News

LIVE Show နေ့အတွက် အသင်းနှစ်သင်းအပေါ် ပွဲကြိုသုံးသပ်မှု

18 May 2018

1,453 Views


The Voice Myanmar LIVE Show ဒုတိယအဆင့် ယှဉ်ပြိုင်မှုမှာ “Team Lynn (လင်းလင်း)” နဲ့ “Team NiNi (နီနီခင်ဇော်)” တို့ အသင်းနှစ်သင်း ယှဉ်ပြိုင်ဖို့ ကျန်ရှိနေပါသေးတယ်။
လာမယ့် တနင်္ဂနွေနေ့ (မေလ ၂၀ ရက်) ည ၉ နာရီ MRTV 4 ရုပ်သံကနေ ယှဉ်ပြိုင်မှုကို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှာဖြစ်ပါတယ်။


ဒီအသင်းနှစ်သင်းထဲက ပြိုင်ပွဲဝင်တွေ LIVE Show ဒုတိယအဆင့်ထိ ရောက်လာအောင် တက်လှမ်းခဲ့ရတဲ့ အခြေအနေ၊ တစ်ဦးချင်းစီရဲ့ အားသာချက်တွေကို တစ်စေ့တစ်စောင်း လေ့လာကြည့်ရအောင်ပါ။

“Team NiNi” ထဲမှာ ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင် ၄ ဦးက Andrew၊ ဝေနှင်းမောင်၊ Mark Jason နဲ့ Grace Monica တို့ ဖြစ်ပါတယ်။


Andrew က The Voice Myanmar Blind Audition ပထဦးဆုံးအပတ်မှာ အသံစစ်ဆေးခံခဲ့သူဖြစ်ပြီး “ဖြစ်တတ်ပါတယ်” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ လင်းလင်းနဲ့ နီနီခင်ဇော်တို့ နှစ်ဦးစလုံးရဲ့ ရွေးချယ်မှု ခံခဲ့ရပြီး Andrew က နီနီခင်ဇော်ကို ပြန်လည်ရွေးချယ်ခဲ့ပါတယ်။


Battle Round အဆင့်မှာတော့ “ငါကျေနပ်ပါတယ်” သီချင်းကို ‘ဇော်လေး’ နဲ့ နှစ်ယောက်တူတူ ယှဉ်ပြိုင်ခဲ့ရပြီး LIVE Show အဆင့်ကို တက်လာနိုင်သူပါ။

LIVE Show ပထမအဆင့်ကတော့ Andrew အတွက်ရော နည်းပြ နီနီခင်ဇော်အတွက်ပါ စိတ်လှုပ်ရှားစရာ ကောင်းလွန်းခဲ့ပါတယ်။
“လေထဲကဖယောင်းတိုင်” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ “Jubilee Tun” နဲ့တွဲပြီး နီနီခင်ဇော်ရဲ့ အဆုံးအဖြတ်ကို ခံယူရတဲ့အခိုက်အတန့် ပရိသတ်တွေ အသက်ရှုဖို့တောင် မေ့ခဲ့ရပါတယ်။
ဒါပေမယ့် သီချင်းကို အမှားအယွင်း ကင်းကင်းနဲ့ သီဆိုနိုင်ခဲ့တဲ့အတွက် LIVE Show ဒုတိယအဆင့်ကို Andrew က တက်နိုင်ခဲ့တာဖြစ်ပါတယ်။

>> Andrew ရဲ့ အားသာချက်ကတော့ သီချင်းတစ်ပုဒ်ကို စိတ်အေးအေးထားပြီး အကောင်းဆုံး သီဆိုနိုင်တာပဲဖြစ်ပါတယ်။

 


ဝေနှင်းမောင် ကလည်း နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက လက်ရွေးစင် တစ်ယောက်ဖြစ်ပါတယ်။ အဆိုပိုင်းမှာသာမက ပါဖောင့်မန့်(သရုပ်ပြ)ပိုင်းမှာလည်း ပိုင်နိုင်သူပါ။
Blind Audition မှာ သူယှဉ်ပြိုင်ခဲ့တဲ့ “Bad Boy” သီချင်းက ခုထက်ထိ ပရိသတ်တွေရဲ့ နားထဲမှာ စွဲနေတုန်းဖြစ်ပါတယ်။


Battle Round မှာတော့ သူနဲ့နာမည်ခြင်းဆင်တဲ့ ‘ဝေနှင်းပွင့်’ နဲ့အတူ “HAVANA” သီချင်းကို သူနိုင်ကိုယ်နိုင် အပြိုင်ကြဲခဲ့တာ အတွဲညီပြီး အရမ်းကို ကြည့်လို့ကောင်းခဲ့ပါတယ်။ ဒီလိုနဲ့ LIVE Show ပထမအဆင့်ကို ထိုက်တန်စွာ တက်သွားခဲ့တာပါ။

LIVE Show ပထမအဆင့်မှာတော့ “Let’s Get Loud” သီချင်းကို မြူးမြူးကြွကြွလေး သီဆိုရင်း ပရိသတ်ရဲ့ ထောက်ခံအားပေးမှု မဲရလဒ်အများဆုံးနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

>> ဝေနှင်းမောင်ဆီမှာ မနားမနေကြိုးစားမှု၊ သီချင်းကို ခံစားသက်ဝင်ပြီး သရုပ်ဖော်လှုပ်ရှားမှုတွေနဲ့ တင်ဆက်မှု၊ သီချင်းတိုင်းကို အံဝင်ခွင်ကျဖြစ်အောင် သီဆိုတတ်တဲ့ အားသာချက်တွေကို ပြိုင်ပွဲတိုင်းမှာ တွေ့ရပါတယ်။

 


Grace Monica ကတော့ လက်ရှိ The Voice Myanmar ရဲ့ ပြိုင်ပွဲဝင်တွေထဲမှာ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်လည်းဖြစ်ပါတယ်။ အသက်သာငယ်ပေမယ့် ပညာကမငယ်ဘူးဆိုတာ Blind Audition အဆင့်မှာထဲက သတိထားမိခဲ့ပါတယ်။

“Eyes Nose Lips” သီချင်းကို အသံထွက်ကောင်းကောင်း စည်းချက်မှန်မှန်နဲ့ စိုးရိမ်ကြောင့်ကြမှု လုံးဝကင်းစွာ သီဆိုနိုင်ခဲ့တာက ဂီတအပေါ်ဘယ်လောက်ထိ တန်ဖိုးထားရူးသွပ်တယ်ဆိုတာကို ပြသခဲ့တာပဲဖြစ်ပါတယ်။


Battle Round မှာတော့ သူနဲ့သက်တူရွယ်တူ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ‘သက်ထားစု’ နဲ့အတူ “အိမ်စောင့်သူ” သီချင်းကို တွဲဖက်ယှဉ်ပြိုင်ခဲ့ပြီး LIVE Show အဆင့်ကို တက်နိုင်ခဲ့ပါတယ်။

LIVE Show ပထမအဆင့်မှာတော့ “Grace Monica” ဆိုတာကို ပရိသတ်တွေ အသိမှတ် မပြုလို့မရအောင်ကို ပရိသတ်တွေနဲ့ နည်းပြတွေရဲ့ လက်ခုပ်သံ ပြည့်လျှံခဲ့ပါတယ်။ ကာတွန်းကား ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Part of Your World” ကို ပြဇာတ်တစ်ပုဒ်ကြည့်နေရသလို ခံစားရတဲ့ထိ အသံရော အမူအယာနဲ့ပါ ညို့ငင်နိုင်စွမ်းခဲ့ပါတယ်။
ဒီသီချင်းနဲ့ပဲ The Voice Global ရဲ့ Hot This Week စာရင်းမှာ ရွေးချယ်ဖော်ပြခံခဲ့ရပါတယ်။

>> Grace Monica ရဲ့ အားသာချက်တွေအနေနဲ့ စတိတ်စင်မကြောက်ခြင်း၊ နိုင်ငံခြားသီချင်းတွေကို အသံထွက်ပီသအောင် သီဆိုနိုင်ခြင်း၊ သီချင်းတိုင်းကို ခံစားချက် mood ထည့်ပြီး မချွင်းမချန် အပြည့်အဝ တင်ဆက်နိုင်ခြင်းတို့ဖြစ်တာကို ပွဲစဉ်တစ်လျှောက် သတိထားမိခဲ့ပါတယ်။
 


နောက်ဆုံးအဖွဲ့သားတစ်ဦးကတော့ “Mark Jason” ပါ။ ရန်ကုန်မြို့ရဲ့ Night Life က Unplugged ဆိုင်လေးတွေမှာ သီချင်းဆိုရင်းနဲ့ ဝါသနာပါရာဂီတကို ပျိုးထောင်နေသူမို့ အလားအလာရှိတဲ့ ပြိုင်ပွဲဝင် တစ်ဦးလည်းဖြစ်ပါတယ်။

Blind Audition မှာ “Love Yourself” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး နည်းပြ ၃ ဦး (နီနီခင်ဇော်၊ လင်းလင်း၊ ရန်ရန်ချန်း)တို့ကို သဘောကျနှစ်ခြိုက်စေနိုင်ခဲ့သူဖြစ်ပါတယ်။


Battle Round အဆင့်မှာတော့ “All of Me” သီချင်းကို Jason Ace နဲ့ အတူတူယှဉ်ပြိုင်ခဲ့ရတာကြောင့် Mark Jason အတွက် ပွဲကြပ်တယ်လို့ ပြောရင်ရပါတယ်။
ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ LIVE Show အဆင့်ကို တက်သွားနိုင်ခဲ့ပါတယ်။
သူတို့နှစ်ယောက် သီဆိုယှဉ်ပြိုင်ခဲ့တဲ့ “All of Me” သီချင်းလည်း The Voice Global ရဲ့ “Hot This Week” ထဲ ဝင်နိုင်ခဲ့ပါတယ်။

LIVE Show ပထမအဆင့်မှာတော့ “ဝေဒနာ” သီချင်းနဲ့ ယှဉ်ပြိုင်ရင်း မြန်မာသီချင်းကိုလည်း ပိုငိပိုင်နိုင်နိုင် သီဆိုနိုင်တယ်ဆိုတာ ပရိသတ်ကို သိစေခဲ့သူပါ။ ဒီအတွက်ကြောင့်ပဲ LIVE Show ဒုတိယအဆင့်ကို ရောက်လာခဲ့သူဖြစ်ပါတယ်။

>> Mark Jason ရဲ့ အားသာချက်တွေအနေနဲ့ သီချင်းတစ်ပုဒ်ကို ခံစားသက်ဝင်မှုကောင်းစွာ သီဆိုနိုင်ခြင်း၊ သီချင်းတစ်ပုဒ်လုံးကို နေရာလပ်မရှိအောင် အသံအစွဲအငင်တွေနဲ့ ဗားရှင်းအသစ်တစ်ခုလို ဖန်တီးနိုင်တာတွေကို တောက်လျှောက် တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

“Team NiNi” နီနီခင်ဇော် အဖွဲ့ဟာ လက်ရှိမှာတော့ စွမ်းအားရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကောင်း တစ်သင်းဖြစ်တယ်လို့ ယေဘုယျသုံးသပ်မိပါတယ်။
 

************************


“Team Lynn” ရဲ့ အဖွဲ့ထဲမှာတော့ ပြည့်စေမောင်၊ စီစီ၊ အစ်ရှမ်းပေါင်း နဲ့ ငွေစိုး တို့ ၄ ဦး စကာတင် ကျန်ရှိနေပါသေးတယ်။


The Voice Myanmar က Ip Shen Paung(အစ်ရှမ်းပေါင်း) အတွက် ပထမဦးဆုံး ပြိုင်ပွဲဖြစ်ခဲ့ပေမယ့် Blind Audition မှာထဲက “Runaway Baby” သီချင်းနဲ့ နည်းပြတွေ သိအမှတ်ပြုအောင် ဖမ်းစား နိုင်ခဲ့ပါတယ်။


Battle Round မှာ “သြသြ” နဲ့တွဲပြီး “ခေါ်သံ”သီချင်းကို အပြိုင်အဆိုင်သီဆိုခဲ့ပါတယ်။ အမှားအယွင်းအနည်းငယ် ရှိခဲ့ပေမယ့် နည်းပြ ကိုလင်းလင်းက ရှေ့တစ်ဆင့် LIVE Show အတွက် ရွေးချယ်ခဲ့ပါတယ်။

LIVE Show ပထမအဆင့်မှာတော့ “ချယ်ရီလမ်း” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Ip Shen Paung ကို ပရိသတ်က အသိမှတ်ပြုခဲ့ကြပြီး မဲရလဒ်အများဆုံးနဲ့ LIVE Show ဒုတိယအဆင့်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။

>> တိုင်းရင်းသူလေးလည်းဖြစ်လို့ တိုင်းရင်းသားအသံ ဝဲဝဲလေးက Ip Shen Paung ရဲ့ အားသားချက် တစ်ခုဖြစ်သလို တစ်ဆင့်ထက်တစ်ဆင့် ပိုပြီး ကြိုးစားသီဆိုယှဉ်ပြိုင်လာတဲ့ ဇွဲလုံ့နဲ့ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကလည်း ဘယ်သူနဲ့မှ မယှဉ်နိုင်တဲ့ အားသာချက်တွေအဖြစ် တွေ့မြင်မိပါတယ်။

 


Blind Audition ကနေ Rock သီချင်းအပြင်းစားဖြစ်တဲ့ “ထွက်ပေါက်” နဲ့ စထွက်လာတဲ့ ပြည့်စေမောင် တစ်ယောက် တာထွက် ကောင်းတယ်လို့ ဆိုရမှာပါ။ နည်းပြ ၄ ဦးစလုံးကို လှုပ်ရှားသွားစေခဲ့ပြီး အပြိုင်အဆိုင် ​ရွေးချယ်ခြင်းခံခဲ့ရတဲ့ ပြိုင်ပွဲဝင် တစ်ဦးလည်းဖြစ်ပါတယ်။


Battle Round အဆင့်မှာတော့ နောက်ထပ် Rocker ကြီးတစ်ယောက်ဖြစ်တဲ့ ‘အိမ်လင်းနောင်’ နဲ့ “ဒီလိုလုပ်လိုက်ပါလား” သီချင်းကို အတွဲညီညီယှဉ်ပြိုင်ခဲ့ပြီးနောက်မှာ LIVE Show အဆင့်ကို တက်လာခဲ့တာဖြစ်ပါတယ်။

LIVE Show ပထမအဆင့်မှာတော့ အသံနဲ့သာမကပဲ သရဲမိတ်ကပ်နဲ့ပါ ပရိသတ်ကို အံ့သြသွားအောင် ပြင်ဆင်ခဲ့ပြီး “Zombie” သီချင်းနဲ့ အားရပါးရ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။


>> ပြည့်စေမောင် ရဲ့ အားသားချက်တွေအနေနဲ့ Rock ဂီတအသံ ရောစွက်နေတဲ့ အသံကာလာ၊ အသံပါဝါအားကောင်းပြီး မည်သည့်ဂီတအမျိုးအစားမဆို လိုက်ဖက်ညီအောင် သီဆိုနိုင်တဲ့ စွမ်းရည်တို့ ဖြစ်ပါတယ်။

 

ချင်းတောင်တန်းတွေ ပေါ်ကနေ ကိုယ့်ရဲ့ အနုပညာ ပင်ကိုယ်အသံစွမ်းရည်ကို အားလုံးက အသိမှတ်ပြုလာစေဖို့ ကြိုးစားရင်း Ce Ce တစ်ယောက်လည်း LIVE Show ဒုတိယအဆင့်ကို ရောက်လာခဲ့ပါပြီ။

Blind Audition မှာထဲက “ချယ်ရီလမ်း” သီချင်းနဲ့ နည်းပြတွေရော ပရိသတ်တွေပါအပြင် သူ့ရဲ့ဆွေမျိုးအားလုံးကလည်း သူ့ရဲ့ အနုပညာကို ယုံကြည်ခဲ့ကြပြီဖြစ်ပါတယ်။


Battle Round မှာတော့ နည်းပြ ကိုလင်းလင်းရဲ့ ဖန်တီးပေါင်းစပ်မှုအဖြစ်  “ရင်ခွင်ပျောက်သူ + I Will Always Love You” သီချင်းကို နှစ်ဘာသာ ပေါင်းစပ်ပြီး ‘Ryan Htun’ နဲ့ စုံတွဲ ယှဉ်ပြိုင်ခဲ့ပါတယ်။

LIVE Show ပထမအဆင့်ကို ရောက်တဲ့အခါမှာတော့ သူမရဲ့ အသံပါဝါကို အစွမ်းကုန် ထုတ်ပြနိုင်မယ့် “My Heart will Go On” သီချင်းကို ရွေးချယ်ယှဉ်ပြိုင်ခဲ့ပါတယ်။

>> ပင်ကိုယ်က ဂီတအပေါ် ရှုးသွပ်ပြီး ဝေဖန်မှုတွေကြားကနေ ထိုးဖောက်ထွက်နိုင်အောင် သူ့ရဲ့ အနုပညာကို သက်သေပြနိုင်ခဲ့တယ် ဆိုတဲ့ အချက်တစ်ချက်ထဲနဲ့တင် ဘယ်အရာကိုမဆို ကျော်ဖြတ်သွားမယ့် ခွန်အားတွေက Ce Ce ရဲ့ အားသာချက်တစ်ခု ဖြစ်တယ်လို့ မြင်မိပါတယ်။

 

မန္တလေးသားကြီး “ငွေစိုး” ကို ပရိသတ်တွေက Blind Audition မှာထဲက စတင်သတိထားမိခဲ့ပါတယ်။ ဖြိုးပြည့်စုံရဲ့ “အသည်းကွဲဧည့်သည်” သီချင်းကို ငွေစိုးစတိုင်၊ ငွေစိုးဗားရှင်း ဖြစ်အောင်သီဆိုနိုင်ခဲ့တဲ့သူပါ။


Battle Round မှာ “ချစ်သူများရဲ့ မနက်ဖြန်” သီချင်းကို ‘ထားထား’ နဲ့ စုံတွဲယှဉ်ပြိုင် သီဆိုသွားစဉ်ကလည်း နည်းပြ ကိုကျားပေါက် ကိုယ်တိုင် နှုတ်ခမ်းတွန့်ပြီး အသံတိတ်ချီးကျူးခဲ့ရတဲ့သူ ဖြစ်ပါတယ်။

LIVE Show ပထမအဆင့်မှာ “ရင်ခြင်းဆက်ချည်တဲ့ကြိုး” သီချင်းနဲ့ ပရိသတ်က အပြည့်အဝလက်ခံခဲ့ပြီး ထောက်ခံအားပေးမှု မဲရလာဒ်အများဆုံးနဲ့ LIVE Show ဒုတိယအဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်သွားခဲ့တာပါ။

>> ငွေစိုး ရဲ့ အဓိက အားသာချက်ကတော့ သူ့ရဲ့ပင်ကိုယ်အသံထဲမှာကိုက သံလိုက်လို စွဲငင်နိုင်တဲ့ ဓါတ်သဘောရှိနေပြီး သူဆိုပြတဲ့ သီချင်းသံကို တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်တိုက်နားထားချင်အောင် စွဲဆောင်နိုင်သူ ဖြစ်တယ်လို့ ခံစားရပါတယ်။

“Team Lynn” လင်းလင်းရဲ့ အဖွဲ့အနေနဲ့လည်း တစ်ဦးချင်းစီမှာ မတူညီတဲ့ စွမ်းရည်လက်နက်ကိုယ်စီ တပ်ဆင်ထားကြတဲ့ ဂီတစစ်သည်တွေဖြစ်လို့ ဒီတစ်ပတ် LIVE Show ဒုတိယအဆင့်ကလည်း နည်းပြတွေရော ပရိသတ်တွေပါ ရင်ခုန်စိတ်လှုပ်ရှားကြရဦးမှာ သေချာပါတယ်။

ဒါကတော့ အခုတစ်ပတ်မှာ ယှဉ်ပြိုင်ကြမယ့် “Team NiNi” နဲ့ “Team Lynn” တို့ရဲ့ ပြိုင်ပွဲဝင်တွေအပေါ်၊ သူတို့ရဲ့ ယှဉ်ပြိုင်ခဲ့မှုတွေအရ အကြမ်းသဘော သုံးသပ်တင်ပြခဲ့တာဖြစ်ပါတယ်။

The Voice Myanmar ရဲ့ LIVE Show အဆင့်တွေမှာ ပရိသတ်တွေရဲ့ သဘောဆန္ဒသာ ပဓာန နံပါတ်(၁) ဖြစ်တာကြောင့် ကိုယ်တစ်ကယ်အားပေးတဲ့ ပြိုင်ပွဲဝင်အတွက် Vote လုပ်ကြဖို့က အဓိကကျနေပါတယ်။

ဒါကြောင့်မို့ လာမယ့် မေလ ၂၀ ရက်နေ့ (တနင်္ဂနွေ) ည ၉ နာရီ MRTV 4 ရုပ်သံလိုင်းကနေ ဒုတိယအသုတ် LIVE Show ဒုတိယအဆင့် ယှဉ်ပြိုင်မှုကို စောင့်မျှော်အားပေးကြည့်ရှုကြပါဦး။


The Voice Myanmar ရဲ့ လှုပ်ရှားမှုတွေ အားလုံးကို Official Facebook Page ဖြစ်တဲ့ www.facebook.com/thevoicemyanmar ကို LIKE လုပ်ထားပြီး ဖတ်ရှုနိုင်သလို YouTube ဖြစ်တဲ့ www.youtube.com/thevoicemyanmar မှာလည်း ထုတ်လွှင့်ပြသမှု ရုပ်သံဗီဒီယိုများအားလုံးကို တစ်စုတစ်စည်းထဲ ကြည့်ရှုနိုင်ပါတယ်။

News