News

အလှပဆုံးအနားသတ်နိုင်ခဲ့တဲ့ SEMI FINAL Live Show ည

28 May 2018

1,390 Views


The Voice Myanmar ရဲ့ Semi Final Live Show ကို MRTV 4 ရုပ်သံလိုင်းကနေ မေလ ၂၇ ရက် (တနင်္ဂနွေ) ညက တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားခဲ့ပြီး စကာတင် (၈)ဦး ယှဉ်ပြိုင်ခဲ့ရာမှာ (၄)ဦးကတော့ စိတ်မကောင်းစွာနဲ့ နှုတ်ဆက်ထွက်ခွာ အိမ်ပြန်ခဲ့ကြရပါတယ်။

ပရိသတ်ရဲ့ Voting မဲရလဒ် ၆၀% နဲ့ သက်ဆိုင်ရာနည်းပြတစ်ဦးရဲ့ ရွေးချယ်မှု ၄၀% တို့ ပေါင်းစပ်ပြီး Grand Final အတွက် ပြိုင်ပွဲဝင် (၄)ဦးကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Semi Final အတွက် Voting စနစ်ကတော့ ပြိုင်ပွဲဝင် (၈)ဦးစလုံး စတင်သီဆိုချိန်မှာ Voting Line တွေ ဖွင့်ထားမှာဖြစ်ပြီး အားလုံးသီဆိုပြီးလို့ Special Guest တေးသံရှင်တစ်ဦး သီဆိုပြီးချိန်မှ Voting Line ပိတ်မှာမို့ ပရိသတ်တွေအနေနဲ့ မဲပေးဖို့ အချိန်အများကြီးရခဲ့ပါတယ်။

မနေ့ညက ပထမဦးဆုံးယှဉ်ပြိုင်ခဲ့ရတဲ့ အဖွဲ့ကတော့ TeamYC ရန်ရန်ချန်း အဖွဲ့မှ “သော်ဒီ” နဲ့ “ခိုင်မြဲသစ္စာ” တို့ ဖြစ်ပါတယ်။ ယှဉ်ပြိုင်မှု မစတင်ခင်မှာ “ရန်ရန်ချန်း” က သူ့ရဲ့ အဖွဲ့သားနှစ်ယောက်စလုံးကို ဖြစ်နိုင်ရင် ၄၀% စီအပြည့်ပေးချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အညီအမျှပေးမယ်ဆိုရင်တောင် တစ်ယောက်ကို ၂၀% ပဲ ပေးခွင့်ရှိလို့ သူ့အတွက် ခက်ခဲ့ပါတယ်လို့ ဆိုပါတယ်။

ပထမဦးဆုံး ယှဉ်ပြိုင်ရန် ငွေရောင် တဖိတ်ဖိတ်လက်နေတဲ့ ဂါဝန်အရှည်နဲ့ “ခိုင်မြဲသစ္စာ” က စင်မြင့်ပေါ်ကို တက်လာပါတယ်။ သူကတော့ (ဖြူဖြူကျော်သိန်း) ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “အချစ်မီး” နဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီသီချင်းကို နောက်ခံတေးဂီတ အပြည့်တီးခတ်ခြင်းမရှိပဲ လူတွေရဲ့အသံပံ့ပိုးမှု A cappella ပုံစံနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တာကြောင့် “ခိုင်မြဲသစ္စာ” ရဲ့ ကောင်းမွန်တဲ့ ပင်ကိုယ်အသံကို ပိုပြီးပေါ်လွင်နိုင်စေခဲ့တဲ့အတွက် ထူးခြားတဲ့ ရသတစ်မျိုးကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

“ခိုင်မြဲသစ္စာ”ရဲ့ ယှဉ်ပြိုင်မှုအပြီးမှာတော့ နီနီခင်ဇော်က ပရိသတ်အားလုံးကို သီချင်းနဲ့ ဖမ်းစားနိုင်ခဲ့တဲ့အတွက် မှော်ဆန်တဲ့ သီဆိုမှုလို့ ချီးကျူးခဲ့ပါတယ်။
ကျားပေါက် ကတော့ ဒီသီချင်းကို A cappella ပုံစံနဲ့ သီဆိုတဲ့အတွက် အရမ်းအန္တရာယ်များပါတယ်။ ဒါပေမယ့် လွတ်မြောက်အောင် ကျော်ဖြတ်နိုင်ခဲ့တာကို ချီးကျူးပါတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

 

ဒုတိယတစ်ယောက်အနေနဲ့ “သော်ဒီ” က (ဟန်ထွန်း)ရဲ့ “ရင်ခုန်ဘက်သို့တမ်းချင်း” ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ခံတီးလုံးက စန္ဒားယားသံလေးတစ်ခုထဲနဲ့သာ ပံ့ပိုးတီးခတ် သီဆိုထားတာကြောင့် ဒီသီချင်းကလည်း သော်ဒီရဲ့ အသံကာလာ၊ အသံခွန်အားတွေကို အထင်းသား ပေါ်လွင်စေပါတယ်။

မူရင်းသီချင်းထက် တန်ပိုအနှေးလေးကို ခံစားချက်ထည့်ပြီး စားသားတစ်လုံးခြင်းစီ သီဆိုမှုက အစပိုင်းမှာ သော်ဒီတစ်ယောက် ငိုချလိုက်တော့ မလားလို့ ထင်မှတ်ရစေခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သော်ဒီဟာ သော်ဒီပါပဲ သူ့ရဲ့စတိုင်တွေ အသံအရစ်အဝဲတွေကို ထည့်ပြီးသီဆိုသွားခဲ့တဲ့အတွက် မူရင်းအဆိုရှင် ကိုဟန်ထွန်း ဆိုတာကို မေ့သွားစေနိုင်ခဲ့ပါတယ်။

ယှဉ်ပြိုင်မှုအပြီးမှာ လင်းလင်းက သော်ဒီအနေနဲ့ ဟိုးအစထဲက ကောင်းလာတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် သူ့အနေနဲ့ အများကြီးပြောစရာမရှိဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
နီနီကတော့ ပြိုင်ပွဲဝင်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ့်ရဲ့ အသံကိုကစားနိုင်တဲ့ ပညာတွေကို သီချင်းနဲ့ မသက်ဆိုင်ပဲ ထည့်သုံးမိတာလေးတွေကို ရှောင်ကျဉ်ဖို့ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် သော်ဒီရဲ့ ဖျော်ဖြေခဲ့မှုကို ခံစားသက်ဝင်မှုက ၇၅ကျပ်သား၊ ပညာက ၂၅ကျပ်သား ပေါင်းစပ်ထားလို့ ဒီနေ့ညအတွက် ကျေနပ်ပါတယ်လို့ ဆိုပါတယ်။

ကျားပေါက် ကတော့ သော်ဒီ ဆော်ကြည် ထီပေါက်ပါစေလို့ ရင်းရင်းနှီးနှီး ကျီစယ်အားပေးခဲ့ပါတယ်။

 

ဒုတိယမြောက်အဖွဲ့အဖြစ် TeamLynn “လင်းလင်း” ရဲ့ အဖွဲ့မှ “Ip Shen Paung” နဲ့ “ငွေစိုး” တို့ ယှဉ်ပြိုင်ကြရမှာပါ။ ယှဉ်ပြိုင်မှုမစတင်မီ “လင်လင်း” ရဲ့ သူတို့နှစ်ဦးအပေါ် သုံးသပ်ချက်ကို မေးကြည့်တဲ့အခါမှာတော့ လင်းလင်းက ဒီနေ့ည သူတို့နှစ်ယောက်ရဲ့ အမျိုးတွေ Voting ပေးဖို့ ဒီကိုအလာ အမြန်လမ်းမှာ ဓါးပြတိုက်နေတယ်လို့ ကြားတယ်လို့ စနောက်လိုက်တာကြောင့် ပရိသတ်တွေ တသောသော ပွဲကျခဲ့ပါတယ်။

“Ip Shen Paung” က (တင်ဇာမော်)ရဲ့ “ပထမခြေလှမ်း” သီချင်းနဲ့ ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။
အပေါ်ရုံအင်္ကျီအရှည်အနီရောင်ကို ဝတ်ဆင်ထားတဲ့ “Ip Shen Paung” တစ်ယောက် အလံတိုင်တွေ ကိုယ်စီဝှေ့ရမ်းနေတဲ့ အကအဖွဲ့တွေကြားကနေ စင်မြင့်ပေါ် တက်လာပါတယ်။ ဘဝအတွက် ခွန်အားပေးတဲ့ သီချင်းကို ခံစားချက်အပြည့် ပါဝါအပြည့်နဲ့ စင်ပေါ်မှာရှိတဲ့ လှေကားထစ်တွေပေါ် တက်လိုက်ဆင်းလိုက်နဲ့ အကအဖွဲ့တွေနဲ့အတူ တွဲကလိုက်နဲ့ သီဆိုသွားတာက “Ip Shen Paung” ရဲ့ သက်လုံနဲ့ ခွန်အားကို ပြသလိုက်သလိုပါပဲ။
သီချင်းရဲ့ အမြင့်ဆုံးနေရာတွေထိရောက်အောင် သီဆိုသွားခဲ့တဲ့ “Ip Shen Paung” အတွက် ပရိသတ်တွေရဲ့ လက်ခုပ်သံ ပြည့်လျှံခဲ့ပါတယ်။

သူမရဲ့သီဆိုမှုအပြီးမှာတော့ ရန်ရန်ချန်း က အခုကျန်တော့တဲ့ ပြိုင်ပွဲဝင်တွေထဲမှာ ဒီလိုပုံစံမျိုး သီဆိုနိုင်တာ “Ip Shen Paung” တစ်ယောက်ပဲ ကျန်တော့တယ်လို့ ချီးကျူးခဲ့ပါတယ်။
နီနီခင်ဇော်ကတော့ “အာပြဲလေး” လို့ ချစ်စနိုးခေါ်လိုက်ပြီး သီချင်းဆိုတာ အရမ်းချစ်စရာကောင်းကြောင်း ဒါပေမယ့် အမြင့်ဆုံးအသံနေရာတွေ သိပ်မရောက်သလို ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ကျားပေါက်ကတော့ စင်ပေါ်မှာ တက်လိုက်ဆင်းလိုက် ဖျော်ဖြေမှုတွေနဲ့ သီဆိုသွားတဲ့အတွက် အမြင့်ဆုံးအသံတွေနေရာမှာ သိပ်မရောက်သလို ဖြစ်ပေမယ့် ဖျော်ဖြေတင်ဆက်မှုနဲ့ ဖုံးသွားတဲ့အတွက် သူ့အနေနဲ့ဆိုရင် ကိစ္စမရှိကြောင်း ချီးကျူးခဲ့ပါတယ်။

ဒုတိယတစ်ယောက်အနေနဲ့ “ငွေစိုး” က (ဘိုဘို)ရဲ့ “တစ်နေ့နေ့” သီချင်းနဲ့ ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ သီချင်းချိုချိုအေးအေးလေးတွေကို သီဆိုတတ်တဲ့ “ငွေစိုး” နဲ့ “တစ်နေ့နေ့” သီချင်းက လိုက်ဖက်လွန်းနေပါတယ်။
သီချင်းတွေ ရွှေရောင်လွှမ်းနေခဲ့တဲ့ ၂၀၀၀ ခုနှစ်များဆီကို ပြန်ရောက်သွားခဲ့ပြီး “Michael Learns” နဲ့ “ဘိုဘို” ကို လွမ်းဆွတ်သွားအောင် “ငွေစိုး” က သီဆိုနိုင်ခဲ့ပါတယ်။

သီဆိုမှုအပြီးမှာတော့ ကျားပေါက် က အားလုံးကိုကြိုက်ပါတယ် ဒါပေမယ့် ကိုဘိုဘိုနဲ့ တူလွန်းနေတယ် ဒါပေမယ့်ကောင်းပါတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
နီနီခင်ဇော်ကလည်း The Voice Myanmar ရဲ့ ပြိုင်ပွဲဝင်တွေ အားလုံးထဲမှာ “ငွေစိုး” က ခံစားသက်ဝင်မှုမှာ ဘုရင်ပဲလို့ ချီးမွမ်းခဲ့ပါတယ်။ ဒါပေမယ့် မူလအဆိုရှင် ကိုဘိုဘို နဲ့ နေရာအတော်များများ တူနေတာကိုတော့ သဘောမကျကြောင်း၊ ဂီတလမ်းမှာ ဆက်လျှောက်မယ်ဆိုရင် ငွေစိုးဆိုတာ တစ်စိုးထဲရှိဖို့ သတိပြုသင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ရန်ရန်ချန်းကတော့ အဲလို ကိုဘိုဘိုနဲ့ တူနေတာကို ပိုပြီးကြိုက်နေတာလို့ ရင်ထဲက ဆန္ဒအတိုင်း ချီးကျူးခဲ့ပါတယ်။
လင်းလင်းကတော့ ကိုယ့်ရဲ့ပုံစံ စစ်ကြီးကြီးရဖို့ဆိုတာကတော့ အချိန်ယူပြီး ကြိုးစားရဦးမှာဖြစ်ကြောင်း၊ ဘယ်သူမဆို ကိုယ့်ရဲ့ ခရေဇီ ကိုယ်အတုယူရမယ့် သူဆိုတာလည်း ရှိထားကြပါတယ်၊ အခုလို ဆင်တူသလိုဖြစ်နေတာက သူ့အတွက်ဆိုရင် အဆိပ်အတောက်မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

 

တတိယမြောက်အဖွဲ့ကတော့ TeamNiNi “နီနီခင်ဇော်” ရဲ့ အဖွဲ့ဖြစ်ပါတယ်။ “Mark Jason” နဲ့ “Grace Monica” တို့ဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ ယှဉ်ပြိုင်မှု မစခင်မျာတော့ The Voice Myanmar ပရိသတ်တွေအားလုံး ရင်ခုန်နေမှာ သေချာပါတယ်။ နိုင်ငံခြားသီချင်းရော မြန်မာသီချင်းတွေပါ သီဆိုမှုကောင်းတဲ့ ပြိုင်ပွဲဝင်နှစ်ဦး ထိပ်တိုက်တွေ့ကြပါပြီ။

ပထမဆုံး ယှဉ်ပြိုင်ရမှာကတော့ “Mark Jason” ပါ (ထူးအိမ်သင်)ရဲ့ “အချစ်ဆုံး” သီချင်းကို ရွေးချယ်ထားပါတယ်။ ဆရာငှက်ရဲ့ သီချင်းတွေဟာ အမှားအယွင်းမခံနိုင်လောက်အောင်ကို သီဆိုရတာ တာဝန်ကြီးလို့ Mark Jason ရဲ့ ရွေးချယ်မှုက အန္တရာယ်များပါတယ်။
အနီရောင်ကုတ်ဝတ်စုံနဲ့ ဦးထုတ်အနက်လေး ဆောင်းထားတဲ့ Mark Jason ရဲ့ သီဆိုမှုက ပရိသတ်တွေအားလုံးကို အနောက်တိုင်းက ရှေးကျတဲ့ ဘားဆိုင်လေးတစ်ခုကို ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။

ထူးအိမ်သင်ရဲ့ “အချစ်ဆုံး” ဆိုတဲ့ သီချင်းကို လေမှုတ်တူရိယာ အသားပေးတဲ့ Jazz music ပုံစံမျိုး ဖန်တီးပြီး ပေါ့ပေါ့ပါးပါး ငြိမ့်ငြိမ့်လေး သီဆိုသွားခြင်းဖြင့် “Mark Jason” ရဲ့ ကိုယ်ပိုင်ဟန်ကို ပြသလိုက်နိုင်ပါတယ်။

သူ့ရဲ့သီဆိုမှုအပြီးမှာတော့ နည်းပြ ၄ ဦးစလုံးရဲ့ ချီးကျူးသံတွေ The Voice Myanmar ခန်းမကြီးတစ်ခုလုံး ပြည့်လျှံစေခဲ့ပါတယ်။
 

နောက်ထပ်တစ်ဦးကတော့ ပြိုင်ပွဲဝင်တွေထဲမှာ အငယ်ဆုံးဖြစ်ပေမယ့် သီဆိုမှုပညာမှာတော့ အဆိပ်ပြင်းတဲ့ “Grace Monica” ဖြစ်ပါတယ်။ ဒီတစ်ခေါက်ကတော့ ကိုရီးယားဇာတ်ဝင်သီချင်းလေးကို အင်္ဂလိပ်ဗားရှင်းပြောင်းထားတဲ့ “Beautiful” နဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။
ဒီနေ့ညမှာတော့ “Grace Monica” တစ်ယောက် စိုးရိမ်စိတ်လေးတွေ သိသိသာသာ ရှိနေတာကို မြင်တွေ့ခဲ့ရပြီး သီချင်းတစ်ပုဒ်လုံးကို ခါတိုင်းလို လွပ်လပ်ပေါ့ပါးမနေပဲ အတော်လေး ထိန်းပြီးသီဆိုခဲ့ရတာ တွေ့မြင်ခဲ့ရပါတယ်။

Grace ရဲ့ သီဆိုမှုအပြီးမှာ ကျားပေါက်က အရင်ပြိုင်ခဲ့တုန်းက သီချင်းတွေနဲ့စာရင် ဒီနေ့သီချင်းက သူ့အနေနဲ့ အရမ်းကြီးစိတ်ဝင်စားဖို့ မကောင်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
နီနီကတော့ Grace ရဲ့ စိတ်ဖိစီးမှုတွေက လည်ပင်းနားရောက်နေတာကို မြင်တွေရကြောင်း ဒါပေမယ့် သောကမဖြစ်ပါနဲ့လို့ နှစ်သိမ့်အား​ပေးခဲ့ပါတယ်။

 

စတုတ္ထမြောက် နောက်ဆုံးအဖွဲ့ကတော့ TeamKP “ကျားပေါက်” ရဲ့ အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ “ရဲနိုင်ထူး” နဲ့ “နှင်းအိနြေ္ဒရှင်” တို့ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ကလည်း အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။ ပြိုင်ပွဲဝင် နှစ်ဦးစလုံးက The Voice Global ရဲ့ “Hot This Week” စာရင်းဝင်တွေ ဖြစ်ခဲ့ကြသလို “ရဲနိုင်ထူး” ဟာ ပရိသတ် Voting နဲ့ Live Show နှစ်ပတ် ဆက်တိုက် ထိပ်ဆုံးမှာ နေရာယူနိုင်ခဲ့သူပါ။ တစ်ဖက်ကလည်း အော်ပရာဘုရင်မလေးအဖြစ် နည်းပြတွေနဲ့ ပရိသတ်တွေ အသိမှတ်ပြုခံထားရသူ “နှင်းအိနြေ္ဒရှင်”ပါ။

ယှဉ်ပြိုင်မှုမစတင်ခင် နည်းပြကျားပေါက်ရဲ့ သဘောထားကတော့ ဒီလောက်အဆင့်ထိ တက်လာနိုင်ခဲ့ပြီးဖြစ်တဲ့ ပြိုင်ပွဲဝင် နှစ်ဦးစလုံးဟာ ကိုယ်စီအရည်အသွေးရှိတာကြောင့် ထွက်လာမယ့် အဖြေအပေါ် သူ့အနေနဲ့ ဘာမှခံစားရမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ရဲနိုင်ထူး”က “ချောရယ်” သီချင်းနဲ့ စတင်ယှဉ်ပြိုင်ခဲ့ပါတယ်။ လူကသာငယ်သေးပေမယ့် သူကြိုက်လိုက်ရင် ရှေးသီချင်း အကောင်းတွေ ဖြစ်နေတတ်တာမို့ “ချောရယ်” သီချင်းဟာလည်း မြန်မာဗားရှင်း သီချင်းခန့်ကြီးတစ်ပုဒ် ဖြစ်လို့နေပါတယ်။
ဒီသီချင်းက The Voice Myanmar ပြိုင်ပွဲတွေ တစ်လျှောက်လုံး “ရဲနိုင်ထူး”အတွက် ပထမဦးဆုံး သီဆိုတဲ့ မြန်မာသီချင်းလည်းဖြစ်ပါတယ်။

ဒီညမှာလည်း လေမှုတ်တူရိယာ ပံ့ပိုးကူညီမှုနဲ့ ဆန်းသစ်ထားတဲ့ “ချောရယ်”ကို သူ့ရဲ့ ပုံစံအတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ဆိုပြသွားနိုင်ခဲ့ပါတယ်။

သီဆိုမှုအပြီးမှာတော့ ရွှေတောင်တန်းကြေးအိုးဆိုင်ဖွင့်ထားတဲ့ “ရဲနိုင်ထူး”ကို
လင်လင်းက မန္တလေးရောက်ရင် ကြေးအိုး အလကားကျွေးမှာလားလို့ မေးလိုက်ပြီး ရဲနိုင်ထူးက ကျွေးမယ်လို့ ပြန်ဖြေခဲ့တဲ့အခါ အဲ့ဒါဆို သီဆိုတာ အရမ်းကောင်းတယ်လို့ ပျော်အောင် စနောက် ကျီစယ်ခဲ့ပါတယ်။
ရန်ရန်ချန်းကတော့ သူ့ကို ခေတ်ဟောင်းမင်းသားကြီးလို့ ကင်ပွန်းတပ်လိုက်ပါတယ်။
နီနီခင်ဇော်ကတော့ ရဲနိုင်ထူးဆိုတဲ့ သီချင်းရဲ့ သက်တမ်းဟာ သူတို့နှစ်ယောက်ပေါင်းတဲ့ အသက်ထက် ပိုကြီးတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ကျားပေါက်ကတော့ သီချင်းဆိုတာမှာ ရှေ့ပိုင်းလေးမှာ စိတ်လှုပ်ရှားနေသလို ဖြစ်ခဲ့ပေမယ့် ကျန်တာကိုတော့ ရုပ်နဲ့ထိန်းဆိုသွားတယ်လို့ ပျော်ပျော်ရွှင်ရွှင်ပဲ မှတ်ချက်ပေးသွားခဲ့ပါတယ်။

သည်တစ်ခါ နောက်ဆုံးတစ်ယောက် “နှင်းအိနြေ္ဒရှင်” ရဲ့ အလှည့်ဖြစ်ပါတယ်။ (နွဲ့ယဉ်ဝင်း)ရဲ့ “မနဲ့မောင်” သီချင်းကို ရွေးချယ်ထားပါတယ်။
သည်သီချင်းဟာလည်း ပရိသတ်တွေရဲ့ အသည်းစွဲ သီချင်းတစ်ပုဒ်ဖြစ်တာကြောင့် “နှင်းအိနြေ္ဒရှင်” ဘယ်လို သီဆိုသွားမလဲဆိုတာ ပရိသတ်တွေ စိတ်စောနေမိပါတယ်။ “နှင်းအိနြေ္ဒရှင်” သီဆိုမှုမှာ နီနီခင်ဇော်က အားပေးရင်း လိုက်ဆိုနေသလို လင်းလင်းကလည်း ခေါင်းကိုငုံ့ထားပြီး အသံကိုပဲ အာရုံစိုက် နားထောင် အကဲဖြတ်နေတာကို တွေ့ခဲ့ရပါတယ်။

သီဆိုမှုအပြီးမှာတော့ နီနီခင်ဇော်က ဒီသီချင်းအတွက် စိတ်ပူခဲ့ရတယ်လို့ဆိုပြီး သီချင်းရဲ့အရသာပျက်မသွားဖူးလို့ မှတ်ချက်ပေးပါတယ်။
ရန်ရန်ချန်း ကလည်း သီချင်းပုံစံက မူရင်းမပျက်သွားတဲ့အပြင် နှင်းအိနြေ္ဒရှင်ရဲ့ ပုံစံထဲဝင်အောင်လည်း ဆွဲခေါ်နိုင်ခဲ့ပါတယ်လို့ အားပေးခဲ့ပါတယ်။
ကျားပေါက် က နေမကောင်းဖြစ်ထားတဲ့ ကြားကဆိုရတာဖြစ်လို့ အမြင့်သံတွေ မရောက်သလို ဖြစ်ခဲ့ပေမယ့် သီချင်းအပေါ် လေးစားတယ်ဆိုတာ ပေါ်လွင်ပါတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အခုဆိုရင် ပြိုင်ပွဲဝင်တွေ အားလုံးရဲ့ သီဆိုယှဉ်ပြိုင်မှုက ပြီးဆုံးခဲ့ပါပြီ။
သည်တစ်ခါမှာတော့ အထူးဧည့်သည်တော့ “အာဇာနည်” က “ကမ္ဘာသား” သီချင်းနဲ့ The Voice Myanmar ပရိသတ်တွေကို အားရပါးရ ဖျော်ဖြေပေးခဲ့ပါတယ်။

အာဇာနည်ရဲ့ ဖျော်ဖြေမှုအဆုံးမှာ Voting Line တွေ ပိတ်လိုက်တာမို့ Grand Final အတွက် အဆုံးအဖြတ်ကို ကြေညာပေးရတော့မှာဖြစ်ပါတယ်။

ကြေညာမှုနဲ့အတူ Team YC အတွက် “သော်ဒီ” ၊ Team Lynn အတွက် “ငွေစိုး” ၊ Team NiNi အတွက် “Mark Jason” ၊ Team KP အတွက် “နှင်းအိနြေ္ဒရှင်” တို့က Grand Final ကို တက်ရောက်သွားနိုင်ခဲ့ပါပြီ။

နောက်တစ်ပတ်မှာတော့ The Voice Myanmar Season 1 ရဲ့ Winner တစ်ယောက် ပေါ်ထွက်လာတော့မှာဖြစ်လို့ “သော်ဒီ” “ငွေစိုး” “Mark Jason” “နှင်းအိနြေ္ဒရှင်” တို့ ၄ ယောက်ထဲက ဘယ်သူများ WINNER ဖြစ်လာမလဲဆိုတာကို စိတ်ထဲက ခန့်မှန်းရင်း ဇွန်လ (၃)ရက် တနင်္ဂနွေည ၉ နာရီ MRTV 4 ရုပ်သံလိုင်းကနေ စောင့်မျှော်အားပေးကြပါဦး။

The Voice Myanmar ရဲ့ လှုပ်ရှားမှုတွေ အားလုံးကို Official Facebook Page ဖြစ်တဲ့ www.facebook.com/thevoicemyanmar ကို LIKE လုပ်ထားပြီး ဖတ်ရှုနိုင်သလို YouTube ဖြစ်တဲ့ www.youtube.com/thevoicemyanmar မှာလည်း ထုတ်လွှင့်ပြသမှု ရုပ်သံဗီဒီယိုများအားလုံးကို တစ်စုတစ်စည်းထဲ ကြည့်ရှုနိုင်ပါတယ်။
 

News