News

The Voice Myanmar ရဲ့ LIVE Show အဆင့်ကို ဘယ်လိုယှဉ်ပြိုင် သွားရမလဲ..?

22 May 2019

1,420 Views


The Voice Myanmar ရဲ့ LIVE သီဆိုယှဉ်ပြိုင်မှုကို မေလ ၂၆ ရက်(တနင်္ဂနွေနေ့ည)မှာ စတင်တော့မှာဖြစ်ပါတယ်။ LIVE ယှဉ်ပြိုင်မှုကို MRTV 4 ရုပ်သံလိုင်းကနေ ည ၉ နာရီအချိန်မှာ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့် ပြသသွားမှာဖြစ်ပါတယ်။
ထူးခြားတာကတော့ LIVE အဆင့်မှာ ပြိုင်ပွဲဝင်တွေကို နည်းပြတွေနဲ့ တန်းတူ ပရိသတ်တွေကိုယ်တိုင် SMS Voting မဲပေးစနစ်နဲ့ ရွေးချယ် ဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။
 
အခုချိန်ကစပြီး ပြိုင်ပွဲဝင်တွေရဲ့ ကံကြမ္မာကို ပရိသတ်တွေကလည်း အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်လို့ ပရိသတ်တစ်ဦးချင်းစီကပဲ အရေးကြီးတဲ့ အကဲဖြတ်လူကြီးမင်းတွေ ဖြစ်လာကြပါပြီ။
နည်းပြလေးဦး အနေနဲ့တော့ သူတို့ရဲ့ အဖွဲ့သားတွေကို ဘယ်သူတက် ဘယ်သူပြုတ်ဆိုပြီး သူတို့စိတ်ကြိုက် ဆုံးဖြတ်ခွင့် အပြည့်အဝရှိတော့မှာ မဟုတ်တော့ပါဘူး။
 
လာမယ့် တနင်္ဂနွေနေ့ မရောက်ခင်မှာ LIVE SHOW မှာ ယှဉ်ပြိုင် ရွေးချယ်သွားကြမယ့် ပုံစံအဆင့်ဆင့်ကို ပရိသတ်များ ကြိုတင်သိရှိနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်။
 
 
 
လက်ရှိမှာ အသင်း ၄ သင်းဖြစ်တဲ့ (ကျားပေါက်၊ နီနီခင်ဇော်၊ ရန်ရန်ချန်း၊ အာဇာနည်) တို့မှာ ပြိုင်ပွဲဝင် အသင်းသား (၄) ယောက်စီနဲ့ စုစုပေါင်း ပြိုင်ပွဲဝင် (၁၆) ယောက် စကာတင် ကျန်ရှိနေပါတယ်။
 
 
 
 
 
 

LIVE Show ကြီး စတင်ပါပြီ..

 
Live Show ပထမအပတ် (မေ ၂၆)
 
Live Show ပထမအပတ်မှာ နည်းပြ ၂ ဦး (အသင်း ၂ သင်း) က ပြိုင်ပွဲဝင် (၈)ဦး စတင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 
အဖွဲ့တစ်ဖွဲ့ခြင်း သီးခြား ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ တစ်ဖွဲ့ခြင်းစီမှာ ပရိသတ်ရဲ့ SMS voting မဲအများဆုံးရရှိသူ ၁ ဦးက နောက်ထပ်တစ်ဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်သွားမှာဖြစ်ပြီး နောက်ထပ် တစ်ဦးကတော့ ပရိသတ်ရဲ့ မဲပေးရွေးချယ်မှုနဲ့ သက်ဆိုင်ရာ နည်းပြရဲ့ ဆုံးဖြတ်ချက် နှစ်ခု ပေါင်းစပ်ပြီး ရွေးချယ်သွားမှာဖြစ်ပါတယ်။
 
ဒီလိုနဲ့ ယှဉ်ပြိုင်မှုအဆုံးသတ်မှာ အဖွဲ့တစ်ဖွဲ့စီက ပြိုင်ပွဲဝင် ၂ ဦးစီ စုစုပေါင်း ၄ ဦး နောက်တစ်ဆင့်တက်ပြီး ကျန်ခဲ့တဲ့ ၄ ဦးကတော့ ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာသွားရမှာဖြစ်ပါတယ်။
 
 
Live Show ဒုတိယအပတ် (ဇွန် ၂)
 
LIVE SHOW ဒုတိယအပတ်မှာတော့ မပြိုင်ရသေးတဲ့ နည်းပြအဖွဲ့ (၂)ဖွဲ့က ပထမနေ့က ပုံစံအတိုင်း တစ်သင်းစီ သီခြား ယှဉ်ပြိုင်သွားကြမှာပါ။ 
ဒီတစ်ပတ်မှာလည်း တစ်ဖွဲ့ခြင်းစီမှာ ပရိသတ်ရဲ့ SMS voting မဲအများဆုံးရရှိသူ ၁ ဦးက နောက်ထပ်တစ်ဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်သွားမှာဖြစ်ပြီး နောက်ထပ် တစ်ဦးကတော့ ပရိသတ်ရဲ့ မဲပေးရွေးချယ်မှုနဲ့ သက်ဆိုင်ရာ နည်းပြရဲ့ ဆုံးဖြတ်ချက် နှစ်ခု ပေါင်းစပ်ပြီးမှ ရွေးချယ်ခံရမှာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာလည်း ပြိုင်ပွဲဝင် (၄)ဦး နှုတ်ဆက်ထွက်ခွာ အိမ်ပြန်ကြရမှာဖြစ်ပါတယ်။
 
LIVE SHOW နှစ်ပတ် ယှဉ်ပြိုင်မှု အပြီးမှာတော့ အဖွဲ့တစ်ဖွဲ့စီမှာ ပြိုင်ပွဲဝင် (၂)ဦးသာ ကျန်ရှိတော့ပြီး ဆက်လက်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဝင် စုစုပေါင်း (၈)ဦး သာ ကျန်ပါတော့တယ်။
 
 
Live Show တတိယအပတ် (ဇွန် ၉)
 
Semi Final လို့လည်းပြောလို့ရတဲ့ LIVE Show တတိယပတ်မှာတော့ ပြိုင်ပွဲဝင် (၈)ဦးလုံး အလှည့်ကျ သီဆိုယှဉ်ပြိုင်သွားကြမှာပါ။ ဒီအဆင့်မှာတော့ ပရိသတ်တွေရဲ့ SMS voting မဲပေးရွေးချယ်မှု ၆၀ % နှင့် ဒိုင်တွေဆီက ၄၀ % ကိုသုံးပြီး The Voice Myanmar ကို ၁၀၀% ထိန်းကြောင်းသွားမှာဖြစ်ပါတယ်။
 
ယှဉ်ပြိုင်မှုအပြီးမှာ အသင်းတစ်သင်းစီက မဲရလာဒ် အနည်းဆုံး တစ်ဦးစီ စုစုပေါင်း (၄) ဦး ထပ်မံနှုတ်ဆက်ထွက်ခွာ ကြရမှာဖြစ်ပါတယ်။ 
 
အခုဆိုရင် အသင်းတစ်သင်းမှာ ပြိုင်ပွဲဝင် (၁)ဦးစီနဲ့ စုစုပေါင်း (၄)ဦးသာ ကျန်ရှိပါတော့တယ်။ ဒီ ၄ ဦးစလုံးက နောက်ဆုံးအဆင့် Final ကို တက်ရောက်သွားကြပါပြီ။
 
The Voice Myanmar Season 2 ရဲ့ WINNER က ဘယ်သူဖြစ်လာမလဲဆိုတာ နောက်တစ်ပတ်က အသက်ဖြစ်လို့ အဖြေကို ကြိုတင်ရင်ခုန်ကြရမှာပါ။
 
 
Final (ဇွန် ၁၆)
 
အားလုံးမျှော်လင့်နေကြတဲ့ The Voice Myanmar Season 2 Final နေ့မှာတော့ ထူးခြားတဲ့အသံပိုင်ရှင် WINNER တစ်ဦး The Voice Myanmar က ထပ်မံ မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ 
 
WINNER ရသူကတော့ ဆုငွေ ကျပ်သိန်း ၂၀၀ နဲ့အတူ Universal Music နဲ့ သီချင်းအယ်လ်ဘမ် ထွက်ရှိနိုင်မယ့်အပြင် FORD Everest ကားသစ်ကြီးကိုလည်း ပိုင်ဆိုင်မယ့် ဧရာမအခွင့်အရေးကြီးတွေ ရရှိသွားမှာဖြစ်ပါတယ်။
 
 
ယခုတင်ဆက်မယ့် LIVE Show တွေအားလုံးက ပရိသတ်တွေရဲ့ မဲပေး(Vote) စနစ်က အသက် ဖြစ်တာမို့ WINNER ဆုနဲ့ ခိုက်တန်တယ်လို့ ကိုယ်တစ်ကယ် ယုံကြည်တဲ့ ပြိုင်ပွဲဝင်ကို တောက်ပလင်းလက်တဲ့ အနုပညာကြယ်တစ်ပွင့် ဖြစ်လာအောင် မဲပေးကြပါဦးလို့..။
 

News