News

ပရိသတ်တွေ သြဇာလွှမ်းတဲ့ The Voice Myanmar Live Show ဒုတိယည

2 Jun 2019

1,845 Views


ပြီးခဲ့တဲ့ အပတ် Live Show ကနေ Team NiNi(နီနီခင်ဇော်) နဲ့ Team KP(ကျားပေါက်) တို့အဖွဲ့ကနေ အဖွဲ့သားနှစ်ယောက်စီ ဆီမီးဖိုင်နယ်လ်လို့ပြောလို့ရတဲ့ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ။ ဒီနေ့ Live Show ဒုတိယညမှာတော့ ကျန်ရှိနေသေးတဲ့ Team YC(ရန်ရန်ချန်း) နဲ့ Team RZN(အာဇာနည်) တို့ အဖွဲ့နှစ်ဖွဲ့ ယှဉ်ပြိုင်သွားခဲ့ကြတဲ့ သတင်းနဲ့ ပုံရိပ်တွေကို မကြည့်ဖြစ်လိုက်တဲ့ The Voice Myanmar ပရိသတ်တွေအတွက် အစောဆုံးနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
 
ဒီညပထမဆုံး ယှဉ်ပြိုင်ဖို့ အလှည့်ကျတာက ‘ရန်ရန်ချန်း’ ရဲ့ အဖွဲ့ဖြစ်ပါတယ်။ သူ့ရဲ့အဖွဲ့သားတွေဖြစ်တဲ့ “Solomon King” “ယမုံဇင်ဦး” “ဟိန်းဇော်လင်း” နဲ့ “Melody Khong” တို့က နည်းပြ ‘ရန်ရန်ချန်း’ နဲ့အတူ Group song အဖြစ် “ဝင်သက်ထွက်သက်များ“ သီချင်းနဲ့ ပရိသတ်တွေကို လှုပ်လှုပ်ရှားရှားဖြစ်သွားအောင် Live Show ကို စတင်လိုက်ပါတယ်။
 
 
 
Group song နဲ့ ပရိသတ်တွေကို မိတ်ဆက်လို့အပြီးမှာ အစီစဉ်တင်ဆက်သူ ‘တေဇာကျော်’ က SMS voting မဲပေးနိုင်ဖို့ voting line တွေကို ဖွင့်လိုက်ပါပြီလို့ ကြေညာခဲ့ပါတယ်။ ဒီနေ့ညမှာ ပထမဦးဆုံး သီဆိုယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံလိုက်ရတာ “Solomon King” ဖြစ်ပါတယ်။
 
 
ဒီနေ့ညမှာ “Solomon King” ရွေးချယ်လိုက်တဲ့ ‘Unchained Melody’ သီချင်းက ပရိသတ်တွေကို ၁၉၉၀ ခုနစ်များဆီကို ပြန်လည်လွမ်းဆွတ်သွားစေပါတယ်။ လက်ရွေးစင် ဂန္တဝင်သီချင်းတွေကို ခံစားချက်အပြည့်နဲ့ ပီပီပြင်ပြင် သီဆိုတတ်တဲ့ သူ့ရဲ့ အသံကာလာဟာ ဒီသီချင်းနဲ့ အရမ်းကို လိုက်ဖက်လွန်းနေပါတယ်။

ဒုတိယတစ်ယောက်အနေနဲ့ The Voice Myanmar Season 2 မှာ တစ်ဦးတည်းသာ ကျန်တော့တဲ့ ရက်ပ်သမီးပျိုလေး “ယမုံဇင်ဦး” ရဲ့ အလှည့်ဖြစ်ပါတယ်။
 
 
ယမုံဇင်ဦး” ကတော့ စိုးသီဟ(B-Rap) ရေးစပ်ပေးထားပြီး သူမရဲ့ ကိုယ်ပိုင် ရက်ပ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ထမင်းစားရေသောက်” ကို ပရိသတ်တွေ လှုပ်ခတ်သွားအောင် ထမင်းစားရေသောက်ပဲ ပေါ့ပေါ့ပါးပါး သီဆိုပြသွားနိုင်ခဲ့ပါတယ်။

သီချင်းဆိုတဲ့အခါ မိန်းကလေးပရိသတ်တွေ ငေးကြည့်နေရလောက်အောင် အသံနဲ့သာမက ရုပ်ရည်နဲ့ပါ ဆွဲဆောင်ထိန်းချုပ်နိုင်တဲ့ “ဟိန်းဇော်လင်း” က Team YC ရဲ့ မင်းသားလေး တစ်ပါးလည်းဖြစ်ပါတယ်။
 
 
စန္ဒယားခလုပ်လေးတွေကို ကိုယ်တိုင်တီးခတ်ပြီး AR-T ရဲ့ “ချစ်နေဖို့” သီချင်းကို ခံစားချက်အပြည့်နဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ တေးရေး ဇဝါ ရေးဖွဲ့ပေးထားတဲ့ ဒီသီချင်းလေးနဲ့ မိန်းကလေးပရိတ်သတ်တွေကို “ဟိန်းဇော်လင်း” ထပ်မံသိမ်းပိုက်သွားနိုင်ခဲ့ပြန်ပါတယ်။

 
Team YC မှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဖို့ ယုံကြည်မှုအပြည့်နဲ့ စင်မြင်ထက်မှာ နေရာယူထားသူက “Melody Khong” ဖြစ်ပါတယ်။ Battle Round မှာ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကနေ ရန်ရန်ချန်း ရဲ့ အဖွဲ့ထဲကို STEAL နဲ့ ရောက်လာခဲ့ပြီး Knockout Round မှာ ထိုက်တန်သူဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သူပါ။
 
 
“Melody Khong” ကလည်း ထူးထူးခြားခြား အင်္ဂလိပ်စားသား၊ မြန်မာစာသားတွေ ရောနှော ရေးစပ်ထားတဲ့ “The Old You” သီချင်းနဲ့ နူးနူးညံ့ညံ့ လှပစွာ သီဆိုယှဉ်ပြိုင်သွားခဲ့ပါတယ်။ မူရင်းအဆိုရှင်ကတော့ Shine ဖြစ်ပါတယ်။

Team YC က အဖွဲ့သားတွေ အားလုံး ယှဉ်ပြိုင်ခဲ့ပြီးပြီဆိုတော့ အဖြေထုတ်ရတော့မယ့် အချိန်ကို ရောက်လာခဲ့ပါပြီ။ ပရိသတ်တွေရဲ့ Voting မဲတွေကို ရေတွက်ဖို့အတွက် ကြော်ငြာဝင်ပြီး ခတ္တအနားပေးထားပါတယ်။
 
သူတို့ ၄ ဦးထဲက ပရိသတ်ရဲ့ မဲအများဆုံး ရရှိသူတစ်ဦးနဲ့ နည်းပြက ရွေးချယ်လိုက်တဲ့ ၂ ဦးသာ နောက်တစ်ဆင့်ကို တက်ခွင့်ရမှာဖြစ်ပါတယ်။
 
 
ပရိသတ်တွေ ပေးပို့တဲ့ SMS Voting မဲအများဆုံးနဲ့ “Melody Khong“ က တက်သွားပြီး။ နည်းပြ ‘ရန်ရန်ချန်း’ ရဲ့ ရွေးချယ်မှုနဲ့ “Solomon King“ တို့က နောက်တစ်ဆင့်ကို တက်သွားခဲ့ပါတယ်။
 
***********************
 
ဒုတိယပိုင်း ယှဉ်ပြိုင်မှုမှာတော့ Team RZN ‘အာဇာနည်’ ရဲ့ အဖွဲ့သား ၄ ယောက်ဖြစ်တဲ့ “Paul Austin” “David Htoo” “ပန်ပန်ကြေးမုံ” နဲ့ “လင်းခက်” တို့ အလှည့်ကျ ယှဉ်ပြိုင်သွားကြမှာပါ။ 
 
အရင်းဆုံးတော့ နည်းပြ “အာဇာနည်” နဲ့အတူ “ငြိမ်းချမ်းခြင်းရဲ့တေးသံ” သီချင်းကို အဖွဲ့လိုက် Group Song အနေနဲ့ သီဆိုရင်း ပရိသတ်တွေကို နှုတ်ခွန်းဆက်လိုက်ပါတယ်။
 
 
ဘယ်လိုသီချင်းအမျိုးစားကိုမဆို ခံစားသက်ဝင်မှု ကောင်းကောင်းနဲ့ ခံစားနားဆင်ရသူတွေရဲ့ ရင်ထဲရောက်အောင် သီဆိုတတ်တဲ့ “Paul Austin” က ပထမဆုံး ယှဉ်ပြိုင်သွားခဲ့ပါတယ်။
 
 
Knockout  Round ယှဉ်ပြိုင်မှုကနေ မြန်မာသီချင်းတွေကို ခုံခုံမင်မင် သီဆိုပြလာတဲ့ ‘Paul Austin’ က ဒီနေ့ညမှာလည်း တေးရေး စောနဲတာ၊ တေးဆို ဖိုးကာ ရဲ့ လူကြိုက်များတဲ့သီချင်း “လမ်းခွဲ” နဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။

 
‘အာဇာနည်’ အားကိုးလောက်တဲ့ အမျိုးသားပြိုင်ပွဲဝင်တွေထဲမှာ ‘ဒေးဗစ်ထူး’ တစ်ယောက်လည်း ပါဝင်ပါတယ်။ Knockout Round မှာ သူသီဆိုခဲ့တဲ့ ‘နှံကောင်လေးအတွက်’ သီချင်းနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
 
 
အော်လ်တာနေးတစ် အဆိုရှင်တွေရဲ့ သီချင်းကို ကိုယ်ပိုင်စတိုင်နဲ့ ထိန်းကြောင်းပြီး သီဆိုနိုင်ပြီလို့ ယုံကြည်ချက်အပြည့်ရှိလာတဲ့ “David Htoo” က ဒီညမှာလည်း Idiots အဖွဲ့က ‘ရေမွန်’ သီဆိုထားတဲ့ “ဆုလာဘ်” သီချင်းနဲ့ ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားခဲ့ပါတယ်။

 
အာဇာနည်ရဲ့ အဖွဲ့ထဲမှာ တစ်ယောက်ထဲ ကျန်တော့တဲ့ အမျိုးသမီးပြိုင်ပွဲဝင်က “ပန်ပန်ကြေးမုံ” ပါ။ သီချင်းဆိုသက် အတော်အတန်ရနေပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အခိုင်အမာရရှိထားတဲ့ အဆိုရှင်လည်းဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းအခက်တွေကိုမှ ရွေးပြီး သီဆိုယှဉ်ပြိုင်တတ်သူ ဖြစ်လို့ သူ့အလှည့်ရောက်ရင် ဘာသီချင်းဆိုမလဲဆိုတာ ပရိသတ်တွေအမြဲ သိချင်နေခဲ့ပါတယ်။
 
 
ဒီညမှာလည်း အခက်တစ်ကာ့အခက်ဆုံး သီချင်းဖြစ်တဲ့ “အစွန်းရောက်ချစ်တတ်ခဲ့သော(၂)” ကို သတ္တိရှိရှိ ရွေးထုတ်လာခဲ့ပြန်ပါပြီ။ ‘ဘိုဘို’ ကိုယ်တိုင် ရေးစပ်ထားတဲ့ ဒီသီချင်းက သူ့ရဲ့တစ်ကိုယ်တော် အခွေဖြစ်တဲ့ “တို့ဝေးရာ” စီးရီးထဲက သီချင်းတစ်ပုဒ်ဖြစ်ပြီး အရမ်းအောင်မြင်ခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

 
ပရိသတ်တွေကို ပျော်ရွှင်အောင် တင်ဆက်မှုပုံစံအသစ်လေးတွေ အမြဲယူဆောင်လာပေးလေ့ရှိတဲ့ “လင်းခက်” က ဒီနေ့ညအတွက် နောက်ဆုံးပိတ် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဝင်ဖြစ်ပါတယ်။
 
 
ပရိသတ်တွေက ထူးအိမ်သင် အငယ်စားလေးလို့ တင်စားနေကြတဲ့အတိုင်း သီချင်းအေးအေးချိုချိုလေးတွေနဲ့ “လင်းခက်” ရဲ့ အသံကလဲ လိုက်ဖက်လွန်းပါတယ်။ မကြာသေးခင်က အွန်လိုင်းပေါ်မှာ ပလူပျံခဲ့ပြီး အရမ်းကို အောင်မြင်ကျော်ကြားခဲ့တဲ့ ‘အောင်ရင်’ ရဲ့ “အဖေ့စကား” နဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီသီချင်းက တေးရေး ညီမင်းခိုင် ရဲ့ လက်ရာဖြစ်ပါတယ်။

 
အဖွဲ့သား ၄ ဦးလုံး အစွမ်းကုန်သီဆိုယှဉ်ပြိုင်မှု ပြီးဆုံးချိန်မှာတော့ Voting line တွေ ပိတ်လိုက်ပါပြီလို့ ကြေညာခဲ့ပြီး မဲရေတွက်မှုတွေ လုပ်ဆောင်နေပါတယ်။ အခုလိုအချိန်မှာ နည်းပြ အာဇာနည် တစ်ယောက်တော့ ခေါင်းခြောက်နေမှာသေချာပါတယ်။ ဒါပေမယ့် သူ့အတွက် တစ်ယောက်သာ ရွေးချယ်ဖို့ အခွင့်အရေးရှိပြီး ကျန်တစ်ဦးကတော့ ပရိသတ်တွေကိုယ်တိုင် ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
 
 
ပရိသတ်တွေရဲ့ SMS voting အများဆုံးနဲ့ “လင်းခက်“ က နောက်တစ်ဆင့်တက်သွားပြီး “Paul Austin“ ကလည်း အာဇာနည် ရဲ့ လက်တွဲခေါ်ယူမှုနဲ့အတူ နောက်တစ်ဆင့်ကို တက်သွားပြီဖြစ်ပါတယ်။
 
Team ၄ ခုစလုံးမှာ အသင်းသား ၂ ယောက်စီနဲ့ စုစုပေါင်း ပြိုင်ပွဲဝင် ၈ ဦးသာ ကျန်ရှိပါတော့တယ်။ Semi Final ကို အသင်းတစ်သင်းစီက ၁ ဦးစီသာ တက်ရောက်သွားမှာဖြစ်လို့ နောက်လာမယ့် တနင်္ဂနွေနေ့မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ဦးမလဲဆိုတာ MRTV 4 ရုပ်သံကနေ ည ၉ နာရီအချိန်မှာ ဆက်ဆက်စောင့်ကြည့်ကြပါဦး။
 
The Voice Myanmar ရဲ့ သတင်းတွေကို ဦးဦးဖျားဖျား အစောဆုံးဖော်ပြပေးနေတဲ့ The Voice Myanmar  ရဲ့ Facebook Page ကို LIKE & See First လုပ်ထားပြီး Update သတင်းတွေ ဖတ်ရှုနိုင်ပါတယ်။

 

News