News

ပစ်ရက်စရာမရှိတဲ့ ပြိုင်ပွဲဝင်များနဲ့ (၃)ရက်မြောက် Blind Audition ည

10 Mar 2019

189 Views


The Voice Myanmar ရဲ့ Blind Audition ၃ ရက်မြောက် တတိယညကို ရောက်ရှိခဲ့ပြန်ပါပြီ။ Audition အပတ်စဉ်တိုင်းမှာ ပရိသတ်တွေကိုရော နည်းပြတွေကိုပါ ထူးထူးခြားခြား သီဆိုပြသွားတဲ့ အသံပိုင်ရှင်အသစ်တွေ အမြဲပေါ်ထွက်လာနေတာမို့ ရုပ်သံကြည့်ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေသလို The Voice Myanmar ကလည်း မြန်မာနိုင်ငံက အဆိုဝါသနာရှင်တွေအတွက် အမြဲတမ်းဂုဏ်ယူနေရပါတယ်။
 
ဒီနေ့ည ၃ ရက်မြောက်မှာလည်း ဘယ်လိုပြိုင်ပွဲဝင်တွေ ဝါရင့်သဘာရင့်ကြီးတွေလို သီဆိုယှဉ်ပြိုင်သွားခဲ့ကြလည်းဆိုတာကို အကြောင်းကြောင်းကြောင့် မကြည့်ရှုဖြစ်လိုက်တဲ့ ပရိသတ်တွေအတွက် ပွဲပြီးပြီးချင်းမှာ သိစေလိုတဲ့ ဆန္ဒနဲ့ အမြန်ဆုံး အသေးစိတ် ဖော်ပြပေးလိုက်ရပါတယ်။
 
 
 
ဒီနေ့ညအတွက် ပထမဦးဆုံး ယှဉ်ပြိုင်ရမယ့်သူကတော့ “Hazel” ဖြစ်ပါတယ်။ မန္တလေးမြို့က အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ “Hazel” က သီချင်းဆိုပြိုင်ပွဲ အတွေ့အကြုံရှိဖူးသူဖြစ်သလို ပြိုင်ပွဲတစ်ခုမှာလည်း First Runner-up ထိ ရောက်ခဲ့ဖူးသူပါ။
 
အပြင်ပွဲတွေမှာ သီချင်းတွေလိုက်လံ ဖျော်ဖြေဖူးခဲ့ပြီး ပရိသတ်တွေ အထိုက်အလျောက် ရရှိထားသူပါ။ ဒါပေမယ့် ဂီတလောကနဲ့ အဆက်ပြတ်သွားခဲ့တာ တစ်နှစ်လောက် ကြာသွားပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ညဟာ သူမအတွက် စတိတ်စင်ပေါ်ကို ပထမဦးဆုံး တစ်ကျော့ပြန် တက်ရမှာမို့ စိုးရိမ်စိတ်တွေ လွှမ်းမိုးနေပါတယ်။
 
The Voice Myanmar မှာ Winner ဖြစ်ဖို့ထက် အကြာကြီးအဆက်ပြတ်နေတဲ့ သူမရဲ့ ပရိသတ်တွေကို The Voice Myanmar စင်မြင့်ပေါ်ကနေ သီချင်းတစ်ပုဒ်လောက် သီဆိုခွင့်ရရုံနဲ့တင် ကျေနပ်ပါတယ်လို့ ဆိုပါတယ်။
 
 
“Hazel” တစ်ယောက် သူမရဲ့ ပရိသတ်တွေကို တစ်ကယ်ပဲ သီချင်းတစ်ပုဒ်ထဲ သီဆိုပြခွင့်ရသွားမလား ဒါမှမဟုတ် နောက်ထပ်သီချင်းတွေ အများကြီး ဆိုပြခွင့်တွေရဦးမလား ဆိုတာကို တေးရေး စိုးလင်း ရဲ့ “ကိုယ့်အတွက်အိပ်မက် မင်းမက်လား” ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်မှုကနေ အကဲဖြတ်ကြည့်ကြပါစို့..
 
 
ဒုတိယတစ်ယောက် အမျိုးသားပြိုင်ပွဲဝင်က တောင်ကြီးမြို့က အသက် ၂၄ နှစ်အရွယ် “ဂျူဂျူး” ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက အနုပညာလောကမှာ ခေတ်တစ်ခေတ်ထူထောင်နိုင်ခဲ့တဲ့ အဆိုတော်ကြီးတစ်ဦးဖြစ်ပေမယ့် ကိုယ်ပိုင်အရည်အချင်းနဲ့သာ ဂီတလမ်းကြောင်းမှာ ရပ်တည်ချင်တာကြောင့် ဖခင်ရဲ့အကြောင်းကို ထုတ်ဖော်ပြောလေ့မရှိသူပါ။
 
 
တေးရေး - ဝေကြီး ရဲ့ “Message” သီချင်းကို မူရင်းအဆိုရှင် ‘ဂျူဝယ်လ်’ နဲ့ လုံးဝမတူအောင် အဆိုပညာတွေ ဖြည့်စွက်ပြီး ဆိုပြသွားခဲ့တာဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သူ့ရဲ့ဖခင်ဖြစ်သူကိုတောင် ပရိသတ်တွေ ရုတ်တရက် လွမ်းဆွတ် ခံစားသွားရစေပါတယ်။
 
သူ့ရဲ့ဖခင်က ဘယ်သူဖြစ်မလဲ..?
 
ဒီအကြောင်းတွေကို သီချင်းဆုံးမှ နည်းပြတွေ သိသွားတဲ့အခါ ဘယ်လိုတုံ့ပြန်မှုတွေ ဖြစ်သွားကြမလဲ..၊ ရိုးရှင်းတဲ့ သီချင်းတစ်ပုဒ်ကို အသံတွေကစားပြီး သီဆိုခဲ့တဲ့ “ဂျူဂျူး” တစ်ယောက် ကံကောင်းနိုင်ပါ့မလား.. ရင်ခုန်စရာအပြည့်နဲ့မို့ ကိုယ်တိုင်ကြည့်ရှုစေချင်ပါတယ်။
 
 
အသံကောင်းပေမယ့် အနေအေးလွန်းတာကြောင့် သူငယ်ချင်းတွေကိုယ်တိုင် The Voice Myanmar ကို လျှောက်လွှာ ဖြည့်စွက်တင်ပေးခဲ့ရသူကတော့ ရွှေဘိုမြို့က သတ္တုတွင်းလုပ်သားလေး “Grin Go” ပါ။ The Voice Myanmar ကို လာမပြိုင်ရဲခဲ့တဲ့ အကြောင်းကတော့ ကြောက်လို့ပါတဲ့၊ အထူးသဖြင့် ‘ကျားပေါက်’ ကို ကြောက်တယ်လို့ ဆိုပါတယ်။ ကျားပေါက်ကို သူဘာလို့ ကြောက်တာပါလိမ့်..?
 
 
ရွှေဂျော်ဂျော် ရေးစပ်ပြီး ဇော်ပိုင် သီဆိုထားတဲ့ “မွေးရပ်မြေ” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ အသံချိုချိုအေးအေးလေးနဲ့ သီဆိုယှဉ်ပြိုင်နေတဲ့ “Grin Go” ကို သူ့ရဲ့ သူငယ်ချင်းဖြစ်သူက အနောက်ဘက်က အခန်းထဲကနေ စိုးတထိတ်ထိတ်နဲ့ အားပေးနေတာကိုတွေ့ရပါတယ်။ “Grin Go” တစ်ယောက် နည်းပြ ၄ ဦးရဲ့ အကြိုက် သီဆိုပြနိုင်ပါ့မလား..?
 
 
သီချင်းဆိုပြိုင်ပွဲအတွေ့အကြုံများပြီး ပြိုင်ပွဲတိုင်းလိုလို Top Level စာရင်းထဲဝင်ခဲ့သူ “Melody Khong” ကို The Voice Myanmar စင်မြင့်ပေါ်မှာ ထပ်မံတွေ့လိုက်ရတဲ့အတွက် ပရိသတ်တွေ အံ့အားသင့်ခဲ့ပါတယ်။ နည်းပြ ၄ ဦးကတော့ တစ်ဖက်ကို လှည့်နေသူမို့ ပရိသတ် ဘာကို အံ့သြတယ်ဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။
 
 
တေးရေး ဆလိုင်းရဲ့ Good Bye ဆိုတဲ့ သီချင်းကို ပြိုင်ပွဲဝင်နေသလိုမျိုးမဟုတ်ပဲ ပရိသတ်ကို ဖျော်ဖြေတင်ဆက်သကဲ့သို့ နည်းပြတွေ လှည့်လာခြင်း၊ မလှည့်လာခြင်းပေါ်မှာ လုံးဝ ခံစားမှုမရှိပဲ “Melody Khong” က အားမန်အပြည့်နဲ့ သီဆိုခဲ့ပါတယ်။ The Voice Myanmar မှာရော သူမရဲ့အရည်အသွေးကို ဆက်လက်ချပြနိုင်ပါ့မလား..?
 
 
သီချင်းဟာ သူ့ဘဝရဲ့ အစိတ်အပိုင်း တစ်ခုလို့ ခံယူထားပြီး ဂီတပင်လယ်ကြီးထဲမှာ တိုးဝင်စီးမျောနေသူက “Solomon King” ပါ။ ဂီတလောကမှာ ဆော်လမွန်ဘုရင်ကြီးလို မှော်ဆန်တဲ့စွမ်းအားတွေ သိမ်းပိုက်ဖို့များ ရည်ရွယ်ထားသလားပါပဲ။
 
 
အသက် ၂၉ နှစ်အရွယ် ဘိုကလေး ဇာတိ “Solomon King” က ရှေးကျပေမယ့် ဘယ်တော့မရိုးနိုင်တဲ့ “Can’t Help Falling In Love” ဂန္ထဝင်သီချင်းနဲ့ စီးမျော သီဆိုယှဉ်ပြိုင်သွားခဲ့ပါတယ်။ နည်းပြတွေရဲ့ အဆုံးအဖြတ်က ဘာဖြစ်မလဲ..?
 
 
မိန်းကလေးဖြစ်ပေမယ့် ဘဝကိုယောက်ျားဆန်ဆန် ဖြတ်သန်ရင်း ညနေခင်း ဘားတွေမှာ Unplugged သီဆိုဖျော်ဖြေတဲ့ အလုပ်ကို လုပ်ကိုင်သူ “Zam” က သီချင်းဆိုတာနဲ့ ပက်သက်ပြီး ငယ်စဉ်က မိဘနဲ့အတိုက်အခံကြီးမားခဲ့သူပါ။ ဒါပေမယ့် ဝါသနာကို မစွန့်လွှတ်ပဲ ကြိုးစားခဲ့ပြီး ‘ချော’ ဆိုတဲ့ အနုပညာအမည်နဲ့ တေးအယ်ဘမ်တစ်ခု ထွက်နိုင်ခဲ့ပါတယ်။ သို့ပေမယ့် ပရိသတ်တွေရဲ့ လက်ထဲ ခရီးမပေါက်ခဲ့ပြန်ပါဘူး။
 
 
တေးရေး ဝင်းမင်းထွေ ရေးစပ်ပြီး အဆိုတော် သျှီ သီဆိုခဲ့တဲ့ “လေညှင်းလေး” သီချင်းကို Rocker တစ်ယောက်ရဲ့ အသံနဲ့ အားရပါးရ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ နည်းပြ ၄ ဦးထဲက ဘယ်သူကများ သူမအတွက် စက်ခလုတ်နှိပ်ပြီး လှည့်လာမလဲဆိုတာ ရင်ခုန်စေချင်ပါတယ်။
 
 
Unplugged ဝိုင်းတွေရဲ့ အဆိုရှင်အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ “ရတီ” က သီချင်းတွေ၊ ပြိုင်ပွဲတွေ၊ စတိတ်စင်တွေနဲ့ လုံးဝ မစိမ်းသူဖြစ်ပါတယ်။ မိသားစုကလည်း သူမရဲ့နောက်ကနေ ပံ့ပိုးကြပြီး သူမအတွက် အောင်မြင်မှုတွေရလာဖို့ကိုပဲ မျှော်လင့်ပေးနေကြပါတယ်။
 
 
နည်းပြ ကျားပေါက် ရေးစပ်ပြီး ဖြူဖြူကျော်သိန်း သီဆိုထားတဲ့ “အရှုံးထက်ပိုသော” သီချင်းနဲ့ ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ “ရတီ” တစ်ယောက် ကျားပေါက် ကိုယ်တိုင်ရေးစပ်ထာတဲ့ သီချင်းနဲ့ ကျားရှေ့ပဲ မှောက်လျှက်လဲမလား..၊ နောက်တစ်ဆင့်ကို တက်သွားနိုင်ဦးမလား ဆိုတာကတော့ ရင်ခုန်စရာပါ။
 
 
Blind Audition တတိယမြောက်ညရဲ့ နောက်ဆုံးပိတ် ယှဉ်ပြိုင်သွားတဲ့ “Paul Austin” က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလုပ်လုပ်နေရင်း The Voice Myanmar ကို ပြိုင်ချင်လွန်းလို့ ခွင့်ယူပြီး ရောက်လာခဲ့တဲ့သူဖြစ်ပါတယ်။
 
The Voice Thailand ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ထိုင်းစကား မပြောတတ်တာကြောင့် အဆင်မပြေခဲ့ပါဘူး။ အဲဒီအတွက် The Voice Myanmar က သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အရေးကြီးတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ Winner ဖြစ်ရင် ဘာမဆိုစွန့်လွှတ်မယ်ဆိုတဲ့ထိ ခံယူချက်ပြင်းလွန်းတဲ့ ပြိုင်ပွဲဝင်လည်းဖြစ်ပါတယ်။
 
 
“When We Were Young” သီချင်းနဲ့ နည်းပြတွေအားလုံးရဲ့  ရင်ကို ထိုးဖောက်သွားနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ “Paul Austin” က ဘယ်နည်းပြနဲ့ လက်တွဲပြီး The Voice Myanmar ရဲ့ ခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းသွားဦးမလဲဆိုတာ ခံစားကြည့်လိုက်ပါဦး..။
 
 
The Voice Myanmar Audition ရဲ့ တတိယနေ့ည ယှဉ်ပြိုင်မှု ပြီးဆုံးသွားတာနဲ့အတူ ယနေ့အတွက် နီနီခင်ဇော် က ပြိုင်ပွဲဝင် ၂ ဦး ထပ်မံရရှိခဲ့ပြီး စုစုပေါင်း အဖွဲ့သား (၇)ဦး ပိုင်ဆိုင်ထားပါပြီ၊ ရန်ရန်ချန်း က ၃ ဦး ထပ်မံရရှိပြီး ပေါင်း (၆)ဦး၊ ကျားပေါက် က ၁ ဦးရရှိပြီး ပေါင်း (၅)ဦး နဲ့ အာဇာနည်က ၁ ဦးရရှိကာ စုစုပေါင်း အဖွဲ့ဝင် (၄)ဦး ကိုယ်စီ ပိုင်ဆိုင်ထားကြပြီပဲဖြစ်ပါတယ်။
 
နောက်တစ်ပတ် တနင်္ဂနွေနေ့ မှာလည်း ဘယ်လိုပြိုင်ပွဲဝင်တွေကို The Voice Myanmar မှာ ထပ်မံတွေ့ရဦးမလဲဆိုတာ MRTV 4 ရုပ်သံလိုင်းကနေ ည ၉ နာရီတိတိမှာ စောင့်မျှော်အားပေးကြပါဦး။
 
The Voice Myanmar နဲ့ ပက်သက်တဲ့ သတင်းအကြောင်းအရာတွေကို Official Page  ဖြစ်တဲ့ The Voice Myanmar Page ကနေ အဆက်မပြတ် ဖော်ပြပေးနေတာမို့ LIKE & See First လုပ်ထားဖို့လည်း မမေ့ပါနဲ့နော်။

News