News

အလှပဆုံး အနားသတ်နိုင်ခဲ့တဲ့ The Voice Myanmar FINAL Show ည

16 Jun 2019

1,929 Views


The Voice Myanmar ရဲ့ Final Live Show ညကတော့ ပြိုင်ပွဲဝင် ၄ ဦးစလုံးနဲ့အတူ နည်းပြတွေ အပါအဝင် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ အားလုံးအတူတူ စိတ်လှုပ်ရှားခဲ့ရတဲ့ ညလည်း ဖြစ်ပါတယ်။ 
 
Final ကို ရောက်ဖို့ ပြိုင်ပွဲဝင်တွေဟာ Level အဆင့်ဆင့်ကို ကြိုးစားပမ်းစား ဖြတ်သန်းလာခဲ့ကြသူတွေဖြစ်လို့ သူတို့အားလုံးဟာ WINNER ဆုနဲ့ ထိုက်တန်ကြသူတွေလည်း ဖြစ်ပါတယ်။ 
 
မနေ့ညက နာမည်ကြီး အဆိုတော်များရဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ ပြိုင်ပွဲဝင်တွေရဲ့ အကောင်းဆုံးသီဆိုယှဉ်ပြိုင်မှုတွေကို မကြည့်ဖြစ်လိုက်တဲ့ ပရိသတ်တွေအတွက် Final ရဲ့ ပုံရိပ်များကို အကောင်းဆုံးပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။
 
Final ည ရဲ့ သီဆိုယှဉ်ပြိုင်မှုမှာ နှစ်ကျော့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပထမအကျော့မှာ ပြိုင်ပွဲဝင်တွေ တစ်ဦးချင်း သီဆိုယှဉ်ပြိုင်ခဲ့ကြရပြီး ဒုတိယအကျော့မှာတော့ ယှဉ်ပြိုင်တယ်ဆိုတာထက် ပရိသတ်ကို ဖျော်ဖြေတင်ဆက်တဲ့ ပုံစံမျိုးနဲ့ ပြိုင်ပွဲဝင်တွေက သူတို့ရဲ့ နည်းပြတွေနဲ့ တွဲကာ စုံတွဲ(Duet) တစ်ပုဒ်စီ သီဆိုဖျော်ဖြေသွားခဲ့ကြပါတယ်။
 
ပြိင်ပွဲရဲ့ ပထမအကျော့ မစတင်မီ ဆလိုက်မီးရောင်စုံတွေအောက်က ခမ်းနားလှတဲ့ စင်မြင့်ထက်မှာ Season 1 ရဲ့ WINNER ဖြစ်တဲ့ “ငွေစိုး” က သီချင်းတစ်ပုဒ် အမှတ်တရ သီဆိုပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ 
 
တေးရေး နေဝါ ရေးစပ်ထားပြီး သူ့ရဲ့တစ်ကိုယ်တော် စီးရီးထဲက “တစ်ကယ်ဝေးခဲ့ရင်” သီချင်းနဲ့ Final ရဲ့ အဖွင့်ကို စတင်လိုက်ပါတယ်။
 
 
အဲဒီနောက်မှာတော့ စီနီယာ Winner ဖြစ်တဲ့ “ငွေစိုး” က ပြိုင်ပွဲဝင် ညီ၊ ညီမတွေ အတွက် အားပေးစကား ပြောကြားပေးခဲ့ပါတယ်။
 
အစီစဉ်တင်ဆက်သူ တေဇာကျော် က ပရိသတ်တွေ Voting ပေးနိုင်မယ့် စနစ်တွေအကြောင်း ရှင်းပြပြီးတဲ့ အခါမှာတော့ voting line တွေကိုလည်း ဖွင့်လိုက်ပါတယ်။
 
Final မှာ ပွဲဦးထွက် ပထမဆုံး ယှဉ်ပြိုင်ရမယ့်သူက Team NiNi (နီနီခင်ဇော်) ရဲ့ အဖွဲ့ဝင် “Hazel” ဖြစ်ပါတယ်။ သီဆိုယှဉ်ပြိုင်မှု မစခင်မှာ “နီနီခင်ဇော်” က “Hazel” အတွက် အားပေးစကားနဲ့ ဆုတောင်းစကား ပြောကြားပေးခဲ့ပါတယ်။
 
 
“Hazel” ရွေးချယ်ထားတဲ့ သီချင်းက ပရိသတ်တွေနဲ့အတူ အခြားနည်းပြတွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။ မြန်မာသံ တေးသီချင်းစစ်စစ်ဖြစ်တဲ့ “တစ်ကျော့နှစ်ကျော့တေးကိုသီ” သီချင်းကို သီဆိုသွားခဲ့ပါတယ်။ ဂီတလုလင်မောင်ကိုကို ရေးစပ်ခဲ့ပြီး အဆိုတော်ကြီး တင်တင်မြ ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်ပါတယ်။ 
ဒီသီချင်းအတွက် တီးခတ်ဖန်တီးမှုတွေကို ဂီတမှူး “ဓီရာမိုရ်” က အကောင်းဆုံး ဖန်တီးပေးထားပါတယ်။
 
မြန်မာဆန်ဆန် ဝတ်စားထားတဲ့ ‘Hazel’ က မြန်မာတူရိယာ စောင်း၊ ပတ္တလားတို့ခြံရံလျှက် ခမ်းခမ်းနားနား သီဆိုယှဉ်ပြိုင်သွားခဲ့တာဟာ ပရိသတ်တွေရဲ့ နားထဲကို တငြိမ့်ငြိမ့် စိမ့်ဝင်စီးဆင်း သွားနိုင်ခဲ့ပါတယ်။
 
 
“အာဇာနည်” က မောင်လေးလဲ ထပြီးအားပေးခဲ့ပါတယ်လို့ အရွှန်းဖောက်ပြီး Voting ဆုတောင်းပေးခဲ့ပါတယ်။မောင်အငယ်ဆုံးလေးကလည်း Voting များများရပါစေလို့ ဆုတောင်းပေးတယ်နော်လို့ “ရန်ရန်ချန်း” ကလည်း ကျီစယ်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။
 
“ကျားပေါက်” က အရမ်းကောင်းပါတယ်၊ တော်ပါတယ်လို့ ချီးကျူးခဲ့ပါတယ်။ အသည်းတွေပေါက်ကွဲမတတ်ခံစားရတယ်လို့ “နီနီခင်ဇော်” က သီဆိုမှုအပေါ် သုံးသပ်ပြီး ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်
 
 
 နောက်ထပ် သီဆိုယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံရသူက  “နိုဗန်ထူး” Team KP (ကျားပေါက်) အဖွဲ့မှဖြစ်ပါတယ်။ နည်းပြကြီး “ကျားပေါက်” ကတော့ “နိုဗန်ထူး” အကောင်းဆုံးလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပြီး WINNER မဖြစ်ခဲ့ရင်တောင် သူ့ရဲ့ သီဆိုမှုက ပရိသတ်တွေအတွက် အမှတ်တရ ဖြစ်မှာပါလို့ ပြောကြားခဲ့ပါတယ်။
 
 
“နိုဗန်ထူး” က သူဆိုနေကျလို ပုံစံမျိုး မြူးဇစ်ခပ်ကြမ်းကြမ်းလေးနဲ့ ရေးဖွဲ့ထားတဲ့ “နောက်ကျော” ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ Idiots အဖွဲ့က ရေမွန် ကိုယ်တိုင် ရေးစပ်သီဆိုထားတဲ့ သီချင်းဖြစ်ပါတယ်။
 
“နိုဗန်” ရဲ့ စတိုင်အတိုင်း စင်ပေါ်မှာ ဆံပင်ရှည်တွေကို ဝှေ့ရမ်းပြီး အသံတွေကို အချိုတစ်မျိုး အကြမ်းတစ်မျိုး ရောစပ်ပြီး ပတ်ချာလည်မွှေ့ ပြီး သီဆိုသွားခဲ့ပါတယ်။ သီချင်းအဆုံးမှာတော့ စတူဒီယိုထဲမှာ လာရောက်အားပေးတဲ သူ့ပရိသတ်တွေရဲ့ အပီအပြင် အားပေးသံတွေကို ကြားခဲ့ရပါတယ်။
 
 
သူယုံကြည်ရာ ဂီတကိုပဲ တစ်ချိန်လုံး ရပ်တည်သွားတဲ့အတွက် Winner ဖြစ်ပါစေလို့ “နီနီခင်ဇော်” က ဆုတောင်းပေးခဲ့ပါတယ်။ ရန်ရန်ချန်း ကတော့ လူငယ်တိုင်းဟာ လမ်းသရဲဘဝကို ဖြတ်ခဲ့ဖူးကြမှာပါ၊ ဒီလမ်းသရဲပုံစံ ဂီတကို The Voice Myanmar စင်မြင့်ထက်ကို ယူလားပေးလို့ ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
 
ဒီလိုပုံစံမျိုး ဂီတကို ပြိုင်ပွဲဆုံးတဲ့အထိ ပုံစံအမျိုးမျိုးနဲ့ သီဆိုပြခဲ့လို့ Ford ကားကြီး စီးရပါစေလို့ “အာဇာနည်” က ဆုတောင်းပေးခဲ့ပါတယ်။ Winner ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ရှေ့ဆက်လုပ်မယ့် အလုပ်တွေ အောင်မြင်ပါစေလို့ “ကျားပေါက်” က ဆုတောင်းပေးခဲ့ပါတယ်။
 
 
တတိယမြောက် ယှဉ်ပြိုင်ခဲ့သူက Team YC (ရန်ရန်ချန်း) ရဲ့ အဖွဲ့မှ အမျိုးသမီးပြိုင်ပွဲဝင် “Melody Khong” ရဲ့ အလှည့်ပါ။ အခုလောလောဆယ်မှာတော့ ပင်ပန်းခဲ့သမျှတွေကို သက်ပြင်းချပြီး သူမရဲ့ သီဆိုမှုကို ပရိသတ်ကို ချပြဖို့ စောင့်နေပါတယ်လို့ “ရန်ရန်ချန်း” က ဦးစွာ မှတ်ချက်ပေးခဲ့ပါတယ်။
 
 
တေးရေး/တေးဆို ထူးအိမ်သင် ရဲ့ “ဂျပ်ဆင်ထိပ်ကလရိပ်ပြာ” သီချင်းကို ရွေးချယ်ထားပါတယ်။ ဒီသီချင်းက ပြိုင်ပွဲတလျောက်လုံး Melody Khong သီဆိုနေကျ သီချင်းပုံစံတွေနဲ့တော့ ကွဲပြားနေပါတယ်။ 
 
လိပ်ပြာလေးတွေ ဝဲနေတဲ့ နောက်ခံပုံရိပ်တွေကြားကနေ မြူခိုးလေးတွေကြားမှာ အသံချိုချို အေးအေးလေးနဲ့ အိမ်မက်ဆန်ဆန် သီဆိုသွားတဲ့ “Melody Khong” က စနိုးဝှိုက် မင်းသမီးလေးလို စင်ပေါ်မှာ လှပနေခဲ့ပါတယ်။
 
 
“Melody Khong” ရဲ့ ထုံစံအတိုင်း သီချင်းတစ်ပုဒ်ကို ရိုးသားမှုနဲ့ ချဉ်းကပ်တယ်လို့ “ကျားပေါက်” က မှတ်ချက်ပေးခဲ့ပါတယ်။ အဆင့်တိုင်းမှာ ပိုပြီးတော်လာသလို လုံးဝအရှုံးမပေးတဲ့ ညီမလေးဖြစ်လို့ voting များများရပါစေလို့ “နီနီခင်ဇော်” က ဆုတောင်းပေးခဲ့ပါတယ်။
 
“အာဇာနည်” ကတော့ သီချင်းဆိုသွာတာ အားရကျေနပ်ပါတယ်၊ ဂီတလောကထဲကိုရောက်ဖို့ အချိန်တန်ပါပြီလို့ “ရန်ရန်ချန်း” က မှတ်ချက် ပေးခဲ့ပြီး voting များများရပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
 
 
 နောက်ဆုံးပိတ် ယှဉ်ပြိုင်ရမယ့်သူက Team RZN (အာဇာနည်) အဖွဲ့မှ “Paul Austin” ဖြစ်ပါတယ်။ပေါလ်အတွက် ရင်ခုန်နေရတယ်ဆိုပေမယ့်လည်း တစ်ဖက်မှာလည်း သူ့ကို စိတ်ချယုံကြည်ပြီးသားပါလို့  အာဇာနည် က မှတ်ချက် ပေးခဲ့ပါတယ်။
 
 
သူရွေးချယ်ခဲ့တဲ့ သီချင်းကလည်း ထူးခြားတယ်လို့ ပြောရမှာပါ။ အင်နဲ့အားနဲ့ သီဆိုတတ်တဲ့ အမျိုးသမီးအဆိုတော် ဆုန်သင်းပါရ် ရဲ့ “သခင်” သီချင်းကို ရွေးထားပါတယ်။ စောခူဆဲ ရဲ့ အကောင်းစား တေးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
 
“Paul Austin” က မြူးဇစ်အရှိန် ခပ်နှေးနှေးနဲ့ တီးခတ်ထားတဲ့ သီချင်းရဲ့ စာသားတစ်ကြောင်းစီကို တည်တည်ငြိမ်ငြိမ်နဲ့ ထိထိမိမိ သီဆိုသွားခဲ့ပါတယ်။ ဒုတိယအပိုဒ်မှာတော့ ကီးကို အမြင့်ဆုံးထိ ဆွဲတင်သွားပြီး သူ့ရဲ့ vocal power ကို ချပြသွားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ သီချင်းမဆိုခင်ထဲက သူ့ရဲ့အပြုံးနဲ့တင် ဆူဆူညံညံတွေဖြစ်နေခဲ့ပါပြီ။
 
 
ဘာသီချင်းဆိုဆို ကောင်းပြီးသားဖြစ်တဲ့ Paul အတွက် vote တွေရပြီး Winner ဖြစ်ပါစေလို့  “ရန်ရန်ချန်း” ဆုတောင်းပေးခဲ့ပါတယ်။ ”နီနီခင်ဇော်” ကတော့ Paul ရဲ့ စိတ်ထားနဲ့ ရိုးသားမှုကို ချီးကျူးခဲ့ပါတယ်။
 
အနုပညာရှင်တွေမှာ ရှိသင့်တဲ့ သီချင်းပေါ်မှာထားတဲ့ စေတနာကို မြင်တွေ့ရတယ်လို့ “ကျားပေါက်” က မှတ်ချက်ပေးခဲ့ပါတယ်။
 
ဘုရားသဖင်က အကောင်းဆုံး စောင့်လျှောက်ပေးလိမ့်မယ်လို့ ယုံကြည်တယ်လို့ ဆိုပြီး Winner ဖြစ်ပါစေလို့ “အာဇာနည်” က ဆုတောင်းပေးခဲ့ပါတယ်။
 
*****************
 
ဒုတိယအကျော့အဖြစ် ပြိုင်ပွဲဝင်တွေက သက်ဆိုင်ရာ နည်းပြတွေနဲ့ အတူတူ စုံတွဲသီဆို ဖျော်ဖြေသွားကြမှာဖြစ်ပါတယ်။
 
ပထမဆုံး စုံတွဲအဆိုကိုတော့ “ရန်ရန်ချန်း” နဲ့ “Melody Khong” တို့ တွဲဖက်ပြီး Acid အခွေထဲမှာ သူကိုယ်တိုင်ရေးစပ်ထားခဲ့တဲ့ “အဆိပ်အိပ်မက်” သီချင်းကို Rapping တွေ ရွတ်ရင်း ပရိသတ်တွေကို လှုပ်ရွစေခဲ့ပါတယ်။
 
 
“ကျားပေါက်” ကလည်း သူရဲ့ အဖွဲ့ဝင် “နိုဗန်ထူး” နဲ့အတူ သူတို့နှစ်ယောက်လုံး နှစ်သက်တဲ့ သီချင်းအမျိုးအစားဖြစ်တဲ့ “Telepunk” သီချင်းကို ဖျော်ဖြေခဲ့ပါတယ်။ ဒီသီချင်းက ကျားပေါက် ရေးစပ်ထားတဲ့ သီချင်းလည်းဖြစ်ပါတယ်။ 
 
“ကျားပေါက်” က ကိုယ်တိုင် ဂီတာတီးပြီး သူတို့နှစ်ယောက် စင်ပေါ်မှာ စိတ်လွတ်လက်လွတ်ကြီး သီဆိုသွားတာဟာ ပြိုင်ပွဲဆိုတာကိုတောင် မေ့လျော့သွားစေပါတယ်။
 
 
Team NiNi ရဲ့ အလှည့်မှာတော့ “နီနီခင်ဇော်” နဲ့အတူ “Hazel” တို့က ကမ္ဘာကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Titanium” သီချင်းကို လိုက်ဖက်ညီညီ အပြိုင်အဆိုင် သီဆိုခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ လက်ခုပ်သံ ညံသွားခဲ့ပါတယ်။
 
 
“အာဇာနည်” နဲ့ “Paul Austin” တို့ရဲ့အလှည့်မှာတော့ ထူးထူးခြားခြား သီချင်းနှစ်ပုဒ်ကို အလှည့်အပြောင်းနဲ့ သီဆိုသွားခဲ့ပါတယ်။ Westlife အဖွဲ့ရဲ့ “Fool Again” နဲ့ “ဂန္ဓဝင်ဆည်းဆာ” သီချင်းတို့ဖြစ်ပါတယ်။ 
 
“ဂန္ဓဝင်ဆည်းဆာ” ကို တေးရေး ညီညီစံ က ရေးစပ်ခဲ့ပြီး မူရင်းအဆိုရှင် စိုးလွင်လွင် ရဲ့ သီချင်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ တိမ်မြုတ်နေခဲ့တဲ့ ဒီသီချင်းကို “အာဇာနည်” ပြန်လည် ဖော်ထုတ်သီဆိုလိုက်တဲ့အချိန်မှာလည်း နောက်တစ်ကြိမ် ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပြန်ပါတယ်။
 
 
နည်းပြတွေနဲ့ တွဲဖက်ပြီး ပြိုင်ပွဲဝင်တွေရဲ့ ဒုတိယအကျော့ ဖျော်ဖြေယှဉ်ပြိုင်မှုအပြီးမှာတော့ Grand Final အတွက် အထူးဖိတ်ကြားထားတဲ့ ဧည့်သည် အဆိုတော် “Snare” အဖွဲ့ကို ဖျော်ဖြေပေးဖို့ အစီစဉ်တင်ဆက်သူက ဖိတ်ကြားခဲ့ပါတယ်။
 
“Snare” အဖွဲက သူတို့ရဲ့ အအောင်မြင်ဆုံး သီချင်းတွေဖြစ်တဲ့ “၃၉ ဗိုက်ပူ” နဲ့ “ပစ္စုပ္ပန်” သီချင်းတွေကို သူတို့ရဲ့ ဖျော်ဖြေနေကြ စတိုင်အတိုင်း မြူးမူးကြွကြွ သီဆိုဖျော်ဖြေသွားခဲ့ပါတယ်။
 
 
ဧည်သည် အဆိုတော်တွေရဲ့ ဖျော်ဖြေသီဆိုမှုအပြီးမှာတော့ ပရိသတ်တွေအတွက် Voting Line တွေ ပိတ်လိုက်ပါပြီလို့ ကြေညာလိုက်ပါတယ်။ ဒီနေ့ညအတွက် ရင်အခုန်ရဆုံး အဖြေထွက်လာတော့မယ့် အချိန်ကို နီးကပ်လို့လာနေပါပြီ။ ရုပ်သံကြော်ငြာလေးတွေ လွှင့်နေချိန်မှာ ပရိသတ်တွေရဲ့ မဲတွေကိုလည်း စတင်ရေတွက်နေပါပြီ။
 
နည်းပြ ၄ ဦးဖြစ်တဲ့ “ကျားပေါက်” “နီနီခင်ဇော်” “ရန်ရန်ချန်း” နဲ့ “အာဇာနည်” တို့ရဲ့ နောက်ဆုံး အားပေးစကားနဲ့အတူ ပြိုင်ပွဲဝင်တွေအတွက် အဖြေကို စတင်ကြေညာပါတယ်။
 
ပရိသတ် မဲပေးမှု အများဆုံးနဲ့ Top 2 ဖြစ်သွားတဲ့ ပြိုင်ပွဲဝင် နှစ်ယောက်ကတော့ “Novem Htoo” နဲ့ “Paul Austin” တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးထဲကမှ ပရိသတ်ရဲ့ မဲအများဆုံး ရရှိသူက WINNER ဖြစ်သွားမှာဖြစ်ပါတယ်။
 
“Hazel” နဲ့ “Melody Khong” တို့ရဲ့ နှုတ်ဆက်စကား ပြောကြားအပြီးမှာတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ အချိန်ကို ထပ်မံရောက်ရှိလာခဲ့ပြန်ပါတယ်။ 
 
အစီစဉ်ကြေညာသူ တေဇာကျော် ရဲ့ ကြေညာချက်နဲ့အတူ “နိုဗန်ထူး“ က The Voice Myanmar Season 2 ရဲ့ WINNER ဖြစ်သွားခဲ့ပါပြီ။ 
 
 
Congratulations..! 
 
နောက်နှစ်မှာလည်း The Voice Myanmar Season 3 နဲ့အတူ ထပ်မံဆုံတွေ့ကြပါဦးမယ်။
 

News