News

နည်းပြတွေရောပရိသတ်တွေပါ ဆေးထိုးခံလိုက်ရတဲ့ Blind Audition ည

17 Mar 2018

1,403 Views


The Voice Myanmar Blind Audition ထုတ်လွှင့်မှု အပိုင်းအသစ်ကို ကြည့်ရဖို့ တစ်ပတ် တစ်ပတ်မျှော်လိုက်ရတာ။ တနင်္ဂနွေနေ့ ကလည်း ရောက်နိုင်ခဲလိုက်တာနော်..! မနက်ဖြန် တနင်္ဂနွေဖြစ်လိုက်ပါတော့လားလို့ စိတ်ထဲဖြစ်မိပါတယ် (တစ်ကယ်ပါ)။

ဒီလိုနဲ့ တနင်္ဂနွေနေ့ည ရောက်လာပြန်တော့ အရမ်းကောင်းတဲ့ ပြိုင်ပွဲဝင်တွေရဲ့ သီဆိုမှု၊ နည်းပြလေးဦး အချင်းချင်း စ,နောက်ကျီစယ်ကြရင်း ပြိုင်ပွဲဝင်တွေကို မဲဆွယ်လုရတာတွေနဲ့ တင်ဆက်ပုံတွေ အားလုံးကို ကြည့်ရတာ စောင့်ရကျိုးနပ်လိုက်တာဆိုတဲ့ ခံစားမှုနဲ့ ​ကျေနပ်နှစ်သိမ့်စေခဲ့ပါတယ်။
ဒီတစ်ပတ်နဲ့ပါဆိုရင် Blind Audition က ၅ ပတ်မြောက် Episode 5 ကို ရောက်ရှိနေပါပြီ။

ဒီနေ့ညအတွက် ပထမဦးဆုံး စတင်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဝင်က “နန်းဇာခြည်လင်း” ဖြစ်ပါတယ်။ မန္တလေးကနေ လာရောက်ယှဉ်ပြိုင်သူပါ။ ကေအေတီရေးစပ်ထားပြီး မဒီရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ “အထီးကျန်သူ” သီချင်းနဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။

အနိမ့်သံလေးကနေ စဝင်ရပြီး တစ်ဖြည်းဖြည်း ကီးအမြင့်ဆုံးထိ တစ်ရစ်ရစ်ဆွဲခေါ်သွားတဲ့ သီချင်းမို့ ဒီသီချင်းက ပညာသားပါပြီး ဆိုရခက်တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒီသီချင်းကို ရွေးချယ်ခဲ့တဲ့ “နန်းဇာခြည်လင်း” အတွက် ကြည့်နေရင်းနဲ့ စိတ်ပူနေမိတာကတော့ အမှန်ပါပဲ။ နည်းပြတွေ ရွေးချယ်မှာ မရွေးချယ်မှာထက် ဒီလိုခက်ခဲတဲ့ သီချင်းကို သူဆိုနိုင်ပါ့မလားဆိုတဲ့ ခံစားချက်က ပိုပါတယ်။ ပရိသတ်တွေလည်း ကြည့်လိက်ြမိရင် ဒီလိုမျိုးခံစားချက် ထပ်တူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်..
 


ဒုတိယပြိုင်ပွဲဝင်ကတော့ “ဒီကောင်ကြီးအသံက ရုပ်ကြမ်းကြီးနဲ့တောင် မလိုက်ဘူး” လို့ သူငယ်ချင်းတွေက ချစ်စနိုးနဲ့ ပြောတာခံရတဲ့ “ငွေစိုး” ဖြစ်ပါတယ်။ တစ်ကယ်လည်း သူ့ရဲ့အသံက ရှတတနဲ့ နူးညံ့ပျော့ပြောင်းနေခဲ့တာကို တွေ့ရပါတယ်။ တေးရေးဝေကြီး ရေးစပ်ထားပြီး ဖြိုးပြည့်စုံရဲ့ “အသည်းကွဲဧည့်သည်” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

သီချင်းပြီးဆုံးပြီး နည်းပြတွေအားလုံး ခုံပြန်လှည့်လာချိန်မှာတော့ လင်းလင်းက အထင်နဲ့အမြင်လွဲသွားကြောင်း၊ နီနီခင်ဇော်က စင်ပေါ်မှာ ကြောက်တဲ့စိတ်မရှိပဲ ဆိုနိုင်တာ ချီးကျူးကြောင်း၊ ရန်ရန်ချန်းကတော့ စကားပြောတဲ့အသံကို ပိုကြိုက်တယ်၊ ကျားပေါက်ကတော့ သူ့ရဲ့အသံကို fragile ဖြစ်တယ်လို့ ကွန်မန့်တွေ အသီးသီးပေးခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် “ငွေစိုး” တစ်ယောက် အသက်ကန့်သတ်ချက်မထားတဲ့ The Voice Myanmar မှာ ဘယ်လိုအဖြေထွက်ခဲ့လဲဆိုတာကတော့ ရင်ခုန်စရာပါ..



တတိယတစ်ဦးကလည်း မန္တလေးက လာရောက်ယှဉ်ပြိုင်တဲ့ “အောင်ကြီး” ဖြစ်ပါတယ်။ အသက် ၃၈ နှစ်ဖြစ်ပြီး ကျောက်မျက်လုပ်ငန်း လုပ်ကိုင်နေသူပါ။ အနေအေးတဲ့ပုံစံပေါက်နေတဲ့ “အောင်ကြီး”၊ သူအရမ်း အားကျရတာကတော့ လေးဖြူ ပါတဲ့။ ဒါကြောင့်မို့ လေးဖြူသီဆိုထားပြီး လင်းလင်းရေးထားတဲ့ “ခရီးအဆုံးထိ” သီချင်းနဲ့ ဖြစ်ပါတယ်။

မန္တလေးက အောင်ကြီးတစ်ယောက် မန္တလေးသားလင်းလင်းရေးတဲ့ သီချင်းနဲ့ ခရီးအဆုံးထိ လျှောက်နိုင်ပါ့မလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။



ဒီနေ့တော့ မန္တလေးက ဘော်ဒါတွေစုပြီး The Voice Myanmar ကို ချီတက်လာကြပုံရပါတယ် စတုတ္ထမြောက်ပြိုင်ပွဲဝင်ကလည်း မန္တလေးက “K ကြီး” ဆိုသူပါ။ သူ့အရှေ့က ယှဉ်ပြိုင်သွားကြတဲ့ “ငွေစိုး” “အောင်ကြီး” တို့နဲ့ လည်ပင်းဖက်ပေါင်းကြတဲ့ သူငယ်ချင်းတွေဖြစ်ဟန်တူပါတယ်။

“K ကြီး” က ဇော်ဝင်းထွဋ်ရဲ့ “သေစေနိုင်တယ်” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဇော်ဝင်းထွဋ်ရဲ့ အသံကာလာနဲ့ မတူပဲ လုံးဝကွဲထွက်နေတာကြောင့် သီချင်းအသစ်တစ်ပုဒ် နားထောင်နေရသလိုမျိုးပါပဲ။ စာရေးသူရဲ့အမြင်အနေနဲ့ ပြောရရင် ကောင်းဆက်ရဲ့ ကာလာ ဆိုပေါက်နဲ့ တစ်ချက်တစ်ချက် ဆင်သလိုခံစားမိပါတယ်။ သေချာတာကတော့ သီချင်းဆိုတာ သဘာရင့်နေတဲ့ လူတစ်ယောက်ရဲ့ ဆိုဟန်မျိုးဆိုတာကိုတော့ ငြင်းလို့ မရနိုင်ပါဘူး။
“K ကြီး” ရဲ့ သီဆိုမှုအားလုံးအပြီးမှာ နည်းပြတွေ ဘာကြောင့် အံ့သြခဲ့ရတာလဲဆိုတာလေးက တစ်ကယ့် အံ့သြစရာပါ။



နောက်ထပ်ပြိုင်ပွဲတစ်ဦးကတော့ သီချင်းမဆိုရသေးခင်မှာပဲ လူကိုမြင်လိုက်တာနဲ့တင် ပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ (MRTV 4 က အစီစဉ်တွေ အမြဲစောင့်ကြည့်သူဆိုရင်ပေါ့လေ) “Jubilee ထွန်း” ဖြစ်ပါတယ်။

စင်ပေါ်မှာ စန္ဒယားကို ကိုယ်တိုင်ကျကျနနတီးပြီး များသောအားဖြင့် စုံတွဲသီဆိုလေ့ရှိတဲ့ “The Prayer” ကို ပိုင်ပိုင်နိုင်နိုင်ကြီး သီဆိုသွားခဲ့တာ နားထဲမှာ တစ်ကယ်ကိုအရသာရှိပြီး ကြက်သီးများတောင် ထမိပါတယ်။
“Jubliee ထွန်း” အတွက် နည်းပြဘယ်နှစ်ယောက်လောက် လှည့်လာမယ်ထင်ပါသလဲ..?



အမျိုးသားပြိုင်ပွဲဝင်တွေချည်းပြီး ကြည့်ရလို့ အီလာတဲ့အချိန်မှာ အမျိုးသမီးအဆိုရှင်တစ်ဦး ပြိုင်ဖို့အလှည့်ကျလာပါတယ်။ နာမည်ခပ်ဆန်းဆန်းလေးနဲ့ “Keh Keh”တဲ့၊ (ကဲကဲ) က ပုသိမ်မြို့က ဖြစ်ပြီး ဘုရားကျောင်းမှာ Sunday school ဆရာမတစ်ယောက်လည်းဖြစ်ပါတယ်။

“မှားပြန်တယ်” ဆိုတဲ့ သီချင်းကို သူဆိုလိုက်တဲ့အခါ မူရင်းအဆိုတော် ဘယ်သူလဲဆိုတောင် ဇဝေဇဝါဖြစ်သွားလောက်အောင် သူ့ရဲ့ကိုယ်ပိုင်ဟန် အသံအေးအေးလေးနဲ့ ဆိုသွားနိုင်ခဲ့ပါတယ်။ “မှားပြန်တယ်” က တင်ဇာမော်ရဲ့ သီချင်းဖြစ်ပြီး ဘယ်လောက်များတောင် ပုံစံကွဲသွားလဲဆိုတာ နားဆင်ကြည့်ပါဦး။
 

 

ကျားပေါက်ရဲ့ အောင်မြင်နေဆဲသီချင်းဖြစ်တဲ့ “ဝေးသွားလဲ” သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့သူကတော့ ဟုမ္မလင်းမြို့က “ဇော်လေး” ပါ။

အဝေးကနေပြီး သားဖြစ်သူကို အောင်မြင်စေချင်တဲ့ မိဘတွေရဲ့ ပံပိုးမှုနဲ့အတူ The Voice Myanmar ကို ရောက်လာခဲ့တဲ့ “ဇော်လေး” တစ်ယောက် မိသားစုအတွက် ဘာပြန်လုပ်ပေးနိုင်မလဲ..?

 


ကောင်းဘွိုင်ဦီးထုတ် မျက်မှန်အနက် ဆံပင်အရှည်နဲ့ လုံးဝအလန်းစား ဦးချွန်ဖိနပ် တစ်ဒေါက် ဒေါက်နဲ့ စင်ပေါ်တက်လာတဲ့ ပြိုင်ပွဲဝင်ကြောင့် ပရိသတ်တွေအားလုံး လက်ဖျားခါသွားပါတယ်။ တစ်ဖက်လှည့်နေရတဲ့ နည်းပြတွေကိုယ်တိုင်လည်း ဘာကြောင့်လဲ လို့ ပဟေဋိဖြစ်နေရပါတယ်။

Rock အပြင်းစား အသံနဲ့ “Everytime It Rains” သီချင်းကို  သီဆိုမှုက တစ်ကယ့်ကို ထူးခြားနေလို့ နည်းပြတွေအားလုံး လှုပ်လှုပ်ရှားတွေ ဖြစ်ကုန်ကြပါတယ်။ The Voice Myanmar Blind Audition episode 5 မှာ အထူးခြားဆုံး ပြိုင်ပွဲဝင်တစ်ယောက်ကို ပရိတ်တွေ လက်မလွတ်စေချင်ပါဘူး (မကြည့်လိုက်မိရင် နောင်တရမှာစိုးလို့ပါ)



နောက်ထပ်တစ်ဦးကတော့ “Micky” ပါ။ သီချင်းဆိုတာ ဝါသနာပါပေမယ့် ကျောင်းစာတွေနဲ့ မအားလပ်ခဲ့လို့ ပြိုင်ပွဲတွေ မဝင်ခဲ့ဖူးတဲ့ “Micky” အတွက် The Voice Myanmar က ပထမဦးဆုံး အတွေ့အကြုံပါ။

“More Than Words” ဆိုတဲ့ လွယ်မယောင်နဲ့ ခက်တဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ “Micky” အတွက် အဖြေက ဘာဖြစ်လာမလဲ..?

 


နီနီခင်ဇော်ရဲ့ “Beautiful Girl” သီချင်းနဲ့ နောက်ထပ်ယှဉ်ပြိုင်ခဲ့သူကတော့ “ဝေနှင်းပွင့်” ဖြစ်ပါတယ်။

ရက်ပ်စာသားတွေပါတဲ့ သီချင်းကို မြူးမြူးကြွကြွ သီဆိုနေတဲ့အချိန်မှာ ဒိုင်တွေအားလုံးက ခလုတ်နှိပ်ပြီး လှည့်ဖို့ အချိန်တစ်ခုကို စောင့်နေကြတာ တွေ့မြင်ရပါတယ်။ နည်းပြတွေ “ဝေနှင်းမောင်” အတွက် ခလုတ်နှိပ်မိဖြစ်ကြရဲ့လား ဆိုတာကတော့ စိတ်လှုပ်ရှားစရာ အချိန်လေးတွေပါပဲ။



အခုတစ်ယောက်ရဲ့ သီဆိုမှုကို ကြည့်ပြီးသွားတာနဲ့ “ဝိုး..”လို့ ဖြစ်သွားရအောင် သီဆိုယှဉ်ပြိုင်ခဲ့သူက “Timmy” ပါ။ အော်လ်တာနေးတစ်ဆရာကြီး ဒိုးလုံးရဲ့ “မချစ်ဘူးမပြောပါနဲ့” သီချင်းဟာ Timmy ရဲ့ ကိုယ်ပိုင် ဆိုပေါက်ဆိုဟန်တွေ ပြည့်နှက်စွာနဲ့ ရင်ထဲမှာ ဆိုပြချင်တဲ့အတိုင်း ရဲရဲဝံ့ဝံ့ဆိုပြခဲ့တာဖြစ်လို့ သတ္တိအလွန်ကောင်းတဲ့ ပြိုင်ပွဲဝင်တစ်ယောက်လို့ မြင်မိပါတယ်။

ဒါပေမယ့် ပရိသတ်တွေ ကြိုက်နေကြရုံနဲ့ မပြီးသေးပါဘူး၊ နည်းပြလေးဦးရဲ့ ရွေးချယ်မှုကသာ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ လိုအပ်တာကြောင့် ပရိသတ်အကြိုက်နဲ့ ထပ်တူကျမယ့် နည်းပြတစ်ယောက်တစ်လေများ ရှိနိုင်ပါ့မလား..?


The Voice Myanmar Blind Audition episode 5 ကတော့ ကြည့်လို့မဝတဲ့ကြားထဲကပဲ ပြီးဆုံးသွားခဲ့ပြန်ပါပြီ။ ဒီတစ်ပတ်မှာလည်း နည်းပြတွေက ပြိုင်ပွဲဝင်တွေအပေါ် လေးလေးစားစားနဲ့ ကွန်မန့်တွေ ပေးခဲ့သလို အတူယှဉ်တွဲပြီး သီဆိုဖျော်ဖြေခဲ့မှုတွေက ပရိသတ်တွေရော ပြိုင်ပွဲဝင်တွေရဲ့ နှလုံးသားကို ကြည်နူးစေနိုင်ခဲ့မယ်လို့ ယုံကြည်ပါတယ်။

ပြိုင်ပွဲဝင်တွေအနေနဲ့လည်း Winner ဖြစ်ရေး မဖြစ်ရေးထက် သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ The Voice Myanmar ကို ယှဉ်ပြိုင်ခဲ့ရတဲ့ အချိန်လေးတွေက ဘယ်တော့မှ မမေ့နိုင်တဲ့ တစ်သက်တာ အမှတ်တရ ဖြစ်ကျန်နေခဲ့မယ်ဆိုတာ သေချာလို့နေပါတယ်..။
လာမယ့်တနင်္ဂနွေနေ့ ညမှာလည်း ဘယ်လိုပြိုင်ပွဲဝင်တွေက နည်းပြတွေ ရွေးရခက်အောင် အစွမ်းကုန်ယှဉ်ပြိုင်သွားကြမလဲဆိုတာ စောင့်မျှော်ရပါဦးမယ်။


The Voice Myanmar.. We Proud Of You..!!
 

News