News

LIVE Show ဒုတိယအဆင့် ပြိုင်ပွဲဝင်များအပေါ် အကြိုသုံးသပ်ချက်

13 May 2018

1,406 Views


ဒီနေ့ည ယှဉ်ပြိုင်မယ့် LIVE Show ကတော့ တစ်ကယ့် ပွဲကြီးပွဲကောင်းဖြစ်မှာ ၁၀၀% သေချာနေပါတယ်..
အခုတစ်ပတ် LIVE Show ဒုတိယအဆင့်မှာ Team KP (ကျားပေါက်) နဲ့ Team YC (ရန်ရန်ချန်း) တို့ နှစ်ဖွဲ့ထဲ ယှဉ်ပြိုင်မှာပါ။

ကျားပေါက်ရဲ့အဖွဲ့မှာဆိုရင် -
၁။ နှင်းအိနြေ္ဒရှင်
၂။ ဂျဝါအောင်မွန်း
၃။ မြက်မြက်မျိုးထက်
၎။ ရဲနိုင်ထူး

 

ရန်ရန်ချန်းရဲ့အဖွဲ့မှာတော့ -
၁။ ခိုင်မြဲသစ္စာ
၂။ Oishi
၃။ စိုင်းN
၎။ သော်ဒီ
တို့ ဖြစ်ကြပါတယ်။

ဒီတစ်ပတ် LIVE Show ယှဉ်ပြိုင်မှုမှာတော့ အဖွဲ့တစ်ဖွဲ့စီက ပြိုင်ပွဲဝင် နှစ်ဦးပဲ နောက်တစ်ဆင့် တက်မှာဖြစ်ပြီး နှစ်ဦးကတော့ နှုတ်ဆက် ထွက်ခွာကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီနေ့ညယှဉ်ပြိုင်သွားကြမယ့် ပြိုင်ပွဲဝင်တွေရဲ့ အခြေအနေတွေနဲ့ ဖြတ်ကျော်ခဲ့ရတာတွေကို အနှစ်ချုပ်ဖော်ပြပေးလိုက်ပါတယ်။

၁။ နှင်းအိနြေ္ဒရှင်


Blind Audition မှာ “Think Of Me” သီချင်းနဲ့ ထူးထူးခြားခြား အော်ပရာပုံစံ သီဆိုခဲ့မှုကြောင့် ပရိသတ်တွေရော နည်းပြတွေ အရပ်းသဘောကျ နှစ်ခြိုက်ခဲ့ရတဲ့ ပြိုင်ပွဲဝင် ဖြစ်ခဲ့ပါတယ်။

ချက်ခြင်းဆိုသလို သူမရဲ့ ဖေ့စ်ဘွခ်မှာ ဝန်းရံတဲ့ ပရိသတ်တွေ တိုးလားခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ သီချင်းက The Voice Global YouTube ရဲ့ Hot This Week စာရင်းဝင်ခဲ့ပါတယ်။

ဒါပေမယ့် “အရှုံးထက်ပိုသော” သီချင်းကို ‘ဝေဝေလှိုင်ဦး” နဲ့ စုံတွဲသီဆို ယှဉ်ပြိုင်ခဲ့ရတဲ့ Battle Round  မှာတော့ ပရိသတ်တွေ မျှော်လင့်ထားသလောက် မပေးစွမ်းနိုင်ခဲ့တဲ့အတွက် အားပေးမှုအရှိန်အနည်းငယ် ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ် အတော်များများကတော့ နောက်တစ်ဆင့်အတွက် သူမအပေါ် ယုံကြည်မျှော်လင့်ချက် ထားနေကြဆဲပါ။

(ပထမဆုံး) LIVE Show သီဆိုယှဉ်ပြိုင်မှုမှာ “Love Of My Life" သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး သူမအတွက် ပရိသတ်တွေ ခွန်အားပြန်တက်လာခဲ့ပါတယ် ဒါပေမယ့် ပရိသတ်ရဲ့ အားပေးမှုအများဆုံး မဲရလဒ်နဲ့တော့ လွဲချော်ခဲ့ရပြီး နည်းပြ "ကျားပေါက်" ရဲ့ ရွေးချယ်မှုနဲ့ အခုည ယှဉ်ပြိုင်မယ့် (ဒုတိယ)LIVE Show အဆင့်ကို တက်လာနိုင်တာဖြစ်ပါတယ်။

ဒီညမှာ သူမရဲ့ ကြိုးစားအားထုတ်မှုက ဘယ်လိုရှိမလဲ..? နောက်တစ်ဆင့်ကိုရော တက်နိုင်သွားမလား..? ဆိုတာ စောင့်ကြည့်ရမှာပါ။


၂။ ရဲနိုင်ထူး


ဆရာဝန်ဘွဲ့ရရှိထားပြီး လက်ရှိမှာတော့ မိသားစုရဲ့ စီးပွားရေးကို ဦးဆောင်နေသူပါ။ အောင်မြင်တဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ချင်တဲ့ ရဲနိင်ထူးကလည်း Blind Audition မှာထဲက တာထွက်ကောင်းခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ “Green Green Grass of Home” သီချင်းနဲ့ နည်းပြ ၄ ဦးစလုံးကို “I Want You” ဖြစ်စေခဲ့သူပါ။

သူ့ရဲ့ သီဆိုယှဉ်ပြိုင်မှုကလည်း The Voice Global YouTube ရဲ့ Hot This Week မှာ စာရင်းဝင်ခဲ့ပါတယ်။ Battle Round အဆင့်မှလည်း ’Timmy’ နဲ့အတူ “Rolling In The Deep” ကို စုံတွဲယှဉ်ပြိုင်ခဲ့ပြီး LIVE Show ပထမအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

LIVE Show ပထမအဆင့်မှာ “Love Me Tender” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှု မဲရလဒ် အများဆုံးနဲ့ LIVE Show ဒုတိယအဆင့်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။
ပင်ကိုယ်အသံလုံးကြီးကြီ:နဲ့ တစ်ဆင့်ထက်တစ်ဆင့် ပိုပြီးကြိုးစားလာတဲ့ “ရဲနိုင်ထူး" တစ်ယောက် ဒီညမှာ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ပါဦးမလား..?


၃။ မြက်မြက်မျိုးထက်


Blind Audition မှာထဲက နည်းပြတွေကို ဇဝေဇဝါဖြစ်အောင် လုပ်ခဲ့တဲ့သူပါ။ “Lay Me Down” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပြီး Blind Audition နောက်ဆုံး အပတ်လဲဖြစ်တာကြောင့် နည်းပြတွေက အကောင်းဆုံကို စကာတိုက်ပြီး ရွေးနေချိန်မှာ ကျားပေါက် ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ခွင့်ရခဲ့ပါတယ်။

Battle Round မှာတော့ “မလိုချင်ဘူးစစ်” သီချင်းကို ‘ကဲကဲ’ နဲ့ အတူတူယှဉ်ပြိုင်ခဲ့ပါတယ်။ တစ်ဆင့်ထက်တစ်ဆင့် သီဆိုမှုပုံစံတွေ သပ်ရပ်လာပြီး ကြိုးစားမှုတွေ ပေါင်းစပ်ထားတာကြောင့် LIVE Show တစ်ဆင့်ကို တက်ခွင့်ရခဲ့ပြန်ပါတယ်။
LIVE Show ပထမအဆင့်မှာ “I Want To Hold Your Hand” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ထင်မှတ်မထားတဲ့ ပုံစံနဲ့ ပရိသတ်အားပေးမှု မဲအများဆုံးရရှိခဲ့တာကြောင့် နည်းပြ ကျားပေါက်ကိုယ်တိုင်တောင် အံ့သြခဲ့ရပါတယ်။

မြက်မြက်မျိုးထက် ကတော့ ပြိုင်ပွဲရဲ့ အဆင့်အလိုက် တရိပ်ရိပ် ပညာတွေ ထုတ်သုံးလာနေပြီမို့ ဒီနေ့ည LIVE Show ယှဉ်ပြိုင်မှုမှာ အခြားပြိုင်ဖက်တွေ သတိထားရမယ့် ပြိုင်ပွဲဝင်ကောင်းတစ်ဦး ဖြစ်ပါတယ်။


၎။ ဂျဝါအောင်မွန်း


သီချင်းဆိုပြိုင်ပွဲ အတွေ့အကြုံတွေလည်း ရှိနှင့်ပြီး အသံပါဝါအားပြင်သူမို့ “ကျားပေါက်” ရဲ့ အဖွဲ့ထဲမှာ အလားအလာကောင်းရှိသူအဖြစ် ပရိသတ်တွေ ခန့်မှန်းထားကြသူတစ်ဦးလည်း ဖြစ်ပါတယ်။

Blind Audition မှာ “စည်းတစ်ဖက်ခြား” ကို သီဆိုလိုက်ကတည်းက ဂျဝါအောင်မွန်းရဲ့ အသံပါဝါကို သိနှင့်ပြီးကြပါပြီ။ Battle Round မှာ “Rock N Roll Show” သီချင်းကို “Waii Ryan” နဲ့ အတူယှဉ်ပြိုင်ခဲ့တဲ့အခါမှာ သူ့ရဲ့ အစွမ်းအစကို ပိုပြီးသိခင့်ရခဲ့ပါတယ်။ ကီးအမြင့်တွေကို ပါဝါအပြည့်နဲ့ သီဆိုနိုင်သလို သက်လုံလည်းကောင်းတဲ့ ပြိုင်ပွဲဝင်တစ်ဦးပါ။

ဒါပေမယ့် ပရိသတ်တွေကိုယ်တိုင် ဝင်ရောက်အကဲဖြတ်တဲ့ LIVE Show ပထမအဆင့် ယှဉ်ပြိုင်မှုမှာတော့ “ဂျဝါ” အတွက် ပရိသတ်တွေရဲ့ လက်ခုပ်သံ နည်းသွားခဲ့ပါတယ်။ မဲရလဒ်အများဆုံးနဲ့ လွဲချော်ခဲ့ပြီးရပေမယ့် LIVE Show ဒုတိယအဆင့်ကို တက်နိုင်ခဲ့ပါတယ်။
ဒီနေ့ညမှာရော “ဂျဝါအောင်မွန်း” အတွက် လက်ခုပ်သံတွေ ပြန်လည်လှိုင်းထဦးမှာလား..? ရှေ့တစ်ဆင့်အတွက် အဆုံးအဖြတ်က ဘယ်လိုလဲဆိုတာ အခုည ၉ နာရီ MRTV 4 မှာ စောင့်ကြည့်ကြရအောင်ပါ။


ရန်ရန်ချန်းရဲ့ အဖွဲ့ဝင်များကို ပြန်လည်လေ့လာကြည့်မယ်ဆိုရင်တော့ -

၁။ ခိုင်မြဲသစ္စာ


မန္တလေးက ဂီတနယ်ပယ်မှာ နာမည်တစ်လုံး ရထားနှင့်ပြီဖြစ်ပေမယ့် နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်ဖို့ The Voice Myanmar Blind Audition ကို ဝင်ခဲ့သူပါ။
Blind Audition မှာ “Stand By Me” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအချိန်လေးမှာမှ “ရန်ရန်ချန်း” ရဲ့ ရွေးချယ်မှုနဲ့ ရှေ့ဆက်ခဲ့သူပါ။ Battle Round အဆင့်မှာ “မိုးစက်ပွင့်လေး” သီချင်းကို ‘Lito’ နဲ့ စုံတွဲယှဉ်ပြိုင်ခဲ့ပြီး “ရန်ရန်ချန်း” နဲ့ ဆက်လက်လက်တွဲခွင့်ရခဲ့ပါတယ်။

LIVE Show ပထမအဆင့်မှာ “မဟောင်းတဲ့နေ့” သီဆိုယှဉ်ပြိုင်မှုအပြီးမှာတော့ ပရိသတ်ရဲ့လက်ခုပ်သံတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ မဲအများဆုံးရပြီး ဒီနေ့ည LIVE Show ဒုတိယအဆင့်ကို ရောက်ခဲ့တာဖြစ်ပါတယ်။

၂။ Oishi


Blind Audition မှာထဲက ဘောင်းဘီတိုလေးနဲ့ ယှဉ်ပြိုင်ခဲ့လို့ ပရိသတ်တွေရော နည်းပြတွေပါ သတိထားမိခဲ့သူပါ။ ဒါကြောင့်သက်သက်တော့ မဟုတ်ပါဘူး၊ သူယှဉ်ပြိုင်ခဲ့တဲ့ “Shape Of You” ကလည်း ဖမ်းစားနိုင်ခဲ့လို့ပါ။

Battle Round မှာလည်း တစ်ကယ်အရည်အချင်းရှိတဲ့ ‘Micky’ နဲ့ “Don’t Let Me Down” သီချင်းကို အတူတူယှဉ်ပြိုင်ခဲ့ရပါတယ်။ Battle Round ကိုလည်း ထပ်မံဖြတ်ကျော်နိုင်ခဲ့ပြန်ပါတယ်။

LIVE Show ပထမနေ့မှာ “Billionaire” သီချင်းကို ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီနေ့ကတော့ Oishi အတွက် ရင်ထိတ်စရာကောင်းခဲ့ပါတယ်။ ပရိသတ်အားပေးမှု အပြည့်ရှိနေခဲ့တဲ့ “Woffer” နဲ့အတူ နည်းပြ ရန်ရန်ချန်းရဲ့ ရွေးချယ်မှုကို ဖြတ်ကျော်ခဲ့ရပါတယ်။
ဒါကြောင့်မို့ ဒီနေ့ည LIVE Show မှာတော့ Oishi အတွက် ပိုပြီးကြိုးစားဖို့ လိုမယ်လို့ ယူဆမိပါတယ်။

၃။ စိုင်းN


သီချင်းအေးအေးလေးတွေကို ခံစားချက်ထည့်ပြီး သီဆိုတတ်တဲ့ စိုင်းN က Blind Audition ကို "ဝဋ်ကြွေး" သီချင်းနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
Battle Round မှာတော့ 'ဖြိုးဟေမာဦး' နဲ့ တွဲဖက်ပြီး "စိတ်ကူးတောင်ပံများ" သီချင်းကို သူ့ရဲ့ပုံစံအတိုင်း သီဆိုနိုင်ခဲ့လို့ LIVE Show ကိုလည်း တက်ရောက်နိုင်ခဲ့ပြန်ပါတယ်။

LIVE Show ပထမနေ့မှာ “ရူးတဲ့အိန်ဂျယ်” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး မထင်မှတ်ထားတဲ့အတိုင်း ပရိသတ်အားပေးမှု မဲအများဆုံးနဲ့ ဒုတိယအဆင့် LIVE Show ကို တက်ရောက်လာနိုင်သူဖြစ်လို့ သူ့ကိုလည်း လျှော့တွက်လို့မရပါဘူး။

၎။ သော်ဒီ


“ရန်ရန်ချန်း” ရဲ့အဖွဲ့မှာ ကီးအမြင့်ဆုံးတွေကို သီဆိုနိုင်တဲ့သူဆိုလို့ “သော်ဒီ” တစ်ယောက်ပဲရှိပါတယ်။ Blind Audition မှာ “စုန်းမ” သီချင်းနဲ့ ပရိသတ်ကို ဖြဲခြောက်ခဲ့တဲ့ တစ်ယောက် ဆိုရင်မမှားပါဘူး (အသံပြောတာပါ)။
Battle Round မှာတော့ သွက်သွက်လက်လက်နဲ့ ရက်ပ်ပင်းတွေပါ ရွတ်နိုင်တဲ့ ‘Priscilia Htike’ နဲ့အတူ “Halo” သီချင်းကို ယှဉ်ပြိုင်ခဲ့တာ ဘယ်လိုမှ မေ့လို့မရနိုင်သေးပါဘူး။

LIVE Show ပထမအဆင့်မှာ “Apologize” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး “ရန်ရန်ချန်း” ရဲ့ ရွေးချယ်မှုနဲ့အတူ LIVE Show ဒုတိယအဆင့်ကို ရောက်လာပြီဖြစ်ပါတယ်။

The Voice Myanmar ပရိသတ်တွေနဲ့ နည်းပြတွေ အားလုံးက အခြားမည်သည့်အကြောင်းပြချက်မျှ မစွက်ပဲ တစ်ကယ်ကောင်းမွန်တဲ့ အဆိုရှင်ကိုသာ မဲပေးရွေးချယ်နေတာဖြစ်လို့ မည်မျှပင်ထင်ကြေးပေးခံနေရသူ ဖြစ်စေကာမှု ကိုယ့်ရဲ့ ကြိုးစားမှုရလဒ်ကသာ အဖြေထုတ်ပေးမှာမို့ ပြိုင်ပွဲဝင်တွေအားလုံး အထူးကြိုးစားရမှာဖြစ်ပါတယ်။

မေ(၁၃)ရက် ယနေ့ည ၉ နာရီ MRTV 4 အစီစဉ်ကနေ The Voice Myanmar ရဲ့ တိုက်ရိုက်ယှဉ်ပြိုင် ရိုက်ကူးထုတ်လွှင့်မှု အစီစဉ်ကို စောင့်မျှော်ကြည့်ရှုကြရင်း ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်တွေကို Voting များများပေးဖို့လဲ မမေ့နဲ့နော်..။

 

News