပ်သံကြော်ငြာလေးတွေ ခတ္တဝင်ပေးထားပါတယ်။ အဲဒီနောက်မှာတော့ ကိုတေဇာရဲ့ “အခုချိန်ကနေစပြီး Voting line တွေ ပိတ်လိုက်ပါပြီ“ ဆိုတဲ့ ကြေညာချက်နဲ့အတူ ပရိသတ်ရဲ့ မဲတွေကို စတင်ရေတွက်နေပါပြီ။


တစ်ချိန်ထဲမှာပဲ နည်းပြကြီးဖြစ်တဲ့ “ရန်ရန်ချန်း” ရဲ့ ထင်မြင်ချက်တွေကိုလည်း မေးမြန်းခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ပရိသတ်ရဲ့ Voting အများဆုံးနဲ့ နောက်ဆစ်ဆင့်ကို “စိုင်းN” က တက်သွားခဲ့ပါတယ်။
“သော်ဒီ” နဲ့ “စန္ဒီ” တစ်ယောက်ယောက်ကို ရန်ရန်ချန်းက မဖြစ်မနေရွေးရမှာဖြစ်ပါတယ်။ ရန်ရန်ချန်းက သူနဲ့ ရှေ့ခရီးကို ဆက်ဖို့ “သော်ဒီ” ကို ရွေးချယ်ခဲ့ပါတယ်။


ယှဉ်ပြိုင်မှု ဒုတိယအဖွဲ့အဖြစ် Team Lynn “လင်းလင်း” ရဲ့ အဖွဲ့က ယှဉ်ပြိုင်ခဲ့ပါတယ်။
ရောခ့်စတိုင် နဲ့ စတိတ်စင်အလယ်မှာ နေရာယူထားတာက “ဆုလဲ့နှင်း” ဖြစ်ပါတယ်။ Blind Audition, Battle Round တို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပုံစံမျိုးမဟုတ်ပဲ ဒီနေ့ညမှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိနေပါတယ်။


Guns N’ Roses အဖွဲ့ရဲ့ “Sweet Child O’ Mine” သီချင်းနဲ့ သူရဲ့အသံပါးပါးလေးက အရမ်းကို လိုက်ဖက်နေပါတယ်။ “ဆုလဲနှင်း” ရဲ့ ယှဉ်ပြိုင်မှုကို အားပေးပါဦး။



မန္တလေးသားကြီး “ငွေစိုး” ကတော့ ဂစ်တာကို ကိုယ်တိုင်တီးရင်း သီဆိုယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပါပြီ။

သူ့ရဲ့ ပုံစံအတိုင်း ခပ်အေးအေးနဲ့ သီချင်းကို ခံစားမှုထည့်ပြီး သီဆိုတတ်တာမို့ ဖိုးကာ ရေးထားတဲ့ “ရင်ချင်းဆက်ချည်တဲ့ကြိုး” ကို သီချင်းအသစ်တစ်ပုဒ်အလား ထင်ရလောက်အောင် သီဆိုယှဉ်ပြိုင်သွားနိုင်ခဲ့ပါတယ်။

 


တတိယမြောက် ပြိုင်ပွဲဝင်အဖြစ် ဂါဝန်အနက်ရောင်နဲ့ လှပနေတဲ့ “စီစီ” ဖြစ်ပါတယ်။ သူသီချင်းဆိုတာကို အားမပေးတဲ့ ဆွေမျိုးတွေကို သူမရဲ့ အရည်အချင်းတွေ ချပြရင်း တစ်ဆင့်ပြီးတစ်ဆင့် Live Show ထိ ရောက်လာခဲ့သူဖြစ်ပါတယ်။


ကမ္ဘာကျော် Titanic ရုပ်ရှင်ဇာတ်ကားထဲ့က “My Heart Will Go On” သီချင်းနဲ့ “စီစီ” ရဲ့ ယှဉ်ပြိုင်မှုကို အကဲဖြတ်ပေးကြပါဦး။


Voting line တွေကို ပိတ်ဖို့အချိန်ရောက်လာပြန်ပါပြီ။
နောက်ဆုံးမှ သီဆိုတဲ့သူအတွက် Voting စနစ်ဟာ မညီမျှဖူးလို့ ပြောဆိုဝေဖန်တာတွေ ရှိနေပေမယ့် တစ်ကယ်တမ်းကျတော့ ကြေငြာဝင်နေချိန်မှာ ကိုယ်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို Vote ပေးဖို့ အချိန်ကောင်းကောင်းရပါတယ်။
ဒါကြောင့်မို့ ရှေ့ပဲဖြစ်ဖြစ် နောက်ပဲဖြစ်ဖြစ် ပရိသတ်က တစ်ကယ်ကြိုက်နှစ်သက်မှ အားပေးတာ ဖြစ်လို့ Voting ရလာဒ်ဟာ ပရိသတ်တွေရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်း ဖြစ်သွားပါတယ်။


Team Lynn ရဲ့ သုံးယောက် ယှဉ်ပြိုင်မှုမှာ “ငွေစိုး” က Voting အများဆုံးနဲ့ နောက်တစ်ဆင့် တက်သွားခဲ့ပါတယ်။ “ဆုလဲ့နှင်း” နဲ့ “စီစီ” တို့နှစ်ဦးထဲကမှ လင်းလင်းက “စီစီ”ကို နောက်တစ်ဆင့်အတွက် ရွေးချယ်သွားခဲ့ပါတယ်။


နောက်တစ်ဖွဲ့ကတော့ Team NiNi “နီနီခင်ဇော်” ရဲ့ အဖွဲ့ဖြစ်ပါတယ်။ Voting line တွေကိုလည်း အဆင့်သင့်ဖွင့်ထားလိုက်ပါပြီ။

ပထမဆုံး တစ်ယောက်က “Grace Monica” ပါ။ Little Mermaid ကာတွန်းကားထဲက ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Part of your world” သီချင်းကို ယှဉ်ပြိုင်သွားတာဟာ တစ်ကယ့်ကို ပြဇာတ်တစ်ပုဒ် Musical တစ်ခုကို ကြည့်နေရသလို မြူးကြွသွက်လက်နေတာကို အံ့မခမ်းတွေ့ခဲ့ရပါတယ်။

သီချင်းအပြီးမှာ နည်းပြတွေကိုယ်တိုင် လုံးဝ ချီးကျူးခဲ့ရတဲ့ ပြိုင်ပွဲဝင်ဖြစ်ပါတယ်။

 


ဒုတိယတစ်ဦးကတော့ “Andrew” ဖြစ်ပါတယ်။ မင်းချစ်သူ ရေးသားပြီး လေးလေးဝါး သီဆိုခဲ့တဲ့ “လေထဲကဖယောင်းတိုင်” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

“Andrew” က အမှားအယွင်းမရှိပဲ သပ်သပ်ရပ်ရပ် သီဆိုသွားနိုင်ခဲ့ပါတယ်။

 


နီနီခင်ဇော်ရဲ့ အဖွဲ့ထဲမှာ ဂီတအခြေခံကောင်းတွေနဲ့ အလားအလာကောင်းတွေရှိနေတယ်လို့ ပြောလို့ရမယ့် ပြိုင်ပွဲဝင် “Jubilee Tun” က နောက်ဆုံးတစ်ယောက်အဖြစ် Air Supply ရဲ့ သီချင်းအခက်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ “Making Love out of nothing at all” ယှဉ်ပြိုင်ခဲ့ပါတယ်။


ထုံစံအတိုင်း နောက်တစ်ဆင့်တက်ဖို့ ဆုံးဖြတ်ရမယ့်အချိန် ရောက်လာပြန်ပါပြီ။ ဒီတစ်ခါ ပရိသတ်ရဲ့ မဲပေးမှုအများဆုံးရရှိခဲ့သူက “Grace Monica” ဖြစ်ပါတယ်။ ပရိသတ်ရဲ့ ရွေးချယ်မှု မှန်ကန်လို့ အံ့သြစရာမရှိပေမယ့် နီနီခင်ဇော်အတွက် “Andrew” နဲ့ “Jubilee Tun” တစ်ယောက်ယောက်ကို ရွေးချယ်ဖို့ အကြီးအကျယ်အခက်တွေ့နေရပါပြီ။


နီနီကမျက်စိကိုစုံမှိတ် အချိန်ယူကာ သေချားစဉ်းစားပြီးမှ “Andrew” ကို ရွေးချယ်ခဲ့ပါတယ်။ အမှားအယွင်းအချွတ်အချော်လေးတွေ လုပ်ခဲ့မိတဲ့ “Jubilee Tun” ကို လက်မလွှတ်ချင်ပဲ နီနီလက်လွှတ်ခဲ့ရပါတယ်။ ဒါဟာ အနုပညာအပေါ်မှာ ထားရှိတဲ့ နီနီခင်ဇော်ရဲ့ သစ္စာတရားပါပဲလို့ နားလည်လိုက်မိပါတယ်။


နောက်ဆုံးအဖွဲ့ကတော့ “Team KP” ကျားပေါက်နဲ့ အဖွဲ့ဝင် ၃ ဦးပါ။
ပထမဦးဆုံး တစ်ယောက်ကတော့ “ရိုးရိုး” ပါ။ ရီဟာဆယ်လ် အင်တာဗျူးလေးတွေ ပြတော့ သီချင်းဆိုတဲ့စတိုင်နဲ့ပက်သက်ပြီး ကျားပေါက် က ရိုးရိုးကို ခပ်ဆတ်ဆတ်လေး ဆူထားတာတွေ့ရပါတယ်။ ကျားပေါက်ကိုယ်တိုင်ကလဲ ကျွန်တော်သူ့ကို နဲနဲဆူထားတယ်လို့ Live မှာ ပြောသွားခဲ့ပါတယ်။


စိုင်းထီးဆိုင် သီဆိုထားတဲ့ “စဉ်းစားပါဦး” သီချင်းကို ရိုးရိုးက ကိုယ်တိုင် ဂစ်တာတီးပြီး ငြိမ်ငြိမ်လေး သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ (သူလည်း မျက်နှာတော့ သိပ်မကောင်းပါ)



ထူးထူးဆန်းဆန်း နာမည်က “မြက်” ကို ကကြီးသတ်နဲ့ပါလို့ လူတစ်ကာကို ရှင်းပြနေရတဲ့ “မြက်မြက်မျိုးထက်” က The Beatles ရဲ့ “I want to hold your hand” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

 


နောက်ဆုံးတစ်ယောက်ကတော့ ကျားပေါက်ရဲ့ အဖွဲ့ထဲမှာ ပရိသတ်အားပေးချစ်ခင်မှုတွေ ရှိထားနှင့်ပြီးသားဖြစ်တဲ့ “ဂျဝါအောင်မွန်း” ဖြစ်ပါတယ်။ “အမှတ်တရညနေ” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။


Voting နဲ့ ဆုံးဖြတ်ရတော့မယ့် အချိန်မှာတော့ “မြက်မြက်မျိုးထက်” က မဲအများဆုံး ရရှိခဲ့ပါတယ်။
တစ်ယောက်ပခုံးကို တစ်ယောက်ဖက်ထားတဲ့ “ရိုးရိုး” နဲ့ “ဂျဝါအောင်မွန်း” တို့နှစ်ယောက် ကျားပေါက်ရဲ့ အဆုံးအဖြတ်ကို ရင်ခုန်စွာ မျှော်လင့်နေကြပါတယ်။

“ဂျဝါ” လို့ ကျားပေါက်က တစ်လုံးထဲ ရေရွတ်လိုက်ပါတယ်။
“ရိုးရိုး” ကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်မှာ ဖြစ်လို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် ပရိသတ်တွေ ဆက်လက်အားပေးကြပါဦးလို့ နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။

LIVE Show ပထမအဆင့်ရဲ့ ယှဉ်ပြိုင်မှု ပထမပိုင်းကတော့ ဒီနေရာမှာတင် ခတ္တနားခဲ့ပါတယ်။ မေလ ၆ ရက်နေ့ ညမှာ အသင်း ၄ သင်းက ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင် ၃ ဦးစီ ဆက်လက်ယှဉ်ပြိုင်ကြဦီးမှာဖြစ်ပါတယ်။

ရင်ခုန်စိတ်လှုပ်ရှားစရာ The Voice Myanmar ရဲ့ အစီစဉ်များကို MRTV 4 ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္ဂနွေနေ့ ည ၉ နာရီမှာ ထုတ်လွှင့်ပြသလျှက်ရှိပြီး ပြန်လည်ပြသမှု Replay ကိုတော့ စနေ့နေ့ည ၉ နာရီမှာ ပြန်လည် ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးရင်းနဲ့ နောက်တစ်ပတ် Battle Round ကို စောင့်မျှော်လိုက်ပါဦးနော်။

The Voice Myanmar ရဲ့ လှုပ်ရှားမှုတွေ အားလုံးကို Official Facebook Page ဖြစ်တဲ့ www.facebook.com/thevoicemyanmar ကို LIKE လုပ်ထားပြီး ဖတ်ရှုနိုင်သလို YouTube ဖြစ်တဲ့ www.youtube.com/thevoicemyanmar မှာလည်း ထုတ်လွှင့်ပြသမှု ရုပ်သံဗီဒီယိုများအားလုံးကို တစ်စုတစ်စည်းထဲ ကြည့်ရှုနိုင်ပါတယ်။
 

News