News

Blind Audition နောက်ဆုံးညမှာ သူတို့ ဘာတွေမျှော်လင့်ခဲ့ကြလဲ..?

24 Mar 2018

1,443 Views


ဒီတစ်ပတ်ကတော့ The Voice Myanmar Blind Audition ရဲ့ ဆဋ္ဌမမြောက် Episode 6 နောက်ဆုံးအပတ် ယှဉ်ပြိုင်မှုပဲဖြစ်ပါတယ်။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်မယ့် နေ့လည်းဖြစ်လို့ အကောင်းဆုံးသော ပြိုင်ပွဲဝင်တွေကိုလည်း အားရကျေနပ်စရာကောင်းလောက်အောင် ကြည့်ရှုခဲ့ရပါတယ်။

နည်းပြတွေအနေနဲ့လည်း အရင်အပတ်တွေက ပြိုင်ပွဲဝင်တွေကို တဒိုင်းဒိုင်းနှိပ်ပြီး ရွေးချယ်ခဲ့ပြီမို့ သူတို့ကိုယ်စီမှာ သတ်မှတ်ထားတဲ့ ပြိုင်ပွဲဝင် (၁၂)ဦးကလည်း ပြည့်လုပြည့်ခင်ဖြစ်နေပါပြီ။ ဒါကြောင့် လိုအပ်နေသေးတဲ့ ပြိုင်ပွဲဝင်တွေရဲ့နေရာကို ဖြည့်နိုင်ဖို့ ယခုအပတ်မှာတော့ ပို၍ပို၍ သတိထားပြီး အရည်အချင်းပြည့်ဝ အလားအလာရှိတဲ့ ပြိုင်ပွဲဝင်တွေကိုသာ ရွေးချယ်သွားတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီတပတ်ရဲ့ Blind Audition က ပိုပြီးရင်ခုန်စရာ ဖြစ်လာပါတယ်။

ပထမဦးဆုံးယှဉ်ပြိုင်မယ့်သူက “Mark Jason” ဖြစ်ပါတယ် အသက် ၂၅ နှစ်ရှိပြီဖြစ်ပြီး ယခင်ကတော့ ILBC ကျောင်းက ကလေးတွေကို ဂိုက်လုပ်ပေးရင်း အင်္ဂလိပ်စကားပြောဆရာ အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ဝါသနာနဲ့ဘဝ တစ်ထပ်တည်းကျစေဖို့ စာသင်တဲ့ဆရာအဖြစ်ကနေ ရန်ကုန်မြို့ရဲ့ ညနေခင်းဘဝတွေထဲကို အဆိုရှင်တစ်ဦးအဖြစ် ချဉ်းနင်းဝင်ရောက်ခဲ့ပါတယ်။

“Mark Jason” က ဂျက်စတင်ဘီဘာရဲ့ “Love Yourself” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ သီးချင်းစပြီးဆိုလိုက် ကတည်းက နည်းပြတွေအားလုံးရဲ့ အာရုံစိုက်မှုကို ခံရပါတယ်။ ဒါ့အပြင် သီချင်းထဲမှာ Beatbox လို ပုံစံမျိုးတွေ ထည့်ဆိုသွားတဲ့အခါမှာတော့ မလှည့်လာသေးတဲ့ နည်းပြတွေတောင် သူဘာတွေလုပ်နေပါလိမ့်လို့ အံ့သြခဲ့ရပါတယ်။ သီချင်းကို ခံစားမှုအပြည့်နဲ့ တည်တည်ငြိမ်ငြိမ်လေး သီဆိုသွားနိုင်ခဲ့တဲ့ “Mark Jason” အတွက် နည်းပြ ၃ ဦး လှည့်လာခဲ့ပါတယ်။
ဘယ်သူတွေများဖြစ်မလဲ..? “Mark Jason” ကိုရော ဘာတွေများ ထပ်ပြီး ပညာစမ်းဦးမလဲ..?
နောက်ဆုံးမှာ “Mark Jason” က ဘယ်နည်းပြရဲ့ အဖွဲ့ဝင်ဖြစ်သွားလိမ့်မလဲဆိုတာ အရသာမပျက်စေချင်ပါဘူး..။



ပေါင်းတည်သားလေး “ရိုင်ယန်ထွန်း” က ဒီတစ်ပတ်အတွက် ဒုတိယမြောက် သီဆိုယှဉ်ပြိုင်သူပါ။ မိခင်နဲ့ ညီဖြစ်သူတို့ ကွယ်လွန်သွားခဲ့ပြီးနောက် စိတ်ခံစားချက်များစွာနဲ့အတူ သားအဖနှစ်ယောက် အတူတူဖြတ်ကျော်ခဲ့တဲ့ရတဲ့ အကြောင်းတွေ ပြောပြတော့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒီအကြောင်းတွေကိုတော့ နည်းပြတွေ လုံးဝ(လုံးဝ) သိခွင့်မရှိခဲ့ပါဘူး။

တေးရေးတေးဆို L Dကျော် ရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ “မင်းပြန်ခဲ့ပါ” သီချင်းကို မူရင်းနဲ့ လုံးဝမတူပဲ ပုံစံပြောင်းလဲကာ Rock ဆန်တဲ့ သူ့ရဲ့ပင်ကိုယ်အသံနဲ့ သီဆိုခဲ့ပါတယ်။ သီချင်းတစ်ပိုဒ်လောက်အပြီးမှာ လင်းလင်းဆီက ‘ကြိုက်တယ်’ ဆိုတဲ့ မှတ်ချက် စကြားရသလို နီနီခင်ဇော်ကလည်း ‘အရမ်းမိုက်တယ်’ လို့ မလှည့်လာကြသေးပဲ မှတ်ချက်ပေးနေပါပြီ။ ကျားပေါက်ကတော့ လင်းလင်းကို ခလုပ်နှိပ်ဖို့ လှမ်းပြောနေပါတယ်။

ဒါပေမယ့် သီချင်းက အဆုံးပိုင်းရောက်လာသည့်တိုင် နည်းပြတွေက ရွေးမလား၊ မရွေးဘူးလား ဆိုတဲ့ နှစ်ခုကြားမှာ ဆုံးဖြတ်ရ ခက်နေဟန်တူပါတယ် အားလုံးရဲ့ စိတ်လှုပ်ရှားမှုနဲ့အတူ လက်တွေကလည်း ခလုပ်နားမှာ ဝေ့ဝဲနေပါတယ်။
“ရိုင်ယန်ထွန်း” ကို သူတို့ထဲက တစ်ယောက်ယောက် ရွေးဖြစ်ခဲ့ရဲ့လားဆိုတာကတော့.. ရင်ခုန်စရာပါပဲ..။
 

 


Blind Audition ရဲ့ အပတ်စဉ်တစ်ခုချင်းစီတိုင်းမှာ သတိထားမိတာက ပြိုင်ပွဲဝင်နာမည် အဆန်းလေးတွေ တစ်ယောက်တော့ အမြဲပါလာတတ်တယ်ဆိုတာပါပဲ။ ဒီတစ်ခါလည်း တတိယမြောက်ပြိုင်ပွဲဝင်ရဲ့ အမည်က “Lito” ပါတဲ့။
ပြိုင်ပွဲကို အတူလိုက်လာပြီး အားပေးတဲ့ “Lito” ရဲ့ ဇနီးကတော့ သူ့ရဲ့အသံချိုချိုလေးကို ကြိုက်တယ်လို့ ဆိုပါတယ်။

အစိုင်း ရေးသားပြီး ဟန်ထွန်းသီဆိုထားတဲ့ “ခေါင်းနဲ့ပန်း” သီချင်းနဲ့ သီဆိုခဲ့ပါတယ်။ “Lito” ရဲ့ သီဆိုမှုဟာ တစ်ချက်တစ်ချက် ဟန်ထွန်းကို သတိရသွားစေပါတယ်။ The Voice Myanmar မှာ ဒီလိုမူရင်းအဆိုတော်နဲ့ အသံ၊ ဆိုပေါက် ဆင်တူမှုတွေကို နည်းပြတွေအားလုံးက မနှစ်သက်တတ်ပါဘူး။ ထူးခြားတဲ့ အသံပိုင်ရှင်အသစ်ကို ရှာဖွေနေတာ The Voice Myanmar ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်လို့ ဒီလိုအခြေအနေမျိုးတွေဟာ ပြိုင်ပွဲဝင်တွေ အတွက်တော့ အလွန်အန္တရာယ်များပါတယ်။
“Lito” ရဲ့ သီဆိုမှုကို ကိုယ်တိုင်ကြည့်ရှုပြီးမှ နည်းပြတွေရဲ့ ဆုံးဖြတ်ချက် မှန်/မမှန် ဆိုတာကို ကိုယ်တိုင်ခံစား သုံးသပ်ကြည့်စေချင်ပါတယ်။



ဒီတစ်ပတ်အတွက် ပထမဦးဆုံး အမျိုးသမီး ပြိုင်ပွဲဝင်က “မြက်မြက်မျိုးထက်” ဖြစ်ပါတယ်။ အင်္ဂလိပ်စာမေဂျာနဲ့ ဘွဲရထားပြီး MBA တက်ဖို့ ပြင်ဆင်နေတဲ့ “မြတ်မြတ်မျိုးထက်” က “Lay Me Down” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။

ရန်ရန်ချမ်းက ‘ဘယ်လိုလုပ်ရမလဲ’ လို့ အားလုံးကို လှမ်းမေးချိန်မှာ ကျားပေါက်က ‘ကာလာကြိုက်တယ်’ လို့ ပြန်ပြောခဲ့ပါတယ်။ ဒါပေမယ့် နှိပ်မလိုလိုနဲ့ တစ်ယောက်မှ မနှိပ်သေးပါဘူး။
နည်းပြတွေဟာ အရင်အတွေ့အကြုံတွေအရ နှိပ်ပြီးရွေးချယ်ပြီးကာမှ ပြိုင်ပွဲဝင်တွေ အသံကြောင်သွားတာ ကီးချော်သွားတာတွေ ကြုံခဲ့ဖူးတဲ့အတွက် အခု Blind Audition နောက်ဆုံးအပတ်မှာ ဒီဟာကို အတော်လေး သတိထားပြီး ရွေးချယ်နေတာကို တွေ့ရပါတယ်။



ဆရာကိုငှက် (ထူးအိမ်သင်)ရဲ့ “စိမ်းရက်လေအား” သီချင်းကို အားအင်အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့သူက “ဆုလဲ့နှင်း” ဖြစ်ပါတယ်။ အသက် ၂၄ နှစ်ဖြစ်ပြီး ဘဏ်ဝန်ထမ်းအဖြစ် အလုပ်လုပ်နေသူဖြစ်ပါတယ်။ သီချင်းကို စဆိုလိုက်ပြီဆိုရင်ပဲ မျက်စိထဲမှာ တန်းကနဲ ပြေးမြင်မိလိုက်တာ ‘ချောစုခင်’ ပါ။

တစ်ကယ့်ကို ချောစုခင်ရဲ့ အသံကာလာနဲ့ “ဆုလဲ့နှင်း” ရဲ့ အသံကာလာက ဆင်တူနေပါတယ်။ “စိမ်းရက်လေအား” သီချင်းကို အဲ့ဒီလိုအသံကာလာလေးနဲ့ သီဆိုသွားတာက တစ်မျိုးလေး နားထောင်လို့ ကောင်းနေပါတယ်။ ဒါပေမယ့်လည်း နည်းပြတွေရဲ့ အဆုံးအဖြတ်ကသာ အဓိကကျနေတာမို့ သူတို့ ဘယ်လိုဆုံးဖြတ်ခဲ့ကြလဲဆိုတာ.. စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
 

 


မယ်လိုဒီလေးတွေ စရွတ်ပြီး သီဆိုယှဉ်ပြိုင်သွားခဲ့သူကတော့ “ထားထား” ဖြစ်ပါတယ်။ ‘ဒီကမ္ဘာကြီးအဆုံးကို ကိုယ်သွားမယ်’ သီချင်းစာသားတစ်ကြောင်း စဆိုတဲ့အချိန်မှာ မျက်ခုံးနှစ်ဖက်လုံး ပင့်ခဲ့ရသူက လင်းလင်းပါ။

“မိုင်ပေါင်းကုဋေ” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ “ထားထား” က လှည်းကူးမြို့ကဖြစ်ပါတယ်။ “ထားထား” အတွက် အဆုံးအဖြတ်က ဘယ်လိုဖြစ်လာနိုင်မှာလဲ..?
 

 


ဒီတစ်ပတ်မှာတော့ ထိပ်ဆုံးက အမျိုးသားပြိုင်ပွဲဝင်နှစ်ယောက် အပြီးမှာ ဆက်တိုက်ဆိုသလို တက်လာတာက အမျိုးသမီးပြိုင်ပွဲဝင်တွေချည်းဖြစ်ပါတယ်။
အခုတစ်ယောက်ကလည်း အသက် ၁၉ နှစ်သာရှိသေးပေမယ့် အဆိုပိုင်းမှာတော့ အဆိပ်ပြင်းတယ်လို့ ပြောရမယ့် “Grace Monica” ပါ။

“Eyes Nose Lips” သီချင်းကို စဆိုကတည်းက နည်းပြတွေ လှုပ်စိလှုပ်စိဖြစ်နေကြပါပြီ။ ကျားပေါက်ကတော့ အသံကာလာလှတယ် ဆိုတာကိုပဲ ထပ်ကာထပ်ကာ ပြောနေပါတယ်။ တစ်ချိန်တည်းမှာပဲ ရန်ရန်ချန်းကို နှိပ်ဖို့ တိုက်တွန်းနေပါတယ်။
နီနီခင်ဇော်နဲ့ လင်းလင်းကတော့ ဘယ်လောက်ထိ ကောင်းအောင် သီဆိုနိုင်ဦးမလဲလို့ မျှော်လင့်နေတုန်းပါပဲ။ သူတို့ကိုကြည့်နေရင်း တစ်ယောက်ယောက်ကတော့ ကျိမ်းသေလှည့်ဖြစ်လိမ့်မယ်လို့ ထင်နေမိပါတယ် ဒါပေမယ့် ဘယ်သူလဲဆိုတာတော့ မခန့်မှန်းနိုင်သေးပါဘူး..။
 

 


ဦးကျော်ဟိန်းခေတ်ထဲကနေ ဒီနေ့ အာဇာနည်အထိ တောက်လျှောက် လူကြိုက်များအောင်ပွဲခံလျှက်ရှိတဲ့ “အချစ်ခေါ်သံ” သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့သူက တောင်ကြီးမြို့က “အိမ်လင်းနောင်” ဖြစ်ပါတယ်။ (ဒီနာမည်လေးကလည်း ဆန်းတယ်နော်)

Crack Tone တွေ အပြည့်ထည့်ပြီး သီဆိုချိန်မှာ နီနီခင်ဇော်က လင်းလင်းကို လက်ညိုးထိုးထားပြီး ပုံစံတူတယ်နော်လို့ ရည်ညွှန်းချင်ပုံရပါတယ်။ “အိမ်လင်းနောင်” ကလည်း စင်ပေါ်မှာ တစ်ရစ်ပြီးတစ်ရစ် ပညာတွေပြပြီး ဆိုလာပါတယ်။
လင်းလင်းက ရန်ရန်ချန်းကို လှည့်မလားလို့ အဖော်ညှိနေပါတယ်၊ ရန်ရန်ချန်းက ခလုပ်နားကို ဖွဖွလေး လက်ကို ဝဲပြလိုက်ပါတယ်။
“အိမ်လင်းနောင်” ကို လိုက်အားပေးတဲ့ တစ်ယောက်ကလည်း နောက်ဘက်ကအခန်းထဲမှာ ရင်တွေတစ်အား ခုန်နေပါပြီ.. အဲဒီခံစားမှုရသ အကုန်လုံးကို ပရိသတ်တွေလည်း အပြည့်ရစေချင်ပါတယ်..။



သီချင်းတစ်ပုဒ်ရဲ့  သံစဉ်ကီးမှာ အမျိုးသမီးထက် အမျိုးသားက ဘားတစ်ဝက်(Half bar) လောက် ကီးနိမ့်တယ်လို့ ကြာဖူးပါတယ်။ ဒါကြောင့် အမျိုးသမီးသီချင်းတွေကို အမျိုးသားက ပြန်လည်သီဆိုတဲ့အခါ များသောအားဖြင့် ကီးပြန်နှိမ့်ပေးရတတ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံက အသံပါဝါအမြင့်စား Rock အဆိုတော် တင်ဇာမော်ရဲ့ “စုန်းမ” သီချင်းကို ကီးမနှိမ့်ပဲ (ထင်မိတာပါ) ဒီတိုင်းပြန်ဆိုတဲ့ အမျိုးသားပြိုင်ပွဲဝင် “သော်ဒီ” ကတော့ တစ်ကယ့် အံ့မခမ်းပါပဲ။

သူဆိုတာကို ကြည့်နေရင်း ဆိုမှဆိုနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်နေမိပါတယ်၊ ဒါပေမယ့် သူကတော့ အေးဆေးပါပဲ။ အဲဒီလို ကီးအမြင့်အတိုင်း သီဆိုသွားလို့ နီနီခင်ဇော်ကိုယ်တိုင် မိန်းကလေးတစ်ယောက် ဆိုနေတာလို့ ထင်မှတ်ခဲ့ပါတယ်။
သီချင်းဆိုပြိုင်ပွဲ အတွေ့အကြုံတွေရှိပြီး အခြားပြိုင်ပွဲတွေမှာ Top စာရင်းထဲဝင်ခဲ့တဲ့ “သော်ဒီ” အခြားသီချင်းဆိုပြိုင်ပွဲတွေနဲ့ မတူတဲ့ The Voice Myanmar Blind Audition မှာရော ကျော်ဖြတ်နိုင်ပါ့မလား ဆိုတာက ရင်မောစရာပါပဲ။
    

 


The Voice Myanmar ရဲ့ Blind Audition ကတော့ လုံးဝအောင်မြင်စွာ ပြီးစီးသွားပါပြီ။ နည်းပြ ၄ ဦးရဲ့ အဖွဲ့တွေမှာလည်း အရည်အချင်းပြည့်ဝတဲ့ အသင်းသား ၁၂ ဦး ကိုယ်စီရရှိသွားကြလို့ သူတို့ရဲ့ မျှော်လင့်ချက်တွေ ပြည့်စုံသွားကြမယ်လို့ မျှော်လင့်ပါတယ်။
ဒီလိုအရည်အချင်း အပြည့်ရှိပြီးသား အသင်းသားတွေကို နည်းပြတွေက Battle Round အတွက် ဘယ်လိုမွမ်းမံပြီး လက်နက်တွေ တပ်ဆင်ပေးထားဦးမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ အပြည့်နဲ့ ကြည့်ကြရဦးမှာဖြစ်ပါတယ်။ The Voice Myanmar အစီစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ ည ၉ နာရီ MRTV 4 ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

Blind Audition ကို ဖြတ်ကျော်အောင်မြင်သွားကြသူတွေနဲ့ ဘယ်နည်းပြတွေက ဘယ်ပြိုင်ပွဲဝင်တွေကို ပိုင်ဆိုင်ထားကြပြီလဲဆိုတာကိုလည်း ဤနေရာမှာ ဝင်ရောက် ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။

News